(င)- ကျောက်တန်းမြို့နယ်၊ မှော်ဝန်းချောင်း တောင် ဘက်ခြမ်းရှိကွင်းပေါက်၊ရွာသစ်ကြီး၊ကြံပင်၊သောင် ကြီး၊ တမံကြီးနှင့် ပီလခတ်ကျေးရွာများသို့လျှပ်စစ် ဓာတ်အားသွယ်တန်းဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၃၀.၁၂.၂၀၁၅)

မိမိတို့ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု စုစုပေါင်း ၅၇ စု ရှိပါကြောင်း၊ တံတားမြို့နယ်ခွဲ အပါအဝင် ရပ်ကွက် ၁၃ဦးအောင်ကျော်ခင်(ကျောက်တန်း) ခုနှင့် ကျေးရွာခွဲပေါင်း ၈၀ နီးပါးရှိပြီး ကျေးရွာများ မီးလင်းရေးအနေနှင့် ဆောင်ရွက်ထားရာတွင် ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့်လည်းကောင်း၊ နိုင်ငံတော် ပံ့ပိုးကူညီမှုဖြင့်သော် လည်းကောင်း ဆောင်ရွက်ထားရှိပါကြောင်း၊ မီးလင်းသည့် ကျေးရွာနှင့် ဆောင်ရွက်ဆဲကျေးရွာ ၃၀ ကျော် ရှိပါကြောင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ဝေးကွာသည့် ကျေးရွာများကို မိမိတို့ ဆိုလာစနစ်ဖြင့်သာ မီးလင်းရေးဆောင်ရွက်ထားရှိပါကြောင်း၊ ယနေ့အချိန်အခါတွင် ကျေးရွာအသီးသီးတွင်ရှိသည့် မိဘပြည်သူများသည် မဟာဓာတ်အားလိုင်းက ရရှိသည့် ၂၄ နာရီ မီးလင်းရေးကို မျှော်လင့်လျက်ရှိကြပါကြောင်း၊ ထို့အတွက်ကြောင့် ကျောက်တန်းမြို့နယ်၊ မှော်ဝန်းချောင်း မြောက်ကမ်းကျေးရွာများအပြင် မှော်ဝန်းတောင်ဘက်ကမ်းမှာရှိသည့် မီးမလင်းသေးသည့် ကျေးရွာများဖြစ်သည့် ကွင်းပေါက်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ကြံပင်ကျေးရွာ၊ သောင်ကြီးကျေးရွာ၊ တမံကြီးကျေးရွာနှင့် ပီလခတ်ကျေးရွာများကို လျှပ်စစ် ဓာတ်အားသွယ်တန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဦးအောင်သန်းဦး ကျောက်တန်းမြို့နယ်၊ မှော်ဝန်းချောင်း တောင်ဘက်ခြမ်းရှိ ကွင်းပေါက်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ကြံပင်ကျေးရွာ၊ သောင်ကြီးကျေးရွာ၊ တမံကြီးကျေးရွာနှင့် ပီလခတ်ကျေးရွာများကို ဓာတ်အား ပေးနိုင်ရေးအတွက် ၃၃/၆.၆ ကေဗွီ၊ (၁၀)အမ်ဗွီအေ ကျောက်တန်းဓာတ်အားခွဲရုံမှ ၆.၆ ကေဗွီ ကောင်းကင်ဓာတ်အားလိုင်း နှစ်လိုင်းဖြင့် ရှစ်မိုင်ခန့်တည်ဆောက်ပြီး ဓာတ်အားပေးရမည် ဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်း (၈) မိုင်အတွက် ကုန်ကျငွေ ကျပ်သိန်း ၃၈၄၀ ဖြစ်ပြီး လိုင်းခွဲ (၇.၇) မိုင်အတွက် ၃၆၉၆ သိန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းများအတွက် ဓာတ်အားလွှတ်ရန် Circuit Breaker နှစ်ခု ခလုတ်နှစ်ခုအတွက် ကုန်ကျငွေ ကျပ်သိန်း ၄၈၀ ခန့်ဖြစ်ပြီ‌းမှ ထရန်စဖော်မာ ရှစ်လုံး တပ်ဆင်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်းပေါင်း ၈၈၅၆ သိန်း ခန့်မှန်းပါကြောင်း၊ အထက်ပါ ကျေးရွာ (၅) ရွာကို ဓာတ်အားရရှိရေးအတွက် ကျပ် ၈၈၆ သန်း ကုန်ကျမည်ဖြစ်ပြီး ၎င်း ကျေးရွာမီးလင်းရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ရန်ပုံငွေခွဲဝေပေးနိုင်မှု အခြေအနေအရ ပါဝင်နိုင်ခဲ့ခြင်းမရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာ ထားပေးသွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်အရ ဆောင်ရွက်မည့် ကမ္ဘာ့ဘဏ် ချေးငွေထဲတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။