(က)-ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသောမြိုနှင့်ခမိ တို့အား မြို(ခ)ခမိ (သို့) မြို/ခမိဟုသုံးနှုန်းခြင်းသည် တရားဝင်မှုရှိ/မရှိနှင့်(မြို(ခ)ခမိအမျိုးသားညီညွတ်ရေး အဖွဲ့)ဟုဖွဲ့စည်းထားခြင်းအပေါ်မည်သို့ဆောင်ရွက် သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၁၂.၂၀၁၅)

ခင်စောဝေမြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိသည့်အနက် မြို၊ ပက်၊ ဒိုက်နက်၊ ရခိုင်၊ ခမီ၊ မာရမာကြီး၊ ကမ္မန်လူမျိုးများဟူ၍ ရခိုင် မျိုးနွယ်စု ခုနစ်မျိုးပါဝင်ပါကြောင်း၊ အခွင့်အရေးကို လိုလားသူတစ်စုတို့က မြိုနှင့် ခမီသည် လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း ဝါဒဖြန့်ချိရာ မြို (ခေါ်) ခမီ ဟူ၍ အဖွဲ့အစည်း တစ်ခုဖွဲ့စည်းကာ မြိုလူမျိုးများနှင့် ခမီလူမျိုး များပေါင်းစည်းထားသည့် အဖွဲ့ဟူ၍ ပေါ်ပေါက်လျက် ရှိသော်လည်း ယခုအချိန်ထိ ခမီနှင့် မြိုလူမျိုးများသည် ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုများသည် သီးခြား ရပ်တည်နေကြခြင်းဖြစ်ပါကြောင်းနှင့် ယခု အဖွဲ့အစည်းကို ခမီလူမျိုးများ နှင့် မြိုလူမျိုးစစ်များက လက်ခံမှုမရှိပါကြောင်း၊

၁၉၉၀ ခုနှစ်၊ ပါတီစုံရွေးကောက်ပွဲတွင် မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့ ပါတီအဖြစ် ဝင် ရွေးကောက်ခံခဲ့ကြသည့်ကို  မြိုတိုင်းရင်းသားပါတီနှင့် ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မြို (ခေါ်) ခမီ သို့မဟုတ် မြို/ခမီ ခေါ်ဝေါ်သုံးနှုန်းခြင်းကို ကန့်ကွက်ခဲ့ပါကြောင်း၊ ထိုသို့ ခေါ်ဝေါ်ခြင်းဖြင့် မျိုးနွယ်စု အချင်းချင်း သဘောထား ကွဲပြားကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နေသည့်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (၁) နိုင်ငံတော်မှ မြိုနှင့် ခမီတို့အား သီးခြား လူမျိုး အဖြစ် အသိအမှတ်ပြုပြီးဖြစ်ရာ မြို (ခေါ်) ခမီ သို့မဟုတ် မြို/ခမီ ဟုသုံးနှုန်းခြင်းသည် တရားဝင်မှုရှိ/ မရှိ၊ (၂) မြို (ခေါ်) ခမီအဖွဲ့အစည်း၊ မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ဟု ဖွဲ့စည်းထားခြင်း အပေါ် မည်သို့ ဆက်လက်ဆောင်ရွက်သွားပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

မြန်မာနိုင်ငံတွင် နေထိုင်သောတိုင်းရင်းသား မျိုးနွယ်စုစာရင်းများ ပြုစုသတ်မှတ်ရာတွင် ၁၉၁၃ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ ဒုတိယဝန်ကြီး ဦးဝင်းမြင့်လူမျိုးစုစာရင်းအပေါ် အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း စာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပြုချက်များအရ လည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသား ရေးရာကော်မတီ၏ ညှိနှိုင်းချက်အရလည်းကောင်း အခြေခံ၍ လူမျိုးစာရင်းကိုပြုစုပြီး ၁၉၇၃ ခုနှစ်တွင် လူဦးရေနှင့် သန်းခေါင်စာရင်းကို အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်းစာရင်းအရ လူမျိုးနွယ်စု ၁၃၅ မျိုးရှိပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အဆိုပါ လူမျိုးနွယ်စု ၁၃၅ မျိုးကိုပင် အတည်ပြုအခြေခံ၍ လူမျိုးစုစာရင်းကောက်ယူခဲ့ပြီးနောက်  ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရာတွင်လည်း ၁၉၇၃ ခုနှစ်က ကောက်ယူရရှိခဲ့ပြီး မှတ်တမ်းတင်ထားသောလူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံ၍ ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၌ ကောက်ယူခဲ့သော ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ  လူမျိုးစု ရှစ်မျိုးတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိ မြိုလူမျိုးနှင့် ခမီလူမျိုးများကို စိစစ်ရာတွင် ရခိုင် မျိုးနွယ်စု လူမျိုးခုနစ်မျိုး၌ မြိုလူမျိုးနှင့် ခမွီး လူမျိုးများကိုသာ တွေ့ရှိရပြီး ခမီလူမျိုးအား ချင်းလူမျိုးစု ၅၃ မျိုးတွင် ပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်းနှင့် မြိုလူမျိုးနှင့် ခမီလူမျိုးများသည် တိုင်းရင်း သားလူမျိုးစု တစ်စုစီမှ သီးခြားလူမျိုးတစ်မျိုးစီသာဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ တိုင်းရင်းသားလူမျိုးစာရင်း ကြမ်း ထွက်လာ ချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူပြီး လွှတ်တော်မှ တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်နှင့် လူဦးရေပညာရှင်များ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် အဆင့်ဆင့် ညှိနှိုင်းစည်းဝေးမှုများပြုလုပ်၍ တိုင်းရင်းသားလူမျိုးများ အမည်သတ်မှတ်ပြီးမှသာလျှင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ အတည်ပြုချက်ရယူ ထုတ်ပြန်ရမည်ဖြစ်ပါကြောင်းနှင့် မြို (ခေါ်) ခမီ သို့မဟုတ် မြို/ခမီ ဟုသုံးနှုန်းခြင်းသည် တရားဝင်မှုရှိ/မရဆိုသည်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆုံးဖြတ်ပိုင်ခွင့်မရှိပါကြောင်း၊

မေးခွန်း(၂) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးပါတီအဖွဲ့အား ဖြေကြားချက်အမှတ် (၃/၂၀၁၅)ဖြင့် မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အမည်သို့ ပြောင်းလဲသတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ မြို (ခေါ်) ခမီအမည်ပါ နိုင်ငံရေးပါတီဟူ၍  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ခင်စောဝေ(ရသေ့တောင်) ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြိုလူမျိုးနှင့်  ခမီလူမျိုးသည် သီးခြားစီတည်ရှိသည့်အတွက် ခမီ သို့မဟုတ် မြိုလူမျိုး ပေါင်းစပ်ပြီး ပါတီဖွဲ့စည်းထားခြင်းများကို အဆိုပါလူမျိုးစုများက ကန့်ကွက်ခဲ့ပါက မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

မြိုနှင့် ခမီလူမျိုးများသည် သီးခြားစီဖြစ်ပါကြောင်းနှင့်  ရွေးကောက်ပွဲကော်မရှင်တွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် နိုင်ငံတော်ကလည်း အသိအမှတ်ပြုထားခြင်း မရှိခြင်းကြောင့် အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပွားလာပါက သက်ဆိုင်ရာဌာနများက ဆက်လက် ဆောင်ရွက်သွားနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။