ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းသည် အလွယ်တကူ ဝယ်ယူရရှိသည့်
မူးယစ်ဆေးဝါးများသုံးစွဲမှုကြောင့် အတိဒုက္ခရောက်နေကြရပြီး မူးယစ် ဆေးဝါးခြိမ်းခြောက်မှုအန္တရာယ်ကို အကြီးအကျယ်ခံစားနေရပါကြောင်း၊ အချို့သော လူမှုအဖွဲ့အစည်း နှင့် ဘာသာရေးအဖွဲ့အစည်းများသည် လွန်ခဲ့တဲ့ ၂ နှစ်ခန့်မှစတင်၍ ပြည်သူလူထုများ ပူးပေါင်း ပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်သူ၊ ရောင်းချ သူ၊ သုံးစွဲသူနှင့် လက်ဝယ်ထားရှိသူများကို ဖော်ထုတ်ဖမ်းဆီးကာ သက်ဆိုင်ရာ ရဲစခန်းများသို့ ဆက် သွယ် အပ်နှံသည်ကို ကြားသိရပါကြောင်း၊ သို့သော် ဝေးလံခေါင်းပါးကျေးလက်ဒေသများတွင် အထက် ဖော်ပြပါအဖွဲ့အစည်းများအနေဖြင့် ရဲစခန်းသို့အပ်နှံခြင်း မပြုဘဲ ဖမ်းဆီးရမိ သက်သေခံ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားခံများကို ဒဏ်ငွေပေးဆောင်စေခြင်းများ ပြုလုပ်လျက်ရှိသည်ကို ကြားသိရသည့် အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် လူထုက ပူးပေါင်းပါဝင်နိုင်ရေး အတွက် နိုင်ငံ တော်က မူဝါဒချမှတ်ထားခြင်း ရှိ/မရှိနှင့် မူဝါဒချမှတ်ထားခြင်းရှိပါက မည်သည့် အချိန်တွင် မည်ကဲ့ သို့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ြ
မန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ ကုလသမဂ္ဂဆိုင်ရာ ကွန်းဗင်းရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းများတွင် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ၁၉၈၉ ၊ ၁၉၉၃၊ ၁၉၉၇၊ ၂၀၀၇ နှင့် ၂၀၁၁ ခုနှစ်တို့တွင် ပြင်ဆင် ဖွဲ့စည်းကာ မူးယစ်ဆေးဝါးပပျောက်ရေးအဖွဲ့ မဟာဗျူဟာ နှစ်ရပ်၊ နည်းဗျူဟာ သုံးရပ်၊ နည်းနိဿယ သုံးရပ်နှင့် လုပ်ငန်းစဉ် ၅ ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အခန်း ၄ ပုဒ်မ ( ၇ ) အရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့၏ အမိန့်ကြော်ငြာစာ ၁/၂၀၁၂ ပညာပေးလှုံ့ဆော်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန် ၆ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အခန်း ၄ ပုဒ်မ ၈ အရ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၅ဖြင့် ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အဆင့်ဆင့်၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များကို သတ်မှတ်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်၏ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပါဝင်သည့် ဖွဲ့စည်းမှုဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ်လည်ကောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၏ အများဆန္ဒနှင့် ရွေးချယ်ခံရသူက အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု စာရေးက တွဲဖက်အတွင်းရေးမှူး အဖြစ်လည်းကောင်း ပါဝင်ဖွဲ့စည်းလျက် လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ထားရှိပြီး ဖြစ်ပါ ကြောင်း၊
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူတစ်ဦးချင်း ပါဝင်ဆောင်ရွက် နိုင်ရန် ၁၉၉၅ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်း ဥပဒေ ၂၀ အရ မည်သူမဆို ဝင်/ထွက်သွားလာနိုင်သည့်နေရာတွင် မိမိရှေ့မှောက်၌ ပြစ်မှုတစ်ခုခုကို ကျူး လွန်နေသည်ကို တွေ့ရှိသည့်အခါ ရှာဖွေမိန့်မပါဘဲ ထိုပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခြင်း၊ သက်သေခံ ပစ္စည်းသိမ်းဆည်းခြင်းများပြုလုပ်နိုင်ပါကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် နှောင့်နှေး ကြန့်ကြာမှု မရှိ စေဘဲ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တစ်ဦးထံသို့ လည်းကောင်း၊ အနီးဆုံးရဲစခန်းသို့ လည်းကောင်း သက်သေခံ ပစ္စည်းများနှင့်တကွ ချက်ခြင်းလွှဲအပ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ ၁ အရ မည်သည့်အရပ်တွင်မဆို မိမိရှေ့မှောက်တွင် အာမခံပေးနိုင်ခြင်း မရှိသည့် ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်စုံတစ်ရာကျူးလွန်သူ သို့မဟုတ် ပြစ်မှုကျူးလွန်ကြောင်း ကြေညာ ခြင်းခံရသူ မည်သူ့ကိုမဆို ဖမ်းဆီးနိုင်ပါကြောင်းနှင့် အကြောင်းမဲ့ ကြန့်ကြားခြင်းမရှိစေဘဲ ရဲအရာရှိ တစ်ဦးထံ သို့မဟုတ် ထိုသူကိုချုပ်နှောင်ပြီး အနီးဆုံး ပြည်သူ့ ရဲတပ်ဖွဲ့စခန်းသို့ ပို့အပ်ရမည် သို့မဟုတ် ပို့အပ်ရန် စီစဉ်ရမည်ဟု ပြည်သူလူထု၏ လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ ပြဋ္ဌာန်း ထားခဲ့ပြီး ဖြစ်ပါကြောင်း၊
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိကြသော ဗဟိုအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့ အစည်းအချို့သည် ပြည်သူလူထုများ ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါးများ ဖွဲ့စည်းခြင်း၊ မူးယစ် ဆေးဝါးထုတ်လုပ်သူရောင်းချသူ၊ သုံးစွဲသူများနှင့် လက်ဝယ်ထားရှိသူများကို ဖော်ထုတ်ဖမ်းဆီးပြီး သက်ဆိုင်ရာ ရဲစခန်းနှင့် အဖွဲ့များကို အပ်နှံပေးပို့မှုများရှိခဲ့ပါကြောင်း၊ ထိုသို့မဟုတ်ဘဲ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ဥပဒေနှင့်အညီ သက်ဆိုင်ရာ ရဲစခန်းများသို့ အပ်နှံခြင်းမရှိဘဲ မိမိတို့ အစီ အစဉ်ဖြင့် ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့သည့် အချို့အဖွဲ့အစည်းများကိုလည်း ပြည်နယ်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့နှင့် သက်ဆိုင် ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များအနေဖြင့် ခေါ်ယူတွေ့ဆုံခဲ့ပြီး မူးယစ် ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ဥပဒေဘောင်အတွင်းက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်ကြရန် ခေါ်ယူသတိပေးပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို မိမိသဘောနှင့် ပျောက်ပျက်စေခြင်း၊ မမှန်သတင်းပေးခြင်း ဆောင်ရွက်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ၇ နှစ် အထိနှင့် ငွေဒဏ်ပါ ချမှတ်နိုင် သည်ကိုလည်းကောင်း၊ တာဝန်ရှိသူများထံသို့ သတင်းပေးရန် ပျက်ကွက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀၂ အရ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည်ကို လည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊
နိုင်ငံတော်အစိုးရမှ ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်ထိ မူယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ မူးယစ် ဆေးဝါး ပပျောက်ရေး ၅ နှစ် စီမံကိန်းရေးဆွဲပြီးပါက ထုတ်လုပ်မှုနှင့် သုံးစွဲမှုပပျောက်ရေးတို့ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေတို့ကို ပြဋ္ဌာန်းပေးခဲ့ပြီး လူထုမှ ပူးပေါင်းပါဝင်စေရေးအတွက် နိုင်ငံတော်မှ မူဝါဒ ချမှတ် ပေးပြီးဖြစ်ပါကြောင်း၊ မူဝါဒနှင့်အညီ နှစ်ရှည်စီမံကိန်း၊ နှစ်စဉ်စီမံကိန်းများရေးဆွဲလျက် ပြည်သူ လူထုနှင့် ပြည်တွင်းရှိ NGO, INGO အဖွဲ့အစည်းများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး INODC အဖွဲ့များနှင့် ပူပေါင်းပါဝင်လျက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
ဦးတီခွန်မြတ်(ကွတ်ခိုင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်သူအများပူးပေါင်းပါဝင်လာနိုင်ရေးအတွက် ဥပဒေအရ ခွင့်ပြုထားသော်လည်း INGO, NGO, CSO များအနေဖြင့် အဆိုပါဥပဒေများကို သိရှိနားလည်ခြင်းမရှိသည့်အတွက် ပြည်သူများ ပူးပေါင်း ပါဝင် လာနိုင်ရန် တွေ့ဆုံရှင်းလင်းမှုများကို ယခုထက်ပိုမို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
မူးယစ်ဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ် လျော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေး လုပ်ငန်းစဉ်ကြီး နှစ်ရပ်ကို ဟန်ချက်ညီညီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဗဟိုအဆင့်တွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက ဦးဆောင်၍လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေးအဖွဲ့ကို မူးယစ်ဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာ ( ၂/၂၀၁၂ )နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အဆင့်အထိ ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ လူထုများ ပိုမိုပူးပေါင်းပါဝင်လာရန် ပြည်သူများ ပညာပေးလှုံဆော်စေရေးအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် ၆ ရပ်ဖြစ်သည့် ကျောင်းသူကျောင်းသားများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများရှောင်ကျဉ်စေရန်နှင့် ပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ပိုမိုထိရောက်စေရေး ကူညီဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်းမပြုရန် ကြိုတင်ပညာပေး လှုံဆော်ခြင်းနှင့် သုံးစွဲသူကို ကုသပေးခြင်း၊ စောင့်ရှောက်ပေးခြင်း၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်နိုင်သည့် အပင်စိုက်ပျိုးနေသူများကို အခြားအစားထိုးသီးနှံများ စိုက်ပျိုးခြင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်ချက်များကို ပိုမိုထိရောက်မှု ရှိစေရေးအတွက် ပြန်ကြားရေးဆိုင်ရာ လှုံဆော်မှုအစီအစဉ်များ ကူညီဆောင်ရွက်ပေးခြင်း၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို ရှောင်ကြဉ်ကြစေရေးအတွက် ရေဒီ ယို၊ ရုပ်မြင်သံကြား၊ ဗီဒီယို၊ ရုပ်ရှင်၊ သတင်း၊ တေးဂီတ စသည့် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့် ပညာပေးရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ခြင်း၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါ စည်းရုံးလှုပ်ရှား ဆောင်ရွက်စေခြင်းသည့် မူဝါဒ လုပ်ငန်းစဉ် ၆ ရပ် ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ထို့ပြင် နှစ်စဉ် မူးယစ်ဆေးဝါးဗဟို အဖွဲ့ အစည်းအဝေးတွင် မူဝါဒလုပ်ငန်းစဉ် ၆ ရပ်၏ ဆောင်ရွက်ချက် အသေးစိတ်ကို တင်ပြမှတ်တမ်းရယူပြီး လာမည့် နှစ်များတွင် ယခုထက်ပိုမိုကောင်းမွန်အောင် မည်သို့ဆောင်ရွက်ရမည်ကို ဆွေးနွေး အတည်ပြု ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။
