(ဂ)-ပွင့်လင်းမြင်သာမှုလည်းမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်လည်းမညီသော မြို့ကွက်သစ် အိမ်ရာ စီမံကိန်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂.၂.၂၀၁၈)

တောင်ကုတ်မြို့နယ်အတွင်း ဧရိယာ ၄၈၀ ရှိပြီး မြို့၏တောင်ဘက်တွင်ရှိသော ယခင်အစိုးရလက်ထက် တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြို့သစ်စီမံကိန်းကို မိမိလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာချိန်တွင် ပြည်သူလူထု၏ တိုင်ကြားချက်များ၊ မေးမြန်းတင်ပြချက်များကြောင့် မြေပြင်သွားရောက် စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ လေ့လာစုံစမ်းချက်အရ ထိုမြို့သစ်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု အားနည်းပြီး ပြည်သူလူထု ၏သံသယမျိုးစုံဖြင့် စောင့်ကြည့်ခြင်းခံနေရသော စီမံကိန်းလည်းဖြစ်ပါကြောင်း၊ ၁၈၉၈ ခုနှစ်၊ မြန်မာ နိုင်ငံတော်ဆိုင်ရာအက်ဥပဒေ ပုဒ်မ အရ မြို့ဆိုသည်မှာ နိုင်ငံအစိုးရမင်းတို့က ယခုအက်ဥပဒေအလို့ငှာ မြို့ဖြစ်ကြောင်းနှင့် အမိန့်ကြော်ငြာစာထုတ်ဆင့်ပြဋ္ဌာန်း သို့မဟုတ် ၁၈၉၂ ခုနှစ်၊ မြန်မာနိုင်ငံတော်အောက် ပိုင်းဆိုင်ရာ မြို့ပြအက်ဥပဒေအလို့ငှာဖြစ်စေ မြူနီစပယ်သော်လည်းကောင်း၊ မြို့သော်လည်းကောင်း တည်ထောင်သည့်ရပ်ကွက်တစ်စုံတစ်ရာကိုဆိုလိုပါကြောင်း၊ ထိုပြဋ္ဌာန်းချက်အရ နိုင်ငံတော်အစိုးရ၏ အမိန့်ကြော်ငြာစာများ၊ ပြဋ္ဌာန်းချက်များနှင့်အညီသာ မြို့ကွက်သစ်များကို ဖော်ဆောင်ခွင့်ရှိပါကြောင်း၊

ထို့အပြင် အစိုးရသစ်၏မူဝါဒအရ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့်စနစ်တစ်ရပ်ကို ဦးတည် နေချိန်တွင် ပွင့်လင်းမြင်သာမှုအားနည်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော မြို့ပြစီမံကိန်း များကို ပြန်လည်စိစစ်သင့်ပါကြောင်း၊ တွေ့ရှိချက်အရ စီမံကိန်းအနေနှင့်သာ ခွင့်ပြုခဲ့ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖော်မည် မြေဧရိယာတွင် ဓနိမြေ၊ လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများပါဝင်နေပါ ကြောင်း၊ ၎င်းတို့အနက် ဓနိမြေ .၁၉ ဧကအတွက်သာ အခြားနည်းသုံးစွဲခွင့်ရရှိခဲ့ပြီး ကျန်ဧကများအတွက် အခြားနည်းသုံးစွဲခွင့်မရရှိသေးဘဲ ထိုစီမံကိန်းကို ဥပဒေမဲ့ အကောင်အထည်ဖော်နေခြင်းသာဖြစ်ပါ ကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ အခြားနည်းသုံးစွဲခွင့်မရှိဘဲ သုံးစွဲပါက မည်သည့်ပြစ်ဒဏ်ရှိ သည်ကို ဥပဒေတွင် တိတိကျကျဖော်ပြထားပြီးဖြစ်ပါကြောင်း၊

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေယာအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒအရ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ဆောင်ရွက်ရေးကို ဦးတည်သည်ဟု ပါရှိပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ၏လမ်းညွှန်မှုများ ()တွင် မြေနှင့်သဘာဝ အရင်းအမြစ်များ စီမံအုပ်ချုပ်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုခိုင်မာစေရန်ဟူသော အချက်လည်း ပါဝင်ပါကြောင်း၊

ထို့ကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ဥပဒေမဲ့မြို့ကွက်သစ်ဖော်ဆောင်နေခြင်းသည် တစ်ချိန် တွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပွင့်လင်းမြင်သာမှု လည်းမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီသော မြို့ကွက်သစ်အိမ်ရာစီမံကိန်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

တောင်ကုတ်မြို့နယ်၏ မြို့ကွက်သစ်ကို ယခင် ၂၀၁၄-၁၅ ခုနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံနှင့် ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ရန် စတင်ဆောင်ရွက် ခဲ့သည်ကို စိစစ်သိရှိရပါကြောင်း၊ မြို့ကွက်သစ်အဖြစ် ဆောင်ရွက်မည့် ဧရိယာကို စိစစ်သည့်အခါ မြေဧရိယာစုစုပေါင်း ၃၁၉.၁၈ ဧကရှိပါကြောင်း၊ ၎င်းအနက် လယ်မြေက ဧက ၁၉၀ ကျော်ဖြစ်ပါကြောင်း၊ ဓနိမြေက ဧကကျော်နှင့် မြေလွတ်မြေရိုင်း ၁၂၃ ဧက ပါဝင်သည်ကို သိရှိရပါကြောင်း၊ ယခုမြို့ကွက်သစ် ဖော်ထုတ်ရေးတွင်ပါသည့် လယ်မြေနှင့် ဓနိမြေများကို ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီက လယ်သမား များထံမှ နှစ်ဦးသဘောတူဝယ်ယူထားခဲ့ပါကြောင်း၊ ထိုဝယ်ယူထားသည့် မြေများကို အခြားနည်း အသုံးပြုခွင့်ရရှိရေး တင်ပြဆောင်ရွက်သည့်အခါ ဓနိမြေနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ လယ်ယာမြေ ၁၉၀.၇၉ ဧကကို အခြားနည်းအသုံးပြုရန် အမှုတွဲဖွင့်လှစ်ဆောင်ရွက်ခဲ့စဉ်က တောင်ကုတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနက ၁၀--၂၀၁၆ ရက်နေ့မတိုင်မီ မည်သူမဆို လာရောက် ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်လိုသည့်သူက ကန့်ကွက်နိုင်သည့် ထုတ်ဆင့်ထားသည့် ကြော်ငြာစာကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနရှိ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးရုံးများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ပွင့်လင်းမြင်သာစွာ ကန့်ကွက်လျှောက်လွှာ ခေါ်ယူခဲ့ ကြောင်း သိရှိရပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်သူမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လယ်ယာမြေ ၁၉၀ ဧကကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စသည် လက်ရှိအခြေအနေတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ စိစစ်တင်ပြချက်အပေါ် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် မြေကွက်နှင့်ပတ်သက်ပြီး မြေပုံပေါ်တွင် ဒီဇိုင်း ရေးဆွဲခြင်း၊ ပုံဖော်ခြင်းများ ဆောင်ရွက်ထားမှုရှိပါကြောင်း၊ မြေပြင်တွင် လမ်းများဖောက်လုပ်ဆောင်ရွက် ဆဲဖြစ်ကြောင်းနှင့် မြို့ကွက်သစ် ဖော်ထုတ်မှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းတို့ကို  တင်ပြချက်အရ သိရှိရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် တောင်ကုတ်မြို့၊ မြို့ကွက်သစ် အကောင်အထည်ဖော်မှု အခြေအနေနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးပါဝင်သည့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ထာဝရမြေအများပိုင်ကုမ္ပဏီကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊

တောင်ကုတ်မြို့ မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူအားဖြင့်ခွင့်ပြုသည့်အပေါ် လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သည့် Developer အဖြစ် ထာဝရအောင်မြေကုမ္ပဏီကို တာဝန်ပေးခဲ့သောကြောင့် ယင်း Developer အဖြစ် ဆောင်ရွက်သည့် ထာဝရအောင်မြေကုမ္ပဏီက မြို့ကွက်သစ်ဖော်ထုတ်သည့် မြေဧရိယာတွင်ပါသည့် လယ်မြေ ၁၉၀ ကျော်ကို လယ်သမားများထံမှ နှစ်ဦးသဘောတူဝယ်ယူပြီး အခြားနည်းအသုံးပြုခွင့်ရရှိရေး မြေလွတ် မြေရိုင်း ၁၂၃ ဧကအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်ရရှိရန်အတွက် တင်ပြဆောင်ရွက် လျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ မြို့ပြစီမံကိန်းများရေးဆွဲသည့်အခါ သက်ဆိုင်ရာမြို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဦးစွာတွေ့ဆုံပြီး ၎င်းတို့၏မြို့ပြဖွံ့ဖြိုးမှုအပေါ် ထားရှိသည့်အတွေးအမြင်၊ လိုလားချက်နှင့် အကြံပြုချက်များကိုအခြေခံပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲရသည်ကို သိရှိရပါကြောင်း၊ ထိုမူကြမ်းကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ မြို့ပြစီမံကိန်း သဘောထားပုံစံကို အပြီးသတ်ရေးဆွဲမှုနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူရပါကြောင်း၊ လွှတ်တော်အတည်ပြုချက်ကို ပြည်သူကိုချပြပြီးမှသာ ဆောင်ရွက်ရသည်ကိုလည်း သိရှိရပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်မှုမှာ မြေအသုံးချမှုနှင့်စပ်လျဉ်းပြီး အသုံးပြုမည့်လယ်ယာမြေအတွက် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ စိစစ်တင်ပြချက်၊ မြေလွတ်မြေရိုင်းများအတွက် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့ကို ပြန်လည်တင်ပြရန်လိုအပ်ပါကြောင်း၊ တင်ပြလာသည့်အခါ မိမိတို့ဗဟိုအဆင့်ရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်မှုရှိ/မရှိ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားသော်လည်း ထိုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မိမိတို့၏မြေအသုံးချမှုနှင့်ပတ်သက်ပြီး ဆက်စပ် ပြီးမှသာ စိစစ်ခွင့်ပြုရသည့်အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းနှင့်စပ်လျဉ်းပြီး စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်သို့တင်ပြပြီး ခွင့်ပြုချက်ရယူဆောင်ရွက်သွားရမည့် အခြေအနေဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

ဒေါ်နီနီမေမြင့်(တောင်ကုတ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၎င်းအချိန်တုန်းက /(၃၀) လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်မရရှိသေးဘဲ အုတ်တံတိုင်းများ အခိုင်အမာခတ်ထားခြင်း၊ လမ်းများ၊ မြောင်းများ ဖောက်လုပ်ထားပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေ ဥပဒေ အခန်း() ပုဒ်မ ၁၂၊ ပုဒ်မ ၁၉၊ ပုဒ်မ ၃၇ တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မရသေးဘဲ ယခုလိုဖောက်လုပ်ထားခြင်း၊ လုပ်ဆောင်ထားသည်များရှိပါက မည်သို့ ပြစ်မှု၊ ပြစ်ဒဏ်များရှိသည်ကို တိတိကျကျပါရှိပါကြောင်း၊ အမှန်အားဖြင့် ဓနိမြေ .၁၉ ဧကအတွက်သာ အခြားနည်းသုံးစွဲခွင့်ကို ရရှိထားခြင်းဖြစ်ပါကြောင်း၊  မြေလွတ်၊ မြေရိုင်း ၁၂၃.၂၀ ဧက၊ လယ်ယာမြေ ၁၉၀.၇၉ ဧက အတွက် မရရှိသေးပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မရရှိသေးဘဲ လမ်းများဖောက်လုပ်ခြင်း၊ အုတ်တံတိုင်းများကာခြင်းများ လုပ်ဆောင်ခွင့် ရှိ/မရှိ၊ မရှိပါက မည်သို့အရေးယူ မည်ကို သိရှိလိုပါကြောင်း၊ မည်သည့်အချိန်တွင် အရေးယူမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မြို့ပြစီမံကိန်းရေးဆွဲရာတွင် မြို့ကွက်သစ်ဖော်ထုတ်ရေးစီမံကိန်းကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ ဗဟိုခွင့်ပြုချက်ရယူပြီး လိုအပ်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ခွင့်ပြုရခြင်း ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်မရရှိသေးဘဲ ဆောင်ရွက်သည့်ကိစ္စသည် ပြည်နယ်အစိုးရအဖွဲ့မှ တားဆီးထား ရမည်ဖြစ်ပြီး မိမိတို့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့ လယ်ယာမြေဥပဒေတွင်ပါရှိသည့် အတိုင်း အစိုးရခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းအတည်ပြုချက်ရယူရမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်း အတည်ပြု ချက် ရယူပြီးမှသာ ထိုစီမံကိန်းကို အကောင်အထည်ဖော်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သို့အရေးယူဆောင်ရွက်မည်ဆိုသည်မှာ သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ ညီညွတ်မှုမရှိပါက သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့က တားဆီးထားရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။