(က)-ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့အား ဆက်သွယ်ထားသော လပွတ္တာထိပ်စွန်း လမ်းမ ကြီးပေါ်ရှိအုတ်တွင်းနှင့်သောင်လေးကြားရှိမြေသား လမ်းတို့အားကျောက်ခင်းလမ်းအဖြစ်ဆောင်ရွက်ပေး ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၃၀.၁၂.၂၀၁၅)

မိမိတို့ ငပုတောမြို့နယ်သည် ပင်လယ်၏ ထွက်ပေါက်ဖြစ်ပြီး ရေပတ်လည်ဝိုင်းနေသည့် ကျွန်းများနှင့် ကျေးရွာအုပ်စုများ တည်ရှိနေပါကြောင်း၊ ဒေါ်ခင်သန်းမြင့်(ငပုတော)နာဂစ်မုန်တိုင်း ဖြစ်သည့်အချိန်တွင် ဆက်သွယ်ရေးလမ်းများ မရှိသည့်အတွက်ကြောင့် ရေလမ်းခရီးကို အဓိကထားသွားသည့်အခါတွင် မိမိတို့ လူ့အသက်ပေါင်းများစွာ သေဆုံး ခဲ့ကြရပါကြောင်း၊ ထို့ကြောင့် နာဂစ်အပြီး ပြင်ခရိုင်ကျွန်းနှင့် အလယ်ကျွန်းမှနေပြီး လပွတ္တာမြို့နယ်ကို ဆက်သွယ်ထားသည့် လပွတ္တာ-ထိပ်စွန်းလမ်းမကြီးကို စီမံကိန်းချပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါတွင် တံတားများလည်းပြီးပါကြောင်း၊ လမ်းများမှာ မြေသားလမ်းများပြီးပြီး တစ်ချို့နေရာများတွင် ကျောက်ခင်းထားခြင်းရှိသော်လည်း အမှန်တစ်ကယ်ဆက်သွယ်ရမည့် ပြင်ခရိုင်ကျွန်းတွင် ရှိသည့်ပြင်တိုက်နယ်ဆေးရုံနှင့် မန်ကျည်းပင်တိုက်နယ်ဆေးရုံကိုသွားမည့် ကျွန်းနှစ်ကျွန်းမှ ကျေးရွာ အုပ်စုများသည် မြေသားလမ်းများဖြစ်နေသည့်အတွက် မိုးရာသီတွင် ကျန်းမာရေး၊ ပညာရေး၊ အခြားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခရီးသွားလာရန် အလွန်ခက်ခဲခြင်း၊ မိုးရာတွင် ရေလမ်းခရီးကိုသာ အဓိကထားသွားလာရသည့် အတွက် မုန်တိုင်းများတိုက်ခတ်ခံရခြင်းကို မကြာခဏတွေ့ကြုံရခြင်းနှင့်  ဆက်သွယ်ရေးခက်ခဲခြင်းများ တွေ့ကြုံရပါကြောင်း၊ ထို့ကြောင့် ၎င်း ဆက်သွယ်ထားသည့် မြေသား လမ်းများကို ကျောက်ခင်းလမ်းများ လပွတ္တာ-ထိပ်စွန်းလမ်းမကြီးပေါ်ရှိသည့် အုတ်တွင်းနှင့် သောင်ကလေးကြားတွင်ရှိသည့် မြေသားလမ်း၊ ကညင်ငူရွာနှင့် မန်ကျည်းပင်ရွာကြားတွင် ရှိနေသည့် မြေသားလမ်းများကို ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ရေပေါ်ကြီးမှ အထက်ပြွန်ရွာ သစ်ပုတ္ထိပ်ရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဦးစိုးတင့်၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း ပြီးသွားသည့် အချိန်မှစပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဧရာဝတီတိုင်း ဒေသကြီးတွင်  လမ်း မိုင်ပေါင်းမှာ ၅၂၄ မိုင်နှင့် တံတာကြီးငယ်ပေါင်း Mox Culvert အပါအဝင် ၅၄၄ ဆောင် ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ လပွတ္တာ-အုတ်တွင်း-ထိပ်စွန်းလမ်းဆိုလျှင် မိုင်ပေါင်း ၅၅ မိုင်နှင့် ၁ ဖာလုံရှိသည့်အနက် ပထမအဆင့်အနေဖြင့် လပွတ္တာမှ ၃၈ မိုင် ၅ ဖာလုံကို  ဆောင်ရွက်ခဲ့သော်လည်း လမ်းကြောင်း၏ အနေအထားရ သက္ကယ်သောင်မြစ်ကို ဖြတ်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့သက္ကယ်သောင်မြစ်ကို ဖြတ်ပြီး တံတားထိုးမည်ဆိုပါက တံတား၏အရှည်သည် ပေ ၁၀၀၀၀ခန့် ရှိမည်ဖြစ်သည့်အတွက် လုပ်ငန်းကြန့်ကြာခြင်းများကို တွေ့ကြုံနိုင် ရပါကြောင်း၊ ထို့ကြောင့် သက္ကယ်သောင်မြစ်ကို ဖြတ်ရန် မြစ်ကြောင်းကျဉ်းသည့်နေရာမှ လမ်းကြောင်းပြောင်းခဲ့လိုက်ပီး တံတား၏ အရှည်ပေမှာ ပေ ၂၀၀၀ ကျော်ခန့်သာ ရှိတော့ပါကြောင်း၊ သို့သော်လည်း မူလရှိသည့်လမ်းအတိုင်း သွားနိုင်ရန်အတွက် သက္ကယ်သောင်မြစ် ကြားတွင်ရှိသည့် တံတားကြီးများကိုလည်း တည်ဆောက်ထားပါကြောင်း၊ လမ်းမကြီးကို တည်ဆောက်သည့်နေရာတွင် အဓိကအားဖြင့် မိမိတို့ ပြန်ကြည့်မည်ဆိုပါက သောင်လေးရွာ ၄၇ မိုင်မှ ထိပ်စွန်း ၅၅ မိုင်အထိ ၎င်း ၈ မိုင်ကို ကတ္တရာခင်းထားပြီးဖြစ်ပြီး ၇ မိုင် ၂ ဖာလုံ သာကျန်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၎င်း လမ်းအပိုင်းကို မြေသားခင်းပြီးသော်လည်း ပင်လယ်ရေ၏ တိုက်စားမှုကြောင့် မြေသားအနည်းငယ် နိမ့်ကျသွားခြင်းဖြစ်ပါကြောင်းနှင့် မြေသားပြန်လည်ပြုပြင်ပီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတောင်းခံပြီး ထိုလမ်းအပိုင်းကို ရာသီမရွေးသွားလာနိုင်သည့် အပိုင်းဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

ကရင်ငူရွာမှ မန်ကျည်းရွာအထိ ၂ မိုင် ၃ ဖာလုံရှိပြီး ယခုနှစ် ၂၀၁၅ -၁၆ တွင် ၂ မိုင် ၃ ဖာလုံအနက်မှ ၁ မိုင် ၅ ဖာလုံကို ကျောက်ခင်းပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် ၆ ဖာလုံကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် အပြီးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

ရေပေါ်ကြီးမှ သစ်ပုတ္ထိပ်ရွာထိသွားသည့် လမ်းကြောင်းသည် ၅ မိုင်ကျန်ရှိပါကြောင်း၊ ထို ကျန်ရှိ ၅ မိုင်ကို ရာသီမရွေး သွားလာနိုင်ရန်အတွက် ပေ ၁၈၀ ရှိသည့် ရေပေါ်လေးတံတားကို တည်ဆောက်ဆဲဖြစ်ပါကြောင်းနှင့် တံတားတည်ဆောက်ပြီးပါက ပွင့်လင်းရာသီတွင် ရေပေါ်ကြီးမှ သစ်ပုတ္ထိပ်ရွာအထိ သွားလာနိုင်မည်‌့အဆင့်ရရှိမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောက်ဖျာလေး မှစပြီး ဆောင်ရွက်လာသည့် အပိုင်းသည် မြေသားလမ်းအဖြစ် မြောင်းထိုးပြီးလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာသီမရွေး ဆောင်ရွက်နိုင်သည့် လမ်းအဆင်‌့ရရှိအောင် နှစ်စဉ်ရန်ပုံငွေများ တောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းရှင်းလင်းေြ ဖကြားပါသည်။