(ခ)-လားရှိုးမြို့မှ သိန္နီမြို့အထိ အာဆီယံဟိုက်ဝေး လမ်း AH14 လမ်းကိုလမ်းဖောက်ချဲ့ရာတွင်အစီအ စဉ်များအားပြည်သူများထံအသေးစိတ်ချပြဆွေးနွေး ညှိနှိုင်းမှုများရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၇.၁၂.၂၀၁၅)

ဦးစိုင်းဝင်းခိုင် (သိန္နီ)ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ သိန္နီမြို့အထိ အာဆီယံဟိုက်ဝေးလမ်း AH 14 လမ်းကို တိုးချဲ့ဖောက်လုပ်နေဆဲဖြစ်ပြီး အဆိုပါ လမ်းကို ကွတ်ခိုင်-မူဆယ်မြို့ အထိ တိုးချဲ့ဖောက်လုပ်မည်ဟုလည်း ကြားသိနေရပါကြောင်း၊ ထိုလမ်းကို တိုးချဲ့ဖောက်လုပ်နေသဖြင့် လမ်းနားဘေးတွင် နေထိုင်ကြသည့် ပြည်သူများ၏ တိုက်တာ၊ အိုးအိမ်များ၊ အဆောက်အအုံများ၊ ခြံစည်းရိုးများ၊ ဥယျာဉ်၊ ခြံမြေများနှင့် လယ်ယာမြေများအပါအဝင် အစစအရာရာ ထိခိုက်ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရပါကြောင်း၊ ထို့အတူ မိမိနေထိုင်ရာနေရာသို့ လမ်းတိုးချဲ့မှု့ မရောက်သေးသည့် ပြည်သူများလည်း စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာသို့ တင်ပြတောင်း ဆိုပေးပါရန် ဒေသခံပြည်သူများမှ မိမိထံ တင်ပြလာသည့်အတွက် အောက်ပါမေးခွန်းများကို သိရှိလိုပါကြောင်း  (က) လမ်းဖောက်ချဲ့မည်ဆိုပါက အစီအစဉ်များအား ပြည်သူများထံသို့ အသေးစိတ် ချပြဆွေးနွေးညှိနှိုင်းမှုများ ရှိ/မရှိ၊ (ခ) ပျက်စီးဆုံးရှုံးသွားသော ပြည်သူများ၏ ပိုင်ဆိုင်မှုများအားလုံး ထိုက်တန်သော လျော်ကြေးငွေများ ပေးလျော်ရန် အစီအစဉ်ရှိ/မရှိနှင့် (ဂ) လျော်ကြေးငွေများပေးပါက မည်မျှ ပမာဏအတိုင်းအတာအထိ ပေးလျော်မည်တို့နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လားရှိုးမြို့ ၁၇၃ မိုင်မှ သိန္နီမြို့ ၂၀၅ မိုင် ၆ ဖာလုံအတွင်းရှိသည့်လမ်းအပိုင်းသည် တစ်ဖက်နိုင်ငံ မူဆယ်မြို့နှင့် ဒုတိယဝန်ကြီး ဦးစိုးတင့်ဆက်စပ်နေသည့်အပိုင်း ဖြစ်သည့်အတွက် ယာဉ်သွားလာမှု အထူးများပြားခြင်း၊  ကုန်တင်ယာဉ်ကြီးများ များပြားသည့်အတွက် မကြာခဏ  အန္တရာယ်များရှိခြင်းကြောင့်  နှစ်လမ်း သွားမှ  လေးလမ်းသွားအဆင့်အထိ လမ်းချဲ့ရမည်ဖြစ်ပါကြောင်း၊  ထိုအာဆီယံဟိုက်ဝေးလမ်း AH 14 လမ်းအဖြစ် ၄၈ ပေအကျယ် လေးလမ်းသွား လမ်းမကြီးအဆင့်ကို တိုးချဲ့ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် Oriental Highway Co.,Ltd တို့မှ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် ပုဂ္ဂိုလ်များသည်လည်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး ပြည်သူများကိုလည်း အသေးစိတ်ချပြပြီးမှ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ လမ်းတိုးချဲ့ခြင်း ဆောင်ရွက်ရာတွင် သတ်မှတ်နယ်နိမိတ်ပြင်ပတွင် လမ်းတိုးချဲ့ရသည့်အတွက် ပျက်စီးဆုံးရှုံးမှု များဖြစ်ပါက ပျက်စီးဆုံးရှုံးသည့် ပြည်သူများ၏ ပိုင်ဆိုင်မှုများအားလုံးကို ထိုက်တန်သောလျော်ကြေး ပေးလျော်မှာဖြစ်ပါကြောင်းနှင့်  ထိုသို့ပေးလျော်ရာတွင်လည်း  သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းနှင့် မိမိတို့မှ ဖွဲ့စည်းပေးထားသည့် လျော်ကြေးသတ်မှတ်ရေးကော်မတီမှ ညှိနှိုင်းပြီး ဆောင်ရွက်ထားသည့် အတိုင်း ပေးချေမည်ဖြစ်ပါကြောင်း၊

တတိယမေးခွန်းနှင့် စပ်လျဉ်း၍ ပျက်စီးခဲ့သည့် လယ်ယာမြေနှင့် တိုက်တာအဆောက်အဦများ လျော်ကြေးပေးရန်ကိစ္စနှင့်ပတ်သက်ပြီး ပမာဏကို သေသေချာချာစစ်ဆေးပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီစသည့် ကော်မတီများနှင့် စုပေါင်းပြီး ဈေးနှုန်း သတ်မှတ် ထားသည့် လျော်ကြေးနှုန်းထားများကို သတ်မှတ်မည်ဖြစ်ပါကြောင်းနှင့်  သတ်မှတ်ပေးသည့် လျော်ကြေးနှှုန်းထားများကို သက်ဆိုင်ရာပြည်နယ်အစိုးရက အတည်ပြုပြီးသည့်အတိုင်း မိမိတို့ ဝန်ကြီးဌာနမှ ပေးလျော်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။