(က)-နိုင်ငံတော်တွင် ကျူးကျော်နေထိုင်သူများ အပါ အဝင်များစွာသော ပြည်သူတို့မှာ အိမ်ထောင်စု စာ ရင်းနှင့်နိုင်ငံသားသက်သေခံလက်မှတ်ထုတ်ပေးခြင်း မရှိသေးသဖြင့်လိုအပ်သောဥပဒေ၊နည်းဥပဒေများပြင် ဆင်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၃၁.၁၂.၂၀၁၅)

ဦးတင်မောင်ဦး (ရွှေပြည်သာ)ယနေ့ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မိုးပွင့်(၁) မှ (၇)အထိ အထူးမိုးပွင့်များနှင့် နိုင်ငံသားများအတွက် ဆောင်ရွက်ပေးသော်လည်း မှတ်ပုံတင်မရသည့် နိုင်ငံသားများစွာ ကျန်ရှိနေပါကြောင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ မရသည့်အတွက်ကြောင့် သူတို့၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ မဲပေးခွင့်များမှာ အခွင့်အရေးများ ဆုံးရှုံးနေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အစွမ်းကုန်ဖြေလျော့ပြီး ဆောင်ရွက်ပေးသည် ကိုလည်း တွေ့ရပါကြောင်း၊ သို့သော် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအရ မဆောင်ရွက်နိုင်သည့် လုပ်ငန်းများလည်း ကျန်ရှိနေသည်ကို တွေ့ရပါကြောင်း၊ ယနေ့ နိုင်ငံတော်တွင် ကျူးကျော်နေထိုင်သည့် သူများအပါအဝင် ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းရရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးလိုသည့်မေးခွန်း (၁)မှာ နိုင်ငံသား အားလုံးကို ထုတ်ပေးရန် မည်သို့စီမံထားရှိပါသနည်းနှင့် (၂) မိုးပွင့်(၁) မှ မိုးပွင့်(၇)အထိ အထူးမိုးပွင့်များ ပြုလုပ်သော်လည်း နိုင်ငံသားများ၏ လိုအပ်ချက် အပြည့်အဝမရရှိသေးသည့် အတွက်ကြောင့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

ဒုတိယဝန်ကြီး ဦးဝင်းမြင့်အဆိုပါကိစ္စနှင့်ပတ်သက်၍ စိစစ်ချက်များအရ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ ရွှေ့ပြောင်းနေထိုင်ကြသည့် ပြည်သူများ အများဆုံးတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရွှေပြည်သာ၊ ထန်းတပင်၊ တိုက်ကြီး၊ လှည်းကူး၊ ဒဂုံအရှေ့၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေး၊ သုံးခွ၊ ကော့မှူး၊ ကျောက်တန်း၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာပစသည့် မြို့နယ်အသီးသီးနှင့် အခြားဒေသ အသီးသီးတို့မှ ရွှေ့ပြောင်းဝင်ရောက်ပြီး အခြေချ၍ အလုပ်လာရောက် လုပ်ကိုင်နေကြသည့် မိသားစု များစွာရှိသည်ကို တွေ့ရပါဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးသည် ၂၅-၉-၂၀၁၃ ခုနှစ်နှင့် ၂၈-၉-၂၀၁၃ ရက်နေ့များတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် တွေ့ဆုံပြီး အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးတို့အတွက် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ရွှေ့ပြောင်း ပြည်သူများ၏ အခြေအနေကို လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လေ့လာချက်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုဦးရေစာရင်းမရှိဘဲ လာရောက်နေထိုင်သူပေါင်း ခန့်မှန်းခြေအားဖြင့် အိမ်ထောင်စု ၃၇၇၈၃ စုနှင့် လူဦးရေပေါင်း ၁၆၅၄၃၇ ဦး ရှိကြောင်း တွေ့ရှိရသည့် အတွက်ကြောင့် တည်ဆဲဥပဒေနှင့် နည်းဥပဒေများဖြစ်သော ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့သည့် အချိန်သည် ၃၁-၁၂-၂၀၁၃ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၇၆၇၀ စုနှင့် လူဦးရေပေါင်း ၃၁၆၁၉ ဦးတို့အား အိမ်ထောင်စုဦးရေစာရင်း ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊

သို့သော်လည်း မိမိဌာနအနေဖြင့် စိစစ်ဆောင်ရွက်ပေးရန် ရွှေ့ပြောင်းနေထိုင်သူအများသည် လိုအပ်သောရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှတ်ကန်စွာ ပေးအပ်နိုင်မှုမရှိခြင်း၊ လက်ရှိနေထိုင်ရာဒေသတွင် အမြဲနေထိုင်ကြောင်း အထောက် အထားမရှိခြင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း အမြဲနေထိုင်ကြောင်း ထောက်ခံနိုင်မှုမရှိခြင်း၊ ခွင့်ပြုချက်မရရှိသော နေရာများတွင် ဝင်ရောက်ကျူးကျော် နေထိုင်သူများဖြစ် ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရှိရာ နေရာများသို့ မကြာခဏ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်၍ နေထိုင်ကြခြင်းစသည့် အခြေအနေအမျိုးမျိုးတို့ကြောင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးနိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လူဦးရေစာရင်း ကောက်ယူပြုစုရန် မှတ်ကန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အခက်အခဲများနှင့် တွေ့ကြုံလျက်ရှိပါကြောင်း၊

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ခန့်မှန်းခြေစာရင်းအရ ၁၁၆၂၅၀၀ ဦးခန့်ရှိပါသောကြောင့် မိမိဝန်ကြီးတစ်ခုတည်းဖြင့် ဆောင်ရွက်ပေးရန်မလွယ်ကူဘဲ အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များပါ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပထမမေးခွန်း မေးမြန်းမှုနှင့်ပတ်သက်၍ လက်ရှိတွင် မိမိဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းသွားလာ နေထိုင်သူများ၏ အိမ်ထောင်စုအလိုက် လူဦးရေစာရင်းများအား အနီးစပ်ဆုံးရောက်ရှိနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခင်နေထိုင်ခဲ့သော မြို့နယ်များတွင် စာရင်းရှိ/မရှိ စိစစ်ခြင်း၊ မှန်ကန်ပါက ၎င်း စာရင်းကိုပယ်ဖျက်၍ အမြဲအခြေချနေထိုင်မည့် မြို့နယ်များတွင် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် ထုတ်ပေးပြီးပါက မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းစသည့် လုပ်ငန်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အတတ်နိုင်ဆုံး ဆက်လက်စီမံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ဒုတိယမေးခွန်း မေးမြန်းမှုနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနမှ အိမ်ထောင်စုဦးရေစာရင်း ထုတ်ပေးနိုင်ရေး အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများဖြစ်သော ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများအရလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံသား ဥပဒေဖြင့်လည်းကောင်း၊ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ဥပဒေ၊ နည်းဥပဒေ များကြောင့်မဟုတ်ဘဲ အတည်တကျ နေထိုင်ခြင်းမရှိသည့် မကြာခဏရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားများ တင်ပြနိုင်မှုအခြေအနေများအပေါ် မူတည်၍ ခက်ခဲနေခြင်းများ ဖြစ်သည့်အတွက် ပြင်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတင်မောင်ဦး(ရွှေပြည်သာ) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးအနေဖြင့် တင်ပြခဲ့သည့် ဝန်ကြီးဌာနလုပ်ငန်းအားလုံးသည့်လည်း မှန်ကန်ပါကြောင်း၊ မိမိတို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီအနေနှင့်လည်း ပတ်သက်နေသည့် အတွက်ကြောင့် အချိန်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ ဖြစ်နေသည့်အပိုင်းမှ သုံးပိုင်းရှိပါကြောင်း၊ (၁) ယနေ့ BCA လက်မှတ်ထိုးပြီး နယ်စပ်ဒေသတွင်ရှိနေသည့် ယခင်လက်နက်ကိုင်တိုင်းရင်းသားများ အနေဖြင့်လည်း မှတ်ပုံတင်သန်းခေါင်စာရင်း လိုချင်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (၂) ကျူးကျော်များနှင့် ပတ်သက်၍ ကျူးကျော်သူများတွင်လည်း မည်သည့်သက်သေခံလက်မှတ်မျှ မရှိပါကြောင်း၊ ဝန်ကြီးဌာန၏ လက်ရှိဥပဒေမှ ၎င်းကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကို သွားပြီး (နိုင်)၊ ပုံစံ (၆၆) ထုတ်ယူရန် ပေးရမည့်အချိန်၊ သွားလာရမည့်ခရီးစရိတ်၊ တည်းခိုရန် အခက်အခဲများစွာရှိကြပါကြောင်း၊ ယခုလိုဖြစ်နေသည့်အတွက် ဝန်ကြီးဌာနဘက်မှ မြို့နယ်တစ်မြို့နယ်ကို တယ်လီဖုန်းပြောဆိုခွင့် တစ်လမှာ ၁၈၀၀၀ ခွင့်ပြုပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ဆွေးနွေးသည့်အတွက်ကြောင့် ယနေ့ တယ်လီဖုန်း ပြောဆိုခွင့်ငွေကို ပိုပြီးတိုးမြှင့်ပေးလိုက်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်ကို လူကိုယ်တိုင်မသွားဘဲ ဝန်ကြီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်ပေးသည့် အပိုင်းလည်းဖြစ်ပါကြောင်း၊ ဒါကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးမည်ဆိုပါက အများကြီးအောင်မြင်လာနိုင်ပါကြောင်း၊ နောက်ဆုံးအချက် ဖြစ်သည့် ဝန်ကြီးဌာနဘက်မှ ဖြေလျော့ပေးသည့် ဥပဒေများ များသော်လည်း ပြည်သူများအား နေ့စဉ်ခေါ်နေသည့် အတွက်ကြောင့် မသွားနိုင်ကြပါကြောင်း၊ အများအားဖြင့် မှတ်ပုံတင်မရှိသည့် လူ အတော်များများမှာ လက်လုပ်လက်စားများဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံတော်တွင် မှတ်ပုံတင် မရှိဘဲနေထိုင်သူများ ပိုပြီးများလာပါသောကြောင့် ဝန်ကြီးဌာနအနေဖြင့် အလေးထား ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ မိမိမေးလိုသည့် မေးခွန်းမှာ ယခုလိုဖြစ်နေသည့် ပြည်သူများကို တရားဝင်မှတ်ပုံတင် ပေးနိုင်ခြင်းရှိ/မရှိနှင့် သက်သေခံလက်မှတ်တစ်ခု ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

မိမိတို့ လက်ရှိအားဖြင့် ဒီမှတ်ပုံတင်နှင့် ပတ်သက်ပြီး အလွယ်တကူရရှိနိုင်ရန်အတွက် စာသင်ကျောင်းများတွင် ၁၀ နှစ်အထက် မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်ပြီး စီမံချက်များချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအားဖြင့် ၁၀ သိန်းကျော် လောက်ရှိသည့်အနက်  ခုနစ်သိန်းကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ BCA နှင့် ပတ်သက်ပြီး  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တခြားနိုင်ငံသားအဖြစ် ခံယူထားခြင်းမရှိပါက တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါနေသည့် မျိုးနွယ်များဖြစ်သည့် အတွက်ကြောင့် သက်ဆိုင်ရာ ပြည်နယ်များတွင် ဖြေလျော့သည့် နည်းဖြင့် ဆောင်ရွက်ပေး နေခြင်းလည်းရှိပါကြောင်၊ သတ်မှတ်ထားသည့် အထောက်အထားတစ်ခုခုနှင့် ပတ်သက်ပြီး ပေးဖို့ဆိုသည်မှာ မိမိတို့မှတစ်ဆင့် အထက်ဌာနမှ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ပြန်လည်တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး မရှိသည့်အတွက်ကြောင့် ချက်ချင်းပြန်လည် ရှင်းလင်းတင်ပြနိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားပါသည်။