(ဃ)-ပေါင်မြို့နယ်တွင် နွေစပါး စိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးမြေများ ရေဖူလုံစွာ ရရှိရေး အတွက် ကတိုက်ဆည်မှ ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည့် နည်းလမ်းသစ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂.၂.၂၀၁၈)

ပေါင်မြို့နယ်ရှိ ပြည်သူများ အနေဖြင့် မိုးစပါးကို အဓိကထားစိုက်ပျိုးနေရပါကြောင်း၊ နောက်ပိုင်းတွင် ချောင်း၊ မြောင်းများ နုန်းတင်လာပြီး ပင်လယ်ဆားငံရည်များ တက်လာသည့်အတွက် မိုးရာသီတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့လာရသည့်အတွက် စပါးအထွက်နှုန်းများ ကျဆင်း လာပြီး ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရပါကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ကတိုက်ဆည်ကို တည်ဆောက်ပြီး နွေစပါးအတွက် ဧက ၁၀၀၀၀ စီမံကိန်းဧရိယာသတ်မှတ်ပြီး နွေစပါးစိုက်ပျိုးနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း တူးမြောင်းများ ကောလာသောကြောင့် ရေကြီးရေလျှံမှု နဲ့ကြုံတွေ့ရပါကြောင်း ၊  နှစ်တိုင်းတူးမြောင်းတူးဖော်ရန် ဘတ်ဂျက် ချပေးခဲ့သော်လည်းထိရောက်မှုမရှိပါကြောင်း၊ ပေါင်မြို့နယ်တွင် နွေစပါးအတွက် သတ်မှတ်ဧရိယာ သည် ၁၀၀၀၀ ဖြစ်သော်လည်း စိုက်ပျိုးသည့် လူဦးရေတိုးမြင့်လာခြင်း၊ လယ်မြေများ တိုးမြှင့်လာခြင်း၊ မြေနုကျွန်းများ ထွက်လာသည့် အတွက်ကြောင့် လယ်စပါးစိုက်ပျိုးသူများ ပိုမို အားစိုက်လာခြင်းတို့ကြောင့် နွေရာသီရောက်တိုင်း ရေပြဿနာနှင့် ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရေပေးဝေမှု ပုံစံကို ပြန်လည် စိစစ်သင့်ပါကြောင်း၊ ချောင်းကော၊ မြောင်းကောများကို ပြုပြင်ပြင်ဆင်သင့်သကဲ့သို့ တူးမြောင်းကြီးများကိုလည်း ပြန်လည်ပြီး တူးဖော်ရန် လိုအပ်ပါကြောင်း၊ ရေလှောင်တမံအသေးစား များကို ပုံစံပြောင်းပြီး ပြင်ဆင်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ နွေစပါး စိုက်ပျိုးရေးကောင်းမွန်စေရန်အတွက် ရေလုံလောက်စွာဖြန့်ဝေပေးနိုင်မည့် နည်းလမ်းအသစ်များကို မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။  


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကတိုက်ကျေးရွာအနီး ကတိုက်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ကတိုက်ရေလှောင်တမံသည် ကန်ရေအပြည့်ရေလှောင်ပမာဏ ဧကပေ ၅၄၀၀၀ ကို သိုလှောင်နိုင်ပြီး ဆည်ရေသောက် ဧရိယာဧက ၁၀၀၀၀ ကို ရေပေးဝေစိုက်ပျိုးရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း ကတိုက်ဆည် ရေသောက်စနစ်သည် တူးမြောင်းမကြီးအလျား ၇.၇၇ မိုင်၊ လက်တံမြောင်း အလျား ၄.၉၆ မိုင်ရှိပါကြောင်း။ တည်ဆောက်ထားပြီးတမံမှ  ကန်ရေအပြည့် သိုလှောင်နိုင်မှုပမာဏအရ ဆည်သောက်ဧရိယာသည် မူလကစီမံကိန်းအရ ဧက ၁၀၀၀၀ ကို နှစ်စဉ်အခက်အခဲမရှိ ရေပေးဝေစိုက်ပျိုး နိုင်ရန် စီမံဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊

 ၂၀၁၆-၂၀၁၇ ခုနှစ် စိုက်ပျိုးရေးရာသီတွင် နွေစပါးစိုက်ပျိုးမှုအနေဖြင့် ကတိုက်ရေလှောင်တမံ၏ မူလဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ဧက ၁၀၀၀၀ နှင့် ဆည်ရေသောက်ပြင်ပတွင် စိုက်ဧက ၃၀၈၉ ဧက စုစုပေါင်း ၁၃၀၈၉ ဧက စိုက်ပျိုးရန်အတွက် လျာထားဆောင်ရွက်ခဲ့သော်လည်း နွေစပါးစိုက်ပျိုးမှုသည် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာရာ မူလဆည်ရေသောက် ဧရိယာအတွင်း ရှိ စိုက်ဧက ၁၀၀၀၀ အပြင် ဆည်ရေသောက်ဧရိယာပြင်ပရှိ နွေစပါးစိုက်ဧက ၁၂၃၃၈ ဧက စုစုပေါင်းနွေစပါး ၂၂၃၈၃ ဧကထိ တိုးချဲ့စိုက်ပျိုးလာမှုရှိပါကြောင်း။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ဆည်ရေသောက်ဧရိယာပြင်ပမှ ပိုမိုတိုးချဲ့စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းများ ထိခိုက် ဆုံးရှုံးမှုမရှိစေရန့်အတွက် ရေရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ခဲ့ပြီး‌ ဆည်ရေသောက်ဧရိယာအတွင်းနှင့် အပြင်ရှိ တောင်သူများအချင်းချင်း ရေလုသည့် ပဋိပက္ခများကို အတတ်နိုင်ဆုံးကြိုးပမ်းဖြေရှင်းပေးခဲ့ပါကြောင်း၊ ရေရရှိရေးနည်းလမ်းများနှင့် စီမံဆောင်ရွက်ခဲ့ရာ ကတိုက်ရေလှောင်တမ၏ရေပိုလွှဲသည် သဲအိတ်သုံးပေအမြင့်ဆင့်ပြီး ရေဧကပေ ၂၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ကတိုက်ရေလှောင်တမံမှ သိုလှောင်ရေများကို တူးမြောင်းမကြီးမှတစ်ဆင့် ဆားချောင်းထိုမှတစ်ဆင့် ရင်းငြိမ်မြောင်း၊ ရွာတန်းရှည် မြောင်း၊ ကျုံမနိုင်မြောင်း၊ ကတွန်မြောင်း၊ ပန်းကုန်းမြောင်းများဖြင့် ရေပေးဝေ နိုင်ရန်လိုအပ်သကဲ့သို့ ကတိုက်ချောင်း၏ အောက်ပိုင်း ယင်းငြိမ်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ရင်းငြိမ်ရေထိန်းတံခါး စနစ်တကျရေထိန်းသိမ်း သိုလှောင်ပြီး ဆည်ရေသောက်ဧရိယာပြင်ပရှိ လေးအိမ်စုမြောင်း၊ စော်ကဲစုမြောင်း၊ ကျုံဟော်မြောင်း၊ ရင်းငြိမ်သဲကုန်းမြောင်းကို လိုအပ်သလိုတူးဖော်ပြုပြင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကတိုက်ဆည်ရေသောက် စနစ်အတွင်းမှ  ပိုလျှံပြီးစီးထွက်လာသည့်ရေများ ကို ပင်လယ်ထဲ စီးထွက်မသွားစေရန် ချောင်းရေထွက်ပေါက်ကိုးခုတွင် ရေထိန်းတံခါးအဆောက်အအုံ (End Structure)များနှင့် ပိတ်ဆို့ သိုလှောင်ခြင်းများ စီမံဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၇-၂၀၁၈ ခုနှစ် နွေစပါးရာသီတွင် အဖြစ်နိုင်ဆုံးနဲ့အသင့်တော်ဆုံး တစ်ဆက် တစ်စပ်တည်းဧရိယာဖြစ်သည့် နွေစပါးစိုက်ဧက ၁၆၉၇၃ ဧကကို ရေပေးဝေစိုက်ပျိုးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားပြီး သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး များကိုလည်း ကျေးရွာအုပ်စုအလိုက်၊ ကွင်းအလိုက်လျာထားစိုက်ဧကများစာရင်းကို ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။

 သို့ဖြစ်သည့်အတွက် ပေါင်မြို့နယ်အတွင်းရှိ ကတိုက်ရေလှောင်တမံမှ သိုလှောင်ရေနှင့်စိုက်ပျိုးရေအခက်အခဲမရှိဘဲ နွေစပါးစိုက်ပျိုးနိုင်ရန်

ရေပေးဝေရေးပဋိပက္ခများ ကင်းဝေးနိုင်ရန် အောင်အောင်မြင်မြင်စိုက်ပျိုးဖြစ်ထွန်းနိုင်စေရန်အတွက် တာဝန်ခံနိုင်မှုအရနှင့် အဘက်ဘက်မှချင့်ချိန်ပြီး စိုက်ဧက ၁၆၉၇၃ ဧကကို ကတိုက် ရေလှောင်တမံ၏ ရေသိုလှောင်ထားရှိမှုနှင့် အောက်ဘက်တွင်ရှိသော ရင်းငြိမ်ရေထိန်းတံခါးမှ ရေသိုလှောင်ထိန်းသိမ်းနိုင်မှုနှင့်တွဲဖက်ပြီး ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားပါကြောင်း ပြည်နယ် အစိုးရအဖွဲ့ရဲ့ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားပါသည်။

 

ဒေါ်မိကွန်ချမ်း(ပေါင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရေပေးဝေမှုတွင် နှစ်စဉ် ပြဿနာများနှင့် ကြုံတွေ့နေရသောကြောင့် ကတိုက်ဆည်ကနေ ရေလုံလောက်စွာဖြန့်ဝေပေးနိုင်မယ့်နည်းလမ်းအသစ်တွေကို ချမှတ်စေလိုပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် နွေစပါးစိုက်ပျိုးချိန်တွင် တိုက်ဆည်က ဦးစီးမှုူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ စာထုတ်ထားပါကြောင်း၊ စိုက်ပျိုးနိုင်သည့် သတ်မှတ်ဧက ၁၀၀၀၀ အပြင် နောက်ထပ် အားလုံးစုစုပေါင်း ၁၆၉၃၇ ဧကကိုသာ ရေပေးဝေနိုင်ပါကြောင်းနှင့် ကျန်သည့် ဧရိယာများကို မစိုက်ပျိုးရန် တားမြစ်ထားသည်များကို ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများအနေဖြင့် နှစ်တိုင်းကြုံတွေ့နေသည့်ပြဿနာကို မည်သိ့ုဖြေရှင်းမည်နှင့်  Plan ကို ကြိုတင် ချသင့်ပါကြောင်း၊ ပြည်သူများ အနေဖြင့် လယ်မြေရှိလျက်နှင့် လယ်မစိုက်ရခြင်းကို မည်သို့ ဆောင်ရွက်ပေးမည်နှင့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင်  တူးမြောင်းများဖော်ရန်အတွက် ဘတ်ဂျက်များ ချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတို့အနေဖြင့် စီမံကိန်းစတင်ဆောင်ရွက်သည့်အချိန်တွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ပြုလုပ်ရပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် စီမံကိန်းအရ အကျိုးသက်ရောက်မည့််ဧရိယာများကို ‌ထိထိရောက်ရောက်နှင့် ဆောင်ရွက်နိုင်ရန်အတွက် လျာထားသတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ သို့သော် ယခင်က မစိုက်ပျိုးခဲ့သည့်ဧရိယာများသည် အကျိုးအမြတ်အဖြစ်ထွန်းသည့် သီးနှံများကို ပြောင်းစိုက်လာသည့်အလျောက် ယခုဆိုလျှင် နွေစပါးစီမံကိန်း၏ ပြင်ပဧရိယာတွင် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့ရသည်ဟု သုံးသပ်ရရှိပါကြောင်း၊ မူလလျာထားချက်သည် ဧက ၁၀၀၀၀ ဖြစ်သော်လည်း  ဧက ၂၂၄၀၀ ခန့် တိုးချဲ့စိုက်ပျိုးလာပါကြောင်း ယခုအခြေအနေအရ ဧက ၁၇၀၀၀  စိုက်နိုင်ရန် စီမံထားပြီး  ဧက ၅၄၀၀ အတွက် ရေလိုအပ်ချက်ကို ရေရရှိရေးအတွက် စူးစမ်းမှု များ ဆက်လက်လေ့လာဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အကယ်၍ စူးစမ်းလေ့လာမှုအရ ရေရရှိနိုင်မည့် Source များမရှိပါက မိမိတို့၏ ရေနှင့်အလှမ်းဝေးသည့် ချောင်းဖျား၊ မြောင်းဖျားများတွင်  ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို အကျိုးဖြစ်ထွန်းအောင်စိုက်ပျိုးနိုင်ရန်အတွက် Crossing Pattern များကို တောင်သူတွေကိုချပြဆွေးနွေးပြီး စည်းရုံးဆောင်ရွက်သွားနိုင်မှသာလျှင် ကြုံတွေ့နေရ သည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။