ဖာဆောင်းမြို့နယ် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ထုတ်ပေးနိုင်ရန် ဖာဆောင်းမြို့ နယ်တွင် စက်မှုဇုန် သို့မဟုတ်
စက်မှုရပ်ကွက်တစ်ခု တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် (က) ကယားပြည်နယ် ဘောလခဲခရိုင် အဓိက အချက်အချာတစ်ခုဖြစ်သော ဖာဆောင်းမြို့နယ်တွင် စက်မှုဇုန် သို့မဟုတ် စက်မှုရပ်ကွက်တစ်ခု တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် (ခ) အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဦးရဲထွဋ်တင် (ဖားဆောင်း) ကိုယ်စား ဦးကျော်ခိုင်ဝင်း (မယ်စဲ့) မေးမြန်းပါသည်။
ဖာဆောင်းမြို့နယ်တွင် အိမ်ခြေပေါင်း ၃၆၁၈ အိမ်၊ အိမ်ထောင်စု ၃၆၅၁ စု၊ လူဦးရေပေါင်း ၁၈၃၂၆ ဦးရှိသည့်အနက် ဖာဆောင်းမြို့ပေါ်တွင် အိမ်ခြေ ၄၉၀၊ လူဦးရေ ၂၈၅၂ သာရှိပါကြောင်း၊ ဖာဆောင်းမြို့ လျှပ်စစ်ဓာတ်အားရရှိမှု အနေဖြင့် မဟာဓာတ်အားလိုင်းမှ ပေးပို့သော ၃၃ KV ဓာတ်အားလိုင်းကို ဖာဆောင်း မြို့အတွင်း၌ ထရန်စဖာတစ်လုံးထိုင်ပြီး ၄၀၀ ဗို့ ဓာတ်အားလိုင်းဖြင့် မြို့နေပြည်သူများအား ၂၄ နာရီ မီးဖြန့်ဝေပေး လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအရ ဖာဆောင်းမြို့မှ လွိုင်ကော်မြို့သို့ ၇၅ မိုင်၊ ဘောလခဲမြို့ သို့ ၂၅ မိုင်၊ ဒီမောဆိုမြို့သို့ ၆၅ မိုင်၊ ဖရူဆိုမြို့သို့ ၅၄ မိုင်၊ ရွာသစ်မြို့သို့ ၄၇ မိုင်၊ မယ်စဲ့မြို့သို့ ၃၅ မိုင် ဝေး၍ မြို့အသီးသီးသို့ ကုန်းလမ်းခရီးဖြင့် အလွယ်တကူသွားလာနိုင်ပြီး ကုန်စည်စီးဆင်းမှုကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ ဖာဆောင်းမြို့သည် စီးပွားရေးအဓိကကျသော မြို့ဖြစ်သော်လည်း လက်ရှိတွင် မြေအနေအထားအရ စက်မှုဇုန်တည်ထောင်နိုင်ရန် မြေလုံလောက်မှု မရှိသဖြင့် မြို့ပြစီမံကိန်း (TOWN PLAN) အား အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စက်မှုဇုန် သို့မဟုတ် စက်မှုရပ်ကွက် တစ်ခုက ထည့်သွင်းအကောင် အထည်ဖော် ဆောင် ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ကယားပြည်နယ်တွင် ခရိုင်နှစ်ခု၊ မြို့နယ် ခုနစ်ခုနှင့် မြို့တစ်မြို့ဖြင့် ဖွဲ့စည်းထားသော ပြည်နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်နယ်မြို့တော်ဖြစ်သော လွိုင်ကော်မြို့ရှိ စက်မှုရပ်ကွက်အား စက်မှုဇုန်အဖြစ် တိုးမြှင့်နိုင်ရန် ဦးစားပေးဆောင်ရွက်လျက် ရှိပါသောကြောင့် ဖာဆောင်းမြို့တွင် စက်မှုဇုန် သို့မဟုတ် စက်မှုရပ်ကွက် တစ်ခုအား ယခုအချိန်တွင် ဆောင်ရွက်ပေးရန် မလိုအပ်သေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
