ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာများမှ
အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း ယခုနှစ်တွင် ခေတ်သစ်မူးယစ်ဆေးဝါးများ၊ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အဆမတန်ပေါများလာသည်နှင့်အညီ ကိုးကန့်ဒေသခံ ပြည်သူလူထုနှင့် လူငယ်ထုများမှ မူးယစ်ဆေးဝါးသုံးစွဲသည့် အလေ့အထတစ်ခု ဖြစ်ထွန်းလာခဲ့ပြီး မူးယစ်ဆေးဝါး သားကောင်ဘဝ ရောက်ရှိနေကြပါကြောင်း၊ မိမိတို့ ကိုးကန့်ဒေသအတွက် လူအရင်းအမြစ်များ လေလွင့်ဆုံးရှုံးနေရခြင်းအပေါ် အားလုံးမှ ပါဝင်တိုက်ဖျက် ဆောင်ရွက်ကြရန် တာဝန်ရှိကြသကဲ့သို့ ဆေးကုသစခန်းနှင့် ပြန်လည်ထူထောင်ရေး စခန်းများဖွင့်လှစ်ပြီး ပညာပေးပြန်လည်ပျိုးထောင်ရန် လိုအပ်မည်ဟု ယုံကြည်ယူဆရမိပါကြောင်း၊ ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးစခန်းခွဲ ဖွင့်လှစ်နိုင်ရေးအတွက် ယခင်ကပိတ်သိမ်းထားသော လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းဟောင်းမြေနေရာများမှာ ၄.၅ ဧက ကျယ်ဝန်းပြီး နှစ်ထပ်တိုက်တစ်လုံးနှင့် တစ်ထပ်တိုက် ၁၆ လုံးရှိပါကြောင်း၊ မြေလွတ်ဧက ၁၁.၅ ဧက အရန်သင့်ရှိပြီး ဖြစ်ပါကြောင်း၊ လွယ်ကူစွာ အသုံးပြုနိုင်ပြီး မူးယစ်ဆေးဝါးကုသရေးနှင့် ပြန်လည်ထူထောင်ရေး စခန်းခွဲဖွင့်လှစ်ရန် အနေတော်အဆင့် အတန်းရှိပါသဖြင့် ကိုးကန့်ဒေသ လူအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ရန်နှင့် ပညာပေး ပြန်လည်ပြုစု ပျိုးထောင်ပေးနိုင်ရန်အတွက် ဆေးကုသစခန်းပြန်လည်ထူထောင်ရေးစခန်းခွဲ ဖွင့်လှစ်ပေးမည့် အစီအစဉ်များကို သိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မူးယစ်ဆေးဝါးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းသို့ (၂၉.၇.၁၉၆၃) ရက်နေ့တွင် လည်းကောင်း၊ ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ဒီဇင်ဘာလ (၂၀.၁၂.၁၉၉၅) ရက် နေ့တွင်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်သယ်ဆောင် ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို (၉.၉.၁၉၉၁) ရက် နေ့တွင်လည်းကောင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ (၂၀.၂.၁၉၇၄) ရက်နေ့တွင် မူးယစ်ထုံထိုင်းဘေး ဖြစ်စေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ (၂၇.၁.၁၉၉၃) ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့ပြီး (၁၇.၇.၁၉၉၅) ရက်နေ့တွင် နည်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်းဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့သည့်အတွက် (၂၀.၂.၁၉၇၄) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဆိုင်ရာနှင့် ၁၉၇၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နည်းဥပဒေများကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါကြောင်း၊
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ကို ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၀၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့မှာလည်း (၅)ကြိမ်ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာ မူးယစ်ဆေးစွဲသူများကို ဆေးဝါးကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်(ဖယ်ခုံ)တွင်ရှိသည့် ရွှေပြည်အေးလူငယ်ပြုစုပျိုးထောင်ရေးစခန်း၊ မူဆယ်မြို့နယ် (တီးမ) ကျေးရွာမှာရှိသည့် ရွှေပြည်သစ်လူငယ်ပြုစု ပျိုးထောင်ရေးစခန်းနှင့် ပြည်မြို့ (ဝက်ထီးကန်)ရှိ ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (၃)ခုတို့လည်း ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊
တစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးစွဲ ရောဂါကုသရေး ဌာနကြီးနှင့်ဌာနငယ် စုစုပေါင်း ၇၃ ခုကိုလည်း ဖွင့်လှစ်ထားရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးစွဲသူများ ဆေးကုသပေးနိုင်ရေးအတွက်ကို မူးယစ်ဆေးစွဲ ရောဂါကုဌာနကြီး (၄)ခုကို လားရှိုး၊ တောင်ကြီး၊ လွိုင်လင်နှင့် ကျိုင်းတုံမြို့တို့တွင်လည်းကောင်း၊ မူးယစ်ဆေးစွဲရောဂါကုဌာနငယ် ၂၀ ခုကို ကလော၊ မိုင်းရှူး၊ ခိုလန်၊ ကွန်ဟိန်း၊ မိုးမိတ်၊ ကျောက်မဲ၊ မူဆယ်၊ မုံကိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ပန်ဆန်း၊ လောက်ကိုင်၊ ကွမ်းလုံ၊ နမ့်ဆမ်၊ မန်တုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းတို့တွင် လည်းကောင်း၊ ပြန်လည်ထူထောင်ရေးစခန်းတစ်ခုကို လားရှိုးမြို့တွင်လည်းကောင်း ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ဆိုးကျိုးများ လျော့ပါးစေရေးအတွက်ကို Harm Reduction လုပ်ငန်း အစီအစဉ်အရ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် အာရှဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ် တတ်သော နောက်ဆက်တွဲ ဆိုးကျိုးများလျော့ပါးရေးကွန်ယက်၊ မူးယစ်ဆေးဝါးသုံးစွဲမှု သုတေသနအဖွဲ့၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ရှမ်ပြည်နယ်မြောက်ပိုင်းဒေသရှိ မြို့နယ်တို့တွင် မူးယစ်ဆေးစွဲသူ လူငယ်များအတွက် အန္တရာယ်လျော့ချရေး ဝန်ဆောင်မှုများပေးခြင်း၊ ဆေးကုသနိုင်ရန်အတွက် ပို့ဆောင်ပေးခြင်း လုပ်ငန်းများကို(Drop in Centre)များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လောက်ကိုင်တွင်ရှိသည့် ရန်လုံကျိုင်းပြုပြင်ထိန်းသိမ်းရေး စခန်းဟောင်းအား မူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးကုသစခန်းနှင့် ပြန်လည်ထူထောင်ရေးစခန်းအဖြစ် ဖွင့်လှစ်နိုင်ရန် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ တင်ပြချက်အရ သက်ဆိုင်ရာတာဝန်ရှိသူများသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ၎င်းစခန်းဟောင်းနေရာတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ပိုင်ဆိုင်ပြီး မြေဧရိယာ ၄.၅ ဧက ကျယ်ဝန်းပြီး နှစ်ထပ်တိုက် (၁)လုံး၊ တစ်ထပ်တိုက် အခန်းငယ် ၁၆ လုံးကို ကွင်းဆင်းစစ်ဆေးသည့် အဖွဲ့များစစ်ဆေးပြီး နောက်ပိုင်းတွင် (၉.၂.၂၀၁၅) ရက်နေ့တွင် ကိုးကန့်သောင်းကျန်းသူ အဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ၁၇-၂-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၁/၂၀၁၅) ဖြင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အမိန့်အမှတ် (၂/၂၀၁၅) ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ၁၈-၅-၂၀၁၅ ရက်နေ့တွင် အမိန့်အမှတ် (၃/၂၀၁၅) နှင့် (၄/၂၀၁၅) တို့ကို ထုတ်ပြန်ပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေရောက်ရှိစေရန်အတွက် ဆောင်ရွက်ခဲ့ရပါကြောင်း၊
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် ဝက်ထီးကန်၊ ရွှေပြည်သာစသည့် ပြန်လည်ထူထောင်ရေးစခန်းအား ဖွင့်လှစ်ထားရှိပြီး မူးယစ်ဆေးစွဲသူလူနာများ၏ ပြန်လည်ထူထောင်ရေးအတွက်ကို သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား ဆေးဝါးကုသပေးခြင်းကို လောက်ကိုင် ခရိုင်ဆေးရုံကြီးတွင် ဖွင့်လှစ်ထားရှိသည့် မူးယစ်ဆေးစွဲရောဂါကု ဌာနငယ်မှာ ဆေးဝါးကုသပေးနိုင်မည်ဖြစ်ပြီး လိုအပ်သော ဆေးဝါးများကုသမှုပြီးပါက ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် လားရှိုးပြန်လည်ထူထောင်ရေး စခန်းမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာ သင်တန်းဖွင့်လှစ် လေ့ကျင့်ပေးနိုင်သည့် အပြင် သင်တန်းဆင်းပြီးသည့် သင်တန်းသားများအား စောင့်ကြည့်ကြပ်မတ်ရေးအတွက်ကို ပြန်လည်ထူထောင်ရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်မည့် ရပ်ရွာအခြေပြုစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းကို စိတ်ပါဝင်စားသူ ဒေသခံများအား (၁)လကြာ သင်တန်းများကိုလည်း လောက်ကိုင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပို့ချလေ့ကျင့်ပေးနိုင်မည် ဖြစ်သည့်အတွက် ရန်လုံကျိုင်းပြုပြင်ထိန်းသိမ်းရေး စခန်းဟောင်း၊ ဆေးကုသရေးစခန်းနှင့် ပြန်လည်ထူထောင်ရေးစခန်းခွဲ (လားရှိုး)အဖြစ် ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
