ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် ယခင်ကတည်းက လေယာဉ်ကွင်းများ၊ အဆောက်အဦများ
တည်ရှိပြီးလည်းဖြစ်ပါကြောင်း၊ လေယာဉ်များလည်း အမြဲလိုလို ယနေ့တိုင် ပြေးဆွဲလျက်ရှိခဲ့ပါသည်။ ယခုတိုးချဲ့လေယာဉ် ပြေးလမ်းထပ်မံ တည်ဆောက်လျက်ရှိရာတွင် တိုးချဲ့မည့်လေယာဉ်ကွင်းသည် မည်သည့်ရပ်ကွက်၊ မည်သည့်ကျေးရွာမျှ ထိခိုက်နစ်နာမှုမရှိဘဲ နဂိုမူကတည်းကပင် ကြိုတင်သတ်မှတ် ယူထားသည့်အတွက် ဖြစ်ပါကြောင်း၊ ယခုတိုးချဲ့မည့်အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာများမှ လူနေအဆောက်အဦများ၊ သာသနာရေးအဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ ပါမည်ဟု မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်ကွက်ပြည်သူများအား အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည့်အတွက် ရပ်ကွက်တွင်နေထိုင်ကြသည့် မိဘပြည်သူများအားလုံး စိတ်ဆင်းရဲ၊ စိတ်ပူပန်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေယာဉ်ပြေးလမ်း ထပ်မံတိုးချဲ့ဦးမည် ဆိုပါက မလွတ်သောရပ်ကွက်၊ ကျေးရွာများမှ မိဘပြည်သူများကို မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ထားသည်၊ မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်နှင့် ဆုံးရှုံးနစ်နာသော မြေ၊ အိမ်ရာ၊ သာသနာ၊ အဆောက်အဦများကို မည်ကဲ့သို့ ကုစားပေးမည်ကိုလည်းကောင်း၊ ယခု ထပ်မံတိုးချဲ့မည့် လေယာဉ်ပြေးလမ်းအား ဆက်လက်ဆောင်ရွက်သွားမည်၊ သို့မဟုတ် တိုးချဲ့သင့် သလောက် အထိအခိုက်မရှိ ဆက်လက်ထားရှိမည် စသည့်အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လွိုင်ကော်လေဆိပ်အား မူလလေယာဉ်ပြေးလမ်းတွင် အလျား ၅၂၀၀ ပေ၊ အကျယ် ၇၅ ပေရှိပါကြောင်း၊ လေယဉ်ပြေးလမ်းတွင် လေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်အသုံးပြုနိုင်ရန်အတွက် လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ကို အလျား ၁၈၀၀ ပေ၊ အကျယ် ၁၀၀ ပေ တိုးချဲ့ခြင်း လုပ်ငန်းကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောင်ရွက်ပြီး ယခု ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ အလျား ၁၄၀၀ ပေ တိုးချဲ့ ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါကြောင်း၊ တိုးချဲ့ရန် ကျန်ရှိနေသော အလျား ၄၀၀ ပေကို လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုးချဲ့ပြီးသည့်အခါတွင် လေယာဉ်ပြေးလမ်း အလျား ၇၀၀၀ ပေ၊ အကျယ် ၇၅ ပေ ရရှိမည်ဖြစ်ပါကြောင်း၊ လွိုင်ကော်လေယာဉ်ပြေးလမ်းကို လက်ရှိရည်မှန်းထားသည့်အတိုင်း အလျား ၁၈၀၀ ပေကိုသာ တိုးချဲ့လုပ်ငန်းကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လွိုင်ကော်လေဆိပ်ပိုင် မြေဧရိယာ အတွင်းတွင် ဆောင်ရွက်နေခြင်းဖြစ် ပါကြောင်း၊ လေယာဉ်ကွင်းကို ပေ ၇၀၀၀ အထိသာတိုးချဲ့မည်ဖြစ်ပြီး ဆက်လက်တိုးချဲ့မည့် အစီအစဉ်မရှိပါသဖြင့် မြေသိမ်းဆည်းမှုများ၊ နစ်နာဆုံးရှုံးမှုများနှင့် ကျန်သည့် အစီအစဉ်များ ပေါ်ပေါက်လာနိုင်မည်မဟုတ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
