မိမိတို့ဘီးလင်းမြို့နယ်တွင် နွေစပါး စိုက်ဧက များစွာရှိပါသည်။ နွေစပါးများစိုက်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက် ရပါကြောင်း၊ ချောင်းပိတ်၊ မြောင်းပိတ် ၁၉ ခုကို ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် နီတိုးချောင်းကို ပိတ်ရသည့်လုပ်ငန်းမှာ အဓိကလုပ်ငန်းဖြစ်ပါကြောင်း၊ နီတိုးချောင်းကို ပိတ်ပြီးမှ တခြားချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းကို ဆက်ပြီးလုပ်ဆောင်ရပါသည်။ သို့သော်လည်း နီတိုးချောင်းပိတ်သည့် လုပ်ငန်းသည် နှစ်စဉ် မြေသားနှင့် ပိတ်နေခြင်းဖြစ်သည့်အတွက် ၎င်း ချောင်ဘေးနားတွင်ရှိသည့် လယ်ယာမြေမှ မြေသားများကို ယူရ၊ သယ်ရ၊ ဖို့ရ၍ မိုးတွင်းအချိန်တွင် ၎င်းကို ပြန်ဖြိုပစ်ရပါကြောင်း၊ ၎င်းပတ်ဝန်း ကျင်တွင်ရှိသည့် လယ်ယာမြေဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လာပါကြောင်း၊ မြေသားတမံကို နှစ်စဉ်လုပ်နေရသည့်အတွက်လည်း သက်ဆိုင်ရာဆည်မြောင်း ဦးစီးဌာန၏နိုင်ငံတော် ဘတ်ဂျက်များကို နှစ်စဉ်သုံးစွဲနေရခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနအနေဖြင့် ဒီနီတိုး ချောင်းပိတ်မြေသားတမံလုပ်မည့် အစား ရေထိန်းတံခါးအဖြစ် လုပ်နိုင်မည်ဆိုပါက လယ်ယာမြေ ဆုံးရှုံးမှုနှင့် နှစ်စဉ် နိုင်ငံတော်၏ ဘဏ္ဍာငွေဆုံးရှုံးမှုများ လျော့နည်းသွားမည်ဖြစ်သည့်အတွက် ယခုလာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နီတိုးချောင်းပိတ် မြေသားတမံအစား ရေထိန်းတံခါးအဖြစ် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းချောင်း(နီတိုး)ရေထိန်းတံခါး တည်ဆောက်မည့်နေရာသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာအနီးတွင် တည်ရှိပြီး သဲဖြူချောင်းမှ ခွဲထွက်စီးဆင်းလာသော ရှမ်းချောင်း ရေနုတ်မြောင်းပေါ်တွင် တည်ဆောက်ရန်လျာထားပါကြောင်း၊ ရှမ်းချောင်း (နီတိုး) ချောင်းပိတ် မြေသားတမံအား နှစ်စဉ်ဆောင်ရွက်ရပြီး ပတ်ဝန်းကျင်ရှိ လယ်ယာမြေများကို တူးဖော်ပိတ်ဖို့ရသဖြင့် စိုက်ပျိုးမြေများ နှစ်စဉ် ပျက်စီးဆုံးရှုံးလျက်ရှိပါကြောင်း၊ ရှမ်းချောင်းရေထိန်းတံခါး တည်ဆောက်ခြင်းဖြင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း၊ ရေငန်ဝင်ရောက်သဖြင့် သီးနှံပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခြင်းနှင့်အတူ နွေစပါးစိုက်ပျိုးရေနှင့် အောင်ရေ ဖြည့်သွင်းပေးနိုင်သဖြင့် ဒေသခံတောင်သူ လယ်သမားများ၏ လယ်ယာမြေဧက ၅၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ရေထိန်းတံခါး တည်ဆောက်နိုင်ရန်အတွက် စူးစမ်းလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ဒီဇိုင်းပုံစံတွက်ချက်မှုများအရ ရေနုတ်မြောင်းအကျယ် ၁၅၀ ပေ ပေါ်တွင် အကျယ် ၆ ပေ x အမြင့် ၂၄ ပေ ရေတံခါး (၁၁)ပေါက်ပါ ကွန်ကရစ်ရေထိန်းတံခါး တည်ဆောက်သွားရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျမည့်ငွေမှာ ကျပ်သန်းပေါင်း ၁၄၀၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရှမ်းချောင်း (နီတိုး) ရေထိန်းတံခါးတည်ဆောက် နိုင်ရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားနိုင်ခြင်းမရှိ၍ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် အမျိုးသားစီမံကိန်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းကာလ ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ကာလအတွင်း ရန်ပုံငွေခွဲဝေရရှိမည့်နှစ်တွင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
