(ခ)-မော်တော်ယာဉ်များမပိတ်ဆို့ရေး၊(၁၈)နှစ်ပြည့် ပြီးသူများ တစ်ဦးချင်းအား ကားတစ်စီး တင်သွင်း ခွင့်လျှောက်ထားနိုင်သည်ကိုအမြန်ဆုံးရပ်တန့်ရန်၊ ဘယ်မောင်းကားများပြောင်းလဲသုံးစွဲရေးကိုအမြန် ဆုံးဆောင်ရွက်ပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၈.၁.၂၀၁၆)

မိမိတို့ ငါးနှစ်အတွင်း ပြည်ပကို နယ်စပ်ဂိတ်များမှ တစ်ဆင့်‌တင်သွင်းလာသည့် ယာဉ်အစီး ရေပေါင်းသည် ၆ သိန်းဝန်းကျင်ရှိပါကြောင်း၊ဦးဝင်းဦး (ရေဖြူ) ထို့ကြောင့် မြို့ကြီးများတွင် ယာဉ်ကြောပိတ်ဆို့ပြီး ယာဉ်ရပ်နားရန် အခက်အခဲရှိသည်ကို တွေ့နေရပါကြောင်း၊ အထူးသဖြင့် ရန်ကုန်-မန္တလေး မြို့ကြီးများတွင် ယာဉ်ရပ်ရန် ပါကင်တစ်နေရာအတွက် ခိုက်ရန် ဖြစ်ပွားမှုနှင့် လူသတ်မှုအထိ ဖြစ်လာသည်မှာ စိတ်မကောင်းစရာအဖြစ်အပျက်များလည်း ရှိပါကြောင်း၊ ရန်ကုန်မြို့ကြီးများတွင် ယာဉ်မရပ်ရဆိုပြီး သတ်မှတ်ထားသည့် နေရာအများကြီးရှိပါသော်လည်း ယာဉ်ရပ်နားရန် ဆိုပြီး သတ်မှတ်ပေးထားသည့် နေရာများတွင် မတွေ့ရသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်၊ ဒုတိယမေးခွန်းအဖြစ် အသက်(၁၈) နှစ်ပြည်‌့ပြီးသူတိုင်း ကားတစ်စီး တင်သွင်းခွင့် ရှိတယ်ဆိုပြီး ခွင့်ပြုပေးခဲ့သည့်အပေါ် ဖြစ်သင့်‌/မဖြစ်သင်‌့ဆိုခြင်းကို ပြန်လည်သုံးသပ်စဉ်းစား သင့်သည်ဟုထင်ပါကြောင်း၊ အမှန်တကယ် ကားတင်သွင်းခွင့်‌ ပေးမည်ဆိုပါက Individual 3% (၂၅) နှစ်ကျော်မှသာ ခွင့်‌ပြုသင့်ကြောင်း၊ ၎င်း ကိစ္စများတွင်လည်း Showroom နှင့် ကားရောင်စင်တာ အများကြီးရှိသည့်အတွက်ကြောင့် ထိုနေရာများတွင်လည်း ဝယ်လို့ရပါကြောင်း၊ ၎င်း ကိစ္စအားပြန်လည်စိစစ်ပေးရန်နှင့် နောက်ဆုံးအချက်ဖြစ်သည့် ကားအသစ်များကို ဘယ်မောင်းတင်သွင်းပြီးရောင်းချသော Showroom ကြီးများ ရှိပါကြောင်း၊ ကားအသစ်များကို ဝယ်သည့် နေရာများကို ကားပါကင်ရှိကြောင်း ထောက်ခံစာအား အဆင်‌့ဆင်‌့ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်ထောင်စုအဆင်‌့အထိ ပါကင်ရှိကြောင်းထောက်ခံစာ တောင်းနေရသည့်အတွက် မိမိတို့ နိုင်ငံ၏ လမ်း စည်းကမ်းနှင့်အညီ ဘယ်မောင်းကားများကို သုံးစွဲရန် အားပေးမြှင်တင်မှုများ မထိရောက်ဘဲ လိုအပ်သည့်ကိစ္စ ရပ်များကြောင့် ပြည်သူများဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် အမြန်ဆုံးပြောင်းလဲဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်‌ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းတွင် ယာဉ်ကြောလေးလမ်းသွား အပြည့်အသုံးပြုနိုင်ရန်အတွက် ဘေးနှစ်ဖက်တွင် အလျား ၈၉၀ ပေ၊ အနံ ၁၂ ပေရှိ ယာဉ်ရပ်နားရန် ကားပါကင် နှစ်ခု ၊ ကြည့်မြင်တိုင်မြို့နယ်အထက် ကြည့်မြင်တိုင်လမ်း (ဗားကရားလမ်းနှင့် ဟံသာဝတီ လမ်းကြား) အရှည် ၄၂၀၀ ပေတွင် ယာဉ်သွားလမ်းဘေး၌ ၁၈ ပေအကျယ် ယာဉ်ရပ်နားရန်နေရာနှင့် ဗိုလ်ချုပ်လမ်းနှင့် အထက်ပုဇွန်တောင်လမ်းကြား အလျား ၁၄၀၀ ပေ၊ အနံ ၁၄ ပေရှိ ယာဉ်ရပ်နားနေရာ ကားပါကင်နှစ်ခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထားလမ်းနှင်‌့ ဗန္ဓုလလမ်းကြား) အလျား ၈၃၀ ပေ၊ အနံ ၁၄ ပေ ရှိ ယာဉ်ရပ်နားရန်နေရာ နှစ်ခုကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မော်တော်ယာဉ်များ ယာဉ်ကြောအပြည့် သွားလာနိုင်ရန်အတွက် အင်စိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း(ဂျီတီအိုင်မှ ဒညင်းကုန်းလမ်းဆုံကြား) အရှည် ၁၁၈၀ ပေတွင် ယာဉ်သွားလမ်း ၆ လမ်းသွား အပြည့်မောင်းနှင် နိုင်ရန်အတွက် တစ်ဖက်တစ်ချက်စီတွင် ၂၀ ပေ အကျယ်စီချဲ့ထွင်ခြင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သံသုမာလမ်း(ပါရမီလမ်းမှ လေးထောင့်ကန်လမ်းအထိ) အရှည် ၁၁၄၀ ပေ တွင် ယာဉ်သွားလမ်း ‌ခြောက်လမ်းသွားအပြည့် မောင်းနှင်နိုင်ရန် တစ်ဖက်တစ်ချက်စီတွင် ၁၈ ပေ အကျယ် ချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် လမ်းဆုံနေရာများတွင် ဂုံးကျော်တံတားများ တည်ဆောက်ပေးခြင်း၊ အသစ်ထပ်မံဆောက်လုပ်မည့် အထက်မြင့်အဆောက် အဦများ ဆောက်လုပ်ရာတွင် ကားရပ်နားရန်နေရာပါရှိသော အဆောက်အဦများကို ဆောက်လုပ်စေခြင်း၊ မော်တော်ယာဉ်များ  ညအိပ်ရပ်နားထားရှိနိုင်ရန်အတွက် ကားပါကင်သီးသန့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်‌လည်း မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ကြောကြပ်တည်းမှုမဖြစ်ပေါ်စေရေးအတွက် ဟိုတယ်များနှင့် အထက်မြင်‌့အဆောက်အဦများ ဆောက်လုပ်ခြင်းကို ကားပါကင်ပါရှိခြင်းရှိ/မရှိ စိစစ်ပြီးမှသာ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊

ဒုတိယမေးခွန်းဖြစ်သည့် ၆.၁.၂၀၁၆ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၆) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ပါဝင်သော မော်တော်ယာဉ်တင်သွင်းခြင်းနှင်‌့ သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်  သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီအနေဖြင့် မော်တော်ယာဉ်တင်သွင်းခြင်း ဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ပိုမိုပြည့်စုံစွာ စီစဉ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်‌တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မော်တော်ယာဉ်နှင့် သက်ဆိုင်သော အဖွဲ့အစည်းများ ပညာရှင်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်လမ်းများပေါ်တွင် ခွင့်ပြချက်မရှိဘဲ ညအိပ်ရပ်နားခြင်းများ ဖြေရှင်းနိုင်ရန်အတွက် မော်တော်ယာဉ် အသုံးပြုသူများ စည်းကမ်းတကျရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၁-၁-၂၀၁၅ ရက်နေ့မှစတင်၍ ရန်ကုန်လိပ်စာဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်း ဝယ်ယူတင်သွင်းခြင်း၊ ကုမ္ပဏီများမှ တင်သွင်းခြင်းများအတွက် ကားပါကင်ခွင့်‌ပြမိန့်ပါရှိမှသာ တင်သွင်းရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ကားပါကင်ဝင်ခွင့်ပြုမိန့်များ လျောက်ထားရာတွင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် စတင်လျှောက်ထားရမည်ဖြစ်ပြီး မြိုနယ်စိစစ်ရေးအဖွဲ့မှ အဆိုပြုနေရာများသို့ ကွင်းဆင်းစစ်ဆေး၍ အပတ်စဉ်အနေဖြင့် တနင်္လာနေ့တိုင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့တင်ပြခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထပ်ဆင်‌့စိစစ်၍ အပတ်စဉ် အင်္ဂါနေ့တိုင်း တိုင်းဒေသကြီး ကားပါကင်စိစစ်ရေးအဖွဲ့သို့ တင်ပြခြင်း၊ တိုင်းဒေသကြီးကားပါကင် စိစစ်ရေးအဖွဲ့မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စိစစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့(Cabinet) အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ပြီး မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ အပတ်စဉ် ခွင့်ပြုမိန့်များပေးပို့လျက်ရှိပါကြောင်း၊ ကာယကံရှင်အနေဖြင့် စတင်လျှောက်ထားချိန်မှ ခွင့်ပြုချက်ရရှိသည်အထိ (၂) ပတ်ခန့်ကြာမြင့်နိုင်ပြီး ကားပါကင်ခွင့်ပြုမိန့် လျောက်ထားခြင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခကြေးငွေကောက်ခံခြင်း၊ လျှောက်လွှာ ပုံစံရောင်းချခြင်းများ (လုံးဝ)မရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကားပါကင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ်စိစစ်ရေးအဖွဲ့များကို တင်းကြပ်စွာထိန်းကွပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကားပါကင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခကြေးငွေ တောင်းခံမှုများရှိပါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တိုင်ကြားပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးစနစ်နှင့် ကိုက်ညီသော မော်တော်ယာဉ်များ တင်သွင်းနိုင်စေရန် ၁.၁.၂၀၁၅ ရက်နေ့မှစပြီး မော်တော်ယာဉ် တင်သွင်းခွင့်ပြုရာတွင် ရောက်ရှိခုနှစ်နှင့် တစ်နှစ်နိမ့် မော်ဒယ်ကားအသစ် (Brand New) တင်သွင်းခြင်းအတွက် (ဘယ်မောင်း)သာ ခွင့်ပြုလျက်ရှိပါကြောင်း၊

၇.၉.၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅၅) အရ မော်တော်ယာဉ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မော်တော်ယာဉ် ဥပဒေ၏ အခန်း (၁၃)၊ ပုဒ်မ (၇၅)၊ ပုဒ်မခွဲ(န)တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီသည်‌့ ဘယ်မောင်းယာဉ်များသာ အသုံးပြုရန်ဟု ဖော်ပြထားသည်‌့အတွက် သက်ဆိုင်ရာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ နည်းဥပဒေရေးဆွဲ ထုတ်ပြန်ရာတွင် ကျယ်ပြန့်စွာပါဝင် စေရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။