မွန်ပြည်နယ်၊ ရေးမြို့နယ်သည် လူဦးရေလည်း အင်မတန်ထူထပ်များပြားသော မြို့နယ် တစ်ခုဖြစ် ပါကြောင်းနှင့် ဒေသခံများအနေဖြင့် လျှပ်စစ်မီတာခကို ဈေးကြီးစွာ ပေးဆောင်၍ လျှပ်စစ်မီးကို ရယူ သုံးစွဲနေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးကိစ္စကို နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးနိုင်ရန်နှင့် မဟာဓာတ်အားလိုင်းရောက်ရှိနိုင်ရေးအတွက်ကိုလည်း လွှတ်တော် ထဲတွင် မကြာခဏ ဆွေးနွေးတင်ပြခဲ့ဖူးပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ခရီးစဉ်တွင်လည်း မှာလည်း တာဝန်ရှိသူများက တင်ပြတောင်း ဆိုခဲ့ရာတွင် နိုင်ငံခြားချေးငွေရရှိပြီးတင်ဒါအောင်မြင်ပြီး ဖြစ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊ နိုင်ငံခြားချေးငွေကို မမျှော်လင့်ဘဲ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်နယ်၊ ပြည်မ ခွဲခြားခြင်းမပြုဘဲ တန်းတူအခွင့်အရေးများ အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည် ဆိုပါက ရေးမြို့နယ်သို့ လျှပ်စစ်မီးအမှန်တကယ်ရောက်ရှိမည်ဟု မျှော်လင့်ပါကြောင်း ထို့ကြောင့် (၁) ရေးမြို့နယ်တွင် မဟာဓာတ်အားလိုင်း လျှပ်စစ်မီးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အမျိုးသား စီမံကိန်းဥပဒေတွင် ပါရှိသည့်အတိုင်း ဆောင်ရွက်ထားခြင်းရှိ/မရှိ ကိုသိလိုပါကြောင်း၊
ထို့ပြင် ရေးမြို့နယ်တွင် MN ကျောက်မီးသွေးစက်ရုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ ကန့်ကွက်နေသော MN ကျောက်မီးသွေးစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရ အနေဖြင့် ဆက်လက်ဆောင်ရွက်ရန် အခြေအနေရှိ/မရှိ ဆိုသည်ကိုပါ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို တရုတ်နိုင်ငံ EXIM Bank ချေးငွေဖြင့် ဆောင်ရွက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စတင် တင်ဒါခေါ်ယူခဲ့ပြီး စိစစ်ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဓာတ်အားလိုင်း၏ EIA, SIA လုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများ လျာထားပြီးဖြစ်ပါကြောင်း၊
ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် Toyo-Thai Corporation Public Co.,Ltd. (Toyo-Thai ကုမ္ပဏီ) တို့သည် JV/B.O.T စနစ်အခြေခံဖြင့် ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်အနီး ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရန် အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို ၂၁-၃-၂၀၁၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့သော်လည်း အဆိုပါစီမံကိန်းကို မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာအနီးကိုပြောင်းရွှေ့ပြီး ၁၂၈၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်ရန် ပြည်တွင်းတိုင်းရင်းသားပိုင် ကုမ္ပဏီဖြစ်သော ဝင်းရောင်ခြည်ဦးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း Toyo-Thai ကုမ္ပဏီမှ တင်ပြလာသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီကို တင်ပြပြီး (၂၉/၂၀၁၄) ကြိမ်မြောက် အစည်းအဝေး၏ဆုံးဖြတ်ချက်၊ နိုင်ငံတော်သမ္မတရုံး၏ ပြည်သူများနှင့် ထိတွေ့ ဆွေးနွေးပြီး စီမံကိန်းအား ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများနှင့် သတင်းမီဒီယာများပါဝင်သော လေ့လာရေး အဖွဲ့ဝင် ၃၃ ဦးတို့သည် စီမံကိန်းအကောင်အထည်ဖော်မည့်အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ၁၀-၁၁-၂၀၁၄ ရက်နေ့မှ ၁၈-၁၂-၂၀၁၄ ရက်နေ့အထိ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို လေ့လာရေးခရီးသွားရောက်ခဲ့ကြပါကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများသို့ ၂၇-၁၂-၂၀၁၄ ရက်နေ့ မှာ စီမံကိန်းဒေသအနီးရှိ ရေးမြို့နယ်၊ ပုပ္ဖဝတီဘုန်းတော်ကြီးကျောင်းတိုက်တွင် ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊
ကုမ္ပဏီများအနေဖြင့်လည်း အဆိုပါစီမံကိန်းကို နိုင်ငံတကာမှ လက်ခံကျင့်သုံးလျက်ရှိသော Ultra Super Critical စနစ်သုံးစက်ရုံဖြစ်သည့်အပြင် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှုတို့အပေါ် လေ့လာနိုင်ရန်အတွက် သီးခြားလွတ်လပ်သော တတိယအဖွဲ့အစည်း တစ်ခု ဖြစ်သည့် အင်္ဂလန်နိုင်ငံအခြေစိုက် Environment Resources Managements Co., Ltd နှင့် ပြည်တွင်းအခြေစိုက် အတိုင်ပင်ခံအဖွဲ့တို့ကို ငှားရမ်း ဆောင်ရွက်ရန် စီမံ ဆောင်ရွက်ထားရှိပါကြောင်း၊
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွားဘဝကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများသည် နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အများဆုံး တည်ရှိနေသည့်အတွက် ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး ကျေးလက်ဒေသ အထိပါ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရန်ဆောင်ရွက်ရာတွင် ဓာတ်အားပို့လွှတ်လိုင်းများ ရှည်လျားသည့် အတွက် ဓာတ်အားပျောက်ဆုံးမှုများပြားခြင်းများကို လျော့နည်းစေရန် ရေးအတွက် တည်ငြိမ်ပြီး မှန်ကန်သော အရင်းအမြစ်အချိုးအစားဖြင့် ဓာတ်အားထုတ်လုပ်ပေး လိုအပ်ပါကြောင်း၊
နှစ်စဉ် နိုင်ငံတော်ဓာတ်အားလိုအပ်ချက်ဖြစ်သော နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိသည့်အတွက် နှစ်စဉ်စက်တပ်ဆင်အင်အား ၈၀၀ မဂ္ဂါဝပ်မှ ၁၀၀၀ မဂ္ဂါဝပ်အထိ တိုးတက်တည်ဆောက်သွားမှသာ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပါကြောင်း၊
အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက် National Electricity Master Plan ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပညာရှင်များက ရေးဆွဲပြီး ၂၀၃၀-၃၁ ဘဏ္ဍာနှစ်တွင် စက်တပ်ဆင် အင်အား ၂၃၅၆၁ မဂ္ဂါဝပ်ရှိပြီး တစ်နိုင်ငံလုံး ဓာတ်အား ရရှိရန် ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အကြီးစားရေးအားလျှပ်စစ်ဆိုပါက တည်ဆောက်ချိန်ကြာမြင့်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ပြန်လည်ထူထောင်မှု ဆောင်ရွက်ရန် လိုအပ်ခြင်း၊ ရှည်လျားသည့် ဗို့အားမြင့်မဟာဓာတ်အားလိုင်းများ တည်ဆောက်ရန် လိုအပ်ခြင်းနှင့် ရာသီမရွေး ရေအပြည့်အဝရရှိရန်လိုအပ်ခြင်း စသည့်အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ အလတ်စားနှင့် အသေးစား ရေအားဖြင့် ဓာတ်အားထုတ်လုပ်ရန် ပြည်တွင်းတိုင်းရင်းသားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားပြီး အသေးစားရေအားဖြင့် ဓာတ်အားထုတ်လုပ်မယ်ဆိုရင် ဒေသအတွင်း ကျေးရွာနှင့်မြို့ငယ်များသို့ ဓာတ်အားပေးနိုင် သော်လည်း ဓာတ်အားစနစ်အတွင်း ဓာတ်အားသုံးစွဲမှုတိုးတက်လာမည့်အခြေအနေကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန်မဖြစ်နိုင်ပါောကာင်း၊
သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်ဆိုပါက ဓာတ်အားခ တစ်ယူနစ်လျှင် ထုတ်လုပ်မှုစရိတ် ၁၇၀ ကျပ်ခန့်နှင့် ရှိမည်ဖြစ်ပြီး ဓာတ်ငွေ့လုံလောက်မှု မရှိသေးပါကြောင်း၊ နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဆိုပါကလည်း ဓာတ်အားခ တစ်ယူနစ်လျှင် ၁၇၀ ကျပ်ခန့်နှင့် နေရောင်ခြည်ရရှိမှုအပေါ် မူတည်၍သာ ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ လေအား လျှပ်စစ်ထုတ်လုပ်မည်ဆိုပါက ကုန်ကျစရိတ်ကြီးမားမည်ဖြစ်ပါကြောင်း၊
ကျောက်မီးသွေးဖြင့် ထုတ်လုပ်မည်ဆိုရင် ပျမ်းမျှဓာတ်အားခ တစ်ယူနစ်လျှင် ယနေ့ ငွေပေါက်ဈေးဖြင့် ၁၀၀-၁၁၅ ကျပ်ခန့်သာ ကျသင့်မည်ဖြစ်သော်လည်း အချိန်ကာလ လေးနှစ်ခန့် သာ လိုအပ်မည် ဖြစ်ပါကြောင်း၊ Ultra Super Critical စနစ်ကဲ့သို့ ခေတ်မီနည်းပညာများကို အသုံးပြုပြီး ဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ တည်ဆောက်နိုင်သည့်အပြင် ထုတ်လုပ်မှုပမာဏပြောင်းလဲ ခြင်းမရှိဘဲ အခြေခံဝန်အား Based Load အဖြစ် တစ်နှစ်ပတ်လုံးမောင်းနှင်ပြီး ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်ခြင်း စသည့်အချက်များကြောင့် အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက် National Electricity Master Plan တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရမယ့်နည်းလမ်းများကို အချိုးကျပေါင်းစပ်ပြီး ထုတ်လုပ် ဆောင်ရွက်ရန် ရေးဆွဲထားရှိခြင်းဖြစ်ပါကြောင်း၊
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဖျက်သိမ်းရန် မသင့်ကြောင်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့တွင် ရှင်းလင်းဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင် ကျေးရွာအနီးအကောင်အထည်ဖော်တည်ဆောက်မည့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်ရန်ကိစ္စကို ဒေသခံပြည်သူများမှ လက်ခံသဘောတူညီမှု ရရှိရေး အတွက် ရှင်းလင်းဆွေးနွေးချပြသွားရန်နှင့် ဒေသခံပြည်သူများ၏ သဘောတူညီမှုမရရှိသေးမီ ကာလ အတွင်း EIA/SIA လုပ်ငန်းများ အပါအဝင် အခြားသောစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုဘဲ ခေတ္တဆိုင်းငံ့ထားပါပြန်လည်ဖြေကြားပါသည်။
ဒေါ်မိမြင့်သန်း(ရေး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ကျပ်သန်း ၅၀၀၀ ကျော်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျပ်သန်း ၁၈၀ တို့နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ထားခြင်း ရှိ/မရှိကိုလည်းသိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
မော်လမြိုင်-ရေး-ထားဝယ် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်မည်ဆိုပါက စုစုပေါင်း ဓာတ်အား လိုင်း ပစ္စည်းနှင့် တည်ဆောက်စရိတ်၊ မြို့ပြလုပ်ငန်းမပါ တပ်ဆင်စရိတ်ရော ကြိုးဆွဲသည်အထိ ဓာတ်အား လိုင်းကုန်ကျစရိတ်သည် ဒေါ်လာသန်းပေါင်း ၁၂၀ မှ ၁၄၀ အထိ ကုန်ကျမည်ဆိုပါကြောင်း၊ မြန်မာငွေနှင့် ဆိုပါက ကျပ် ဘီလီယံပေါင်း ၁၄၀ ကျော်ဖြစ်သည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေကျပ်သန်း ၅၀၀၀ ကျော် လျာထားခဲ့ခြင်းသည် EIA/ SIA လုပ်ငန်း လိုင်းတိုင်းတာခြင်း လုပ်ငန်းအတွက် လျာထားခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် ကနဦးတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ကျပ်သန်း ၁၈၀ လျာထားခဲ့ခြင်းသည် ဓာတ်အားတိုင်းတာခြင်း လုပ်ငန်း EIA / SIA လုပ်ငန်းလျာထားခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်မှ ဓာတ်အားလိုင်းအတွက် ရင်းနှီးမြှုပ်နှံမှု ကျပ် ဘီလီယံ ၁၄၀ ခန့်ကို ခွင့်ပြုနိုင်ခြင်းမရှိဘဲ အခြား ဆောင်ရွက်လက်စ စီမံကိန်းများကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ရခြင်း ချေးငွေများ မရရှိခဲ့ခြင်း တို့ကြောင့် အဆိုပါ စီမံကိန်းကို လက်တွေ့ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ASEAN Summit တွင် တရုတ်နိုင်ငံသမ္မတကြီးနှင့် မြန်မာနိုင်ငံတော် သမ္မတကြီးတို့ သဘောတူညီချက်အရ တရုတ် EXIM Bank (China EXIM Bank) တွင် ချေးငွေ ရရှိပြီးဖြစ်သည့်အခါတွင် ယခုအခါတွင် China EXIM Bank ကပေးပို့လာသော Short List အရ မိမိတို့ကို ခေါ်ယူရွေးချယ်ပြီး ဖြစ်ပါကြောင်း၊ မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူရွေးချယ်ပြီး တင်ဒါ အောင်မြင်သည့်ကုမ္ပဏီဖြင့် အသေးစိတ် ဆွေးနွေးပြီးမှသာ EIA / SIA လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာကျပ်ငွေဖြင့် သတ်မှတ် သုံးစွဲ မည်ဖြစ်ပါကြောင်း၊ ချေးငွေသည် ၂၀၁၆-၁၇မှသာလျှင် ချေးငွေသေချာပေါက် ရယူနိုင်မည်ဖြစ်သည့် အတွက် လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ လျှပ်စစ်ကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံမှု ကနဦးတင်ပြသော်လည်း ခွင့်ပြုပေးနိုင်ရန် နိုင်ငံတော်၏ဘတ်ဂျက် အခြေအနေအရ နောက်ကျ ခဲ့ရခြင်းဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြပါသည်။
