(ဂ)-သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏလုပ်အားပေးအိမ် ရာနေပြည်သူများအားအိမ်ငှားရမ်းခများတိုးမြှင့်သတ် မှတ်လာခြင်းနှင့် မူလလုပ်အားပေးခဲ့သူများထံ ဝယ် ယူနေထိုင် ငှားရမ်းခ ပေးသွင်းသူများကို တရားဝင် အမည်ပြောင်းလဲပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၇.၁၂.၂၀၁၅)

ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ  လွန်ခဲ့သော နှစ် ၅၀ ကပင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်ခဲ့ သည့် သုဝဏ္ဏလုပ်အားပေးအိမ်ရာ အိမ်ငှားရမ်းခများကို  သက်ဆိုင်ရာက လွန်ခဲ့သောနှစ်က တိုးမြှင့် သတ်မှတ်လာသည့်အတွက် အိမ်ရာနေပြည်သူများ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)မြောက်ပုံမှန် အစည်းအဝေးတွင် မေးခွန်းတစ်ရပ်မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အိမ်လခပြင်ဆင်သတ်မှတ်ခြင်းအတွက် သုဝဏ္ဏ လုပ်အားပေးအိမ်ငှားဦးစီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနတို့မှ  ပူးပေါင်းညှိနှိုင်းပြီး အိမ်လခ သတ်မှတ်ပေးသွား မည်ဖြစ် ပါကြောင်း ဖြေကြားခဲ့သော်လည်း ယနေ့အချိန်ထိ ပေါ်ပေါက်လာခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် (က) အိမ်လခပြန်လည်သတ်မှတ် ညှိနှိုင်းရေးလုပ်ငန်းအား အကောင်အထည် ဖော်ရန် မည်သည့်အတွက် ကြန့်ကြာနေသည်။ (ခ) အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ခြင်း ရှိ/မရှိ။ (ဂ) အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသေးပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်။ (ဃ) မူလ လုပ်အားပေးခဲ့သူ မိသားစုများမှ အိမ်ငှားခပုံမှန်ပေးသွင်းခဲ့သူများကိုလည်းကောင်း၊ မူလလုပ်အားပေး ခဲ့သူများထံ ဝယ်ယူနေထိုင်ငှားရမ်းခ ပေးသွင်းသူများကို လည်းကောင်း တရားဝင် အမည်ပြောင်းလဲ ပေးရန် အစီအစဉ်ရှိ/မရှိနှင့်  အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်း(၁)နှင့် စပ်လျဉ်း၍  မိမိတို့အနေဖြင့် လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်း စတင်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ဒုတိယဝန်ကြီး ဦးစိုးတင့်ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် အပြီးသတ် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် စတင် ကောက်ခံ စီစဉ်သွားမှာ ဖြစ်ပါကြောင်း၊ အိမ်လခကောက်ခံရရှိငွေများကို ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ အစိုးရဌာနများ၏ ရငွေစာရင်းမှာ ပေးသွင်းရသည်ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ်အလိုက် လျာထားခြင်း၊ အကောင်အထည်ဖော် ကောက်ခံရခြင်းများ ဆောင်ရွက်ရသည့်အတွက် ဘဏ္ဍာရေးနှစ်ကို မူတည် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊

မေးခွန်း(၂)နှင့် စပ်လျဉ်း၍ အဆိုပါ အိမ်ရာများသည် ပြည်သူ့အိမ်ရာအမျိုးအစားဖြစ်ပြီး ဝန်ထမ်း လစာနှုန်းထားဖြင့် အိမ်လခကောက်ခံသော ဝန်ထမ်းအိမ်ရာများဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသူများအနေဖြင့် တာဝန်မှပြောင်းရွှေ့ခြင်း၊ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ရှိခဲ့ပါက ဆက်လက်နေ ထိုင်ခွင့် မရှိဘဲ ပြောင်းရွှေ့ပေးရမည့် အိမ်ခန်းအမျိုးအစားဖြစ်ပါကြောင်း၊ သုဝဏ္ဏအိမ်ရာအိမ်ခန်းများတွင် တရားမဝင်ငှားရမ်းမှုများ ရှိနေပြီး ငှားရမ်းခများ အနေဖြင့် ကျပ်တစ်သိန်းခန့်မှ ကျပ်သုံးသိန်းခန့်ရှိပြီး မိမိတို့အနေဖြင့် အရာထမ်းအငြိမ်းစား လစာ ၅ ရာခိုင်နှုန်း၊ အမှုထမ်း အငြိမ်းစားလစာ ၃ ရာခိုင်နှုန်းကို သာ ကောက်ခံလျက်ရှိရာ ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အတွင်းသာ ကျခံခြင်းဖြစ်သည့်အတွက် သက်သာသော အိမ်လခနှုန်းထားများကို စတင်ခံစား နေရပြီဖြစ်ပါကြောင်း၊  

မေးခွန်း(၃)ဖြစ်သည့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးခွန်း(၁)နှင့်(၂)တွင် တင်ပြထားသောလုပ်ငန်းစဉ်အရ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

မေးခွန်း (၄) နှင့် စပ်လျဉ်း၍ မူလလုပ်အားပေးခဲ့သူမိသားစုများမှ အိမ်လခပုံမှန် ပေးသွင်းခဲ့သူများ ကွယ်လွန်ခဲ့ပါက က ကျန်ရှိဇနီး၊ ခင်ပွန်း၊ သားသမီးများကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ တရားဝင် အမည်ပြောင်းလဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မူလလုပ်အားပေး သူများထံမှ ဝယ်ယူနေထိုင်၍ ငှားရမ်းခပေးသွင်းသူများကို အမည်ပြောင်းလဲပေးရန် အစီအစဉ်မရှိ ပါကြောင်း၊  

မေးခွန်း (၅)နှင့် စပ်လျဉ်း၍ ဝယ်ယူနေထိုင် သူများဟာ ရောင်းချ၊ ပေါင်နှံ၊ လွှဲပြောင်းခွင့်မရှိသော အစိုးရအိမ်ဥပစာကို ဝယ်ယူနေထိုင်ခြင်းဖြစ်သည့်အတွက် အိမ်ခန်းတစ်ခန်းလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ရကြောင်းကို အိမ်ငှားစည်းကမ်းစာချုပ်များတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ ဝယ်ယူနေထိုင်သူများအနေဖြင့် ဝယ်ယူခွင့် မရှိသော အစိုးရအိမ်ဥပစာကို ဝယ်ယူနေထိုင်ခြင်းဖြစ်ဖြစ်သည့်အတွက် တရားဝင် အမည်ပြောင်း လဲပေးရန် အစီအစဉ်မရှိပါကြောင်း၊ သုဝဏ္ဏအိမ်ရာစီမံကိန်းသည် အိမ်ရာစီမံကိန်းများကို စတင်ပြီးတော့နေထိုင်ခွင့်ရစဉ်ကပင် လုပ်အားပေးပြီးမှ ရရှိခြင်းဖြစ်သည့်အတွက် ယင်းကို သီးခြားမူတစ်ခုသတ်မှတ်ပြီး မိမိတို့ စာရင်းကောက်ယူ အဖြေရရှိပြီးပါက  ထပ်မံပေးလျှော့ပြီး အခွန်အခနှင့် အိမ်ငှားခကို ထပ်မံလျှော့ပေါ့ ကောက်ခံမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။    

ဦးသိန်းညွန့်(သင်္ဃန်းကျွန်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မူလလုပ်အားပေးသူများနှင့် ပတ်သက်ပြီး ရှင်းလင်းဖြေကြားချက်များသည် ပြည်သူ များ၏ရဲ့ သဘောထားနှင့် ကိုက်ညီသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် အဆိုပါ အိမ်ရာစီမံကိန်းများကို တာဝန်ခံခဲ့သည့် ဗိုလ်မှူးချုပ် စိန်ဝင်းက နောက်အနှစ် ၂၀၊ ၃၀ ကြာသည့်အချိန်တွင် အခမဲ့နေထိုင်ခွင့် ပေးမည်ဆိုသည့် ကတိစကားကို လူသိရှင်ကြားပြောကြားခဲ့ ပါကြောင်းနှင့် ထိုကတိစကားအပေါ်ယုံကြည်ပြီး အိမ်ရာများကို ကာလ တန်ဖိုးပေးပြီးဝယ်ယူခဲ့သည့် ပုဂ္ဂိုလ်များနှင့်  ပတ်သက်ပြီး အခြားအစိုးရအိမ်ငှားများကဲ့သို့ စဉ်းစားဆောင်ရွက်ခြင်း မပြုဘဲ အခွန်တိုးမြှင့် ကောက်ခံခြင်း၊ ဒဏ်ကြေးရိုက်ခြင်းများ ဆောင်ရွက်ကာ ပိုင်ဆိုင်မှုကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်  

မိမိတို့အနေဖြင့် အဆိုပါ ကတိစကားနှင့် ပတ်သက်၍  အထောက်အထားများ ရှာခဲ့သော်လည်း တွေ့ရှိခြင်း မရှိခဲ့ပါကြောင်းနှင့် ယခင် နှစ်ပေါင်း ၅၀ ကျော်ခန့်က ချုပ်ဆိုထားများကိုသာ မိမိတို့အနေဖြင့် အမှီပြုုပြီး ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ အခွန်၊ ဒဏ်ကြေးများ တိုးမြှင့်ကောက်ခံ၍ နေထိုင်သူပြည်သူများ အဆင်ပြေရန်  ဆောင်ရွက်ပေးရန်အတွက် အဆင့်ဆင့်ဆက်လက် တင်ပြ ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။