(က)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလက်နက်တပ်ဆင် ကိုင်ဆောင်အသုံးပြုခွင့်ကိုဥပဒေ၊နည်းဥပဒေများပြင် ဆင်၍စီမံဆောင်ရွက်ရန်နှင့်ခေတ်မီလက်နက်တပ် ဆင်ပစ်ခတ်ဖမ်းဆီးအသုံးပြုခွင့်ကိုခွင့်ပြုရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၆.၁၂.၂၀၁၅)

ယနေ့နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးနေသော လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ အရိုက်ခံရခြင်း၊ဦးတင်မောင်ဦး (ရွှေပြည်သာ) အသတ်ခံရခြင်းများ ဖြစ်ပေါ်လာသည်အထိ တွေ့မြင်ကြရပါကြောင်း၊ ထို့အပြင် ဖြစ်ပွားနေသော မှုခင်းများနှင်‌့ပတ်သက်ပြီး ဖော်ထုတ်ဖမ်းဆီးမှုများသည်လည်း အားနည်းပြီး အခက်အခဲများရှိသည်ကိုတွေ့ရပါကြောင်း၊  ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိကိုယ်ကို အသက်အန္တရာယ် လုံခြုံမှု ကာကွယ်ရန်အတွက် ရာဘာတုတ်နှင့် လေးဂွလောက်သာ ကိုင်စွဲအသုံးပြုနေရသည်ကို တွေ့ရှိရပါကြောင်း၊ ယခုနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ အသက်အန္တရာယ်ကို ကာကွယ် ခုခံရန်အတွက် ဓားများကို တရားမဝင်ကိုင်တွယ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပြည်သူတွေဘက်ကကြည့်ရင်လည်း ယုံကြည်အားကိုးမှုအားလျော့နည်းလာပြီး မိမိလုံခြုံရေးမိမိ တာဝန်ယူရသည့်  အနေအထားဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆန္ဒပြုမှုများ ထိန်းသိမ်းခြင်းနှင့် မပတ်သက်စေဘဲ ရာဇဝတ်သားများဖမ်းဆီးရေး ကိစ္စရပ်များဆောင်ရွက်ရာတွင် (၁) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လက်နက်တပ်ဆင်ကိုင်ဆောင် တိုးပေးခွင့်ကို ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်စီမံဆောင်ရွက်ရန်  အစီအစဉ် ရှိ/မရှိ။ (၂) အခြားနိုင်ငံများကဲ့သို့ ခေတ်မီလက်နက်များတပ်ဆင်ဖမ်းဆီး အသုံးပြုခွင့်ပေးရန် အစီအစဉ် သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ကွပ်ကဲမှုအောက် တိုင်းဒေသကြီး/ ပြည်နယ်တပ်ဖွဲ့၊ ဌာနများ၊ လေ့ကျင်‌့ရေးကျောင်းများတွင် ဖွဲ့စည်းပုံအဆင်‌့လိုက် ကိုင်ဆောင်ရသော လက်နက်၊ ခဲယမ်းများကို ထည့်သွင်းရေးဆွဲထုတ်ပေးခဲ့ပြီး ကိုင်ဆောာင်အသုံးပြုခွင့် ရရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ချေမှုန်းရေးလက်နက်နှင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဟူ၍ ခွဲခြားသတ်မှတ်ထား ပါကြောင်း၊ ချေမှုန်းရေးလက်နက်များကို သောင်းကျန်းသူ နယ်မြေများနှင့် အရေးကြီး တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့များအတွက် တပ်မတော်၏ အကူအညီဖြင့် ခေတ်မီမောင်းပြန်လက်နက်များ တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ အဓိကရုန်း နှိမ်နင်းရေး လက်နက်များအနေဖြင့် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိပြီး  ပြည်ပမှထုတ်လုပ်သော စံချိန်မီ 38 mm Anti-Riot Grenada Launcher၊ 12 bore Pump Action Shot Gun  သေနတ်များ၊ ၎င်းလက်နက်များတွင် အသုံးပြုသည့် ရာဘာဗုံးသီး၊ ကျည်ဆံများ၊ Soung Six Bang( Hand Grenade)၊ CS Burning (Hand Grenada)မျက်ရည်ယိုဗုံးသီးများကို ၂၀၁၄ ခုနှစ်က စတင်၍ တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၆ (၁)အရ ဖမ်းဆီးရာမှာ ဖမ်းဆီးခြင်းခံရသူက အသာတကြည် အဖမ်းခံမည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာမပြခဲ့လျှင် ဖမ်းဆီးသည့်ရဲအရာရှိ သို့မဟုတ် အခြားဖမ်းဆီးသူသည် ဖမ်းဆီးရမည့်သူကို ကိုယ်ထိလက်ရောက်ချုပ်နှောင်ဖမ်းဆီးရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၄၆(၂) အရ အကယ်၍ ဖမ်းဆီးခံရမည့်သူက ၎င်းအားဖမ်းဆီးခြင်းကို အကြမ်းဖက်ခုခံလာလျှင်၊ သို့မဟုတ် ဖမ်းဆီးခြင်းကို တိမ်းရှောင်ရန် အားထုတ်လျှင် ဖမ်းဆီးသည့် ရဲအရာရှိသည်၊ သို့မဟုတ် အခြားဖမ်းဆီး သူသည် ဖမ်းဆီးရမိသော လိုအပ်သည့်နည်းလမ်းမှန်သမျှကို အသုံးပြုရာတွင် လိုအပ်သော နည်းလမ်းကို အသုံးပြု ဖမ်းဆီးပိုင်ခွင့်ရှိပါကြောင်း၊

ရဲလက်စွဲဒုတိယအပိုဒ် ၁၇၂၉ တွင် ဖမ်းဆီးရန်ရှိသူများ ဘေးအန္တရာယ်ပြုတတ်သည့် လူစားဖြစ်ကြောင်းသိရလျှင် ၎င်းကိုဖမ်းရန် အရာရှိတစ်ယောက်ထက်ပို၍ စေလွှတ်မြဲဖြစ်စေရမည်၊ စေလွှတ်သူအရာရှိအသီးသီးမှာလည်း အလိုရှိလျှင် မိမိကိုယ်တိုင်ကာကွယ်ရန်အလို့ငှာ သင့်ရာ လက်နက်စွဲကိုင် ပါရှိကြရန် အထူးသတိပြုရမည်၊ ဖမ်းဆီးခံရမည့်သူကဖြစ်စေ၊ သို့မဟုတ် ၎င်းအား အားပေးကူညီသူက ဖြစ်စေ သေစေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေမှုပြုလုပ်ရန် သော်လည်းကောင်း၊ အန္တရာယ်ရှိမှသာ ရဲတပ်ဖွဲ့ဝင်များက လက်နက်ကို အသုံးပြုနိုင်ခွင့်ရှိကြောင်း သတိပြုရမည်ဟု  ပြဋ္ဌာန်းထားရှိပါကြောင်း၊ ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်နာဆောင်ရွက်လျက်ရှိပြီး လက်နက်အသုံးပြုကိုင်ဆောင်ခြင်းများကို လိုအပ်ချက်များနှင့်အညီ တာဝန်ရှိသူများမှ ကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြဋ္ဌာန်းချက်များအရ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဖမ်းဆီးရမည့်သူများကို ဖမ်းဆီးရာမှာ ၎င်းတို့၏ အကျင်‌့စာရိတ္တ၊ ပတ်ဝန်းကျင်အကြောင်း ချင်းရာအပေါ် မူတည်ပြီး ကြိုတင်သတင်းရယူကာ ဖွဲ့စည်းပုံအရ ခွင်‌့ပြုထားသော  လက်နက်ခဲယမ်း များကို ကိုင်ဆောင်ပစ်ခတ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊

ရဲတပ်ဖွဲ့ဝင်မျာအနေဖြင့် လုံခြုံရေးတာဝန်ဝတ္တရား ဆောင်ရွက်ရာတွင် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူကိုဖြစ်စေ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၀၀ အရ အကာကွယ်မခုခံလျှင် သေဘေးသို့ ရောက်စေရန်၊ အပြင်အထန်နာကျင်စေရန်၊ မုဒိမ်းကျင်‌့ခံရရရန်၊ လူကိုယ်ခိုးယူရန် သို့မဟုတ် အခြားဘေးအန္တရာယ် တစ်ခုခုဖြစ်စေရန် စိုးရိမ်ဖွယ်ရာအကြောင်းရှိလျင် ပြုလုပ်သူကို သေစေသည် အထိ ကာကွယ်ခုခံပိုင် ခွင့်ရှိကြောင်းနှင့် မိမိပစ္စည်း သို့မဟုတ် အခြားသူ၏  ပစ္စည်းဖြစ်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၀၃ အရ မကာကွယ်မခုခံလျှင် လုယက်မှု၊ ညအချိန်အိမ်ဖောက်ထွင်းမှု၊ မီးဖြင့်အကျိုးဖျက်ဆီးမှု၊ သေဘေးသို့မဟုတ်အပြင်းအထန် နာကျင်စေမှု၊ စိုးရိမ်ရသော ခိုးမှု၊ အကျိုး ဖျက်ဆီးမှု၊ အိမ်ကျော်နင်းမှု များပြုလုပ်လျှင် ပြုလုပ်သူကို သေစေသည်အထိ ကာကွယ် ခုခံပိုင်ခွင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရာတွင် အထက်ဖော်ပြပါ ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊

အချို့သောတရားခံများသည် ပြစ်မှုများကျူးလွန်ပြီးနောက် လျင်မြန်စွာထွက်ပြေးတိမ်းရှောင် တတ်သည့်အလေ့အထရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြစ်မှုကျူးလွန်သော တရားခံများ၏ တည်နေရာကို သိရှိသည်နှင့် ၎င်းတို့ကို အချိန်မီ ဖမ်းဆီးရမည့်နိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ပြုထားသော လက်နက်များ၊ အကြောင်းကြောင်းကြောင့် ပါရှိသွားခြင်းမရှိဘဲ အလျင်အမြန်သွားရောက်ဖမ်းဆီးခဲ့ခြင်းများကြောင့် တရားခံများက ရဲ့တပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်  ရာဘာတုတ်(နံပါတ်ထုတ်)များ အသုံးပြုပြီး တာဝန်ဆောင်ရွက်ရာတွင် ရန်ပြုတိုက်ခိုက်မှု၊ အန္တရာယ်ပြုမှုများဖြစ်ပေါ်ခဲ့သဖြင့်   ခေတ်မီကျင်စက်(Stun Gun) အသုံးပြုခွင့်ကို ၂၄-၉-၂၀၁၅ ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို လည်းကောင်း၊ ၂၀-၁၀-၂၀၁၅ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များကို လည်းကောင်း ထုတ်ပေးခဲ့ပြီး ကိုင်တွယ်အသုံးပြုခွင့်လျက်ရှိပါကြောင်း၊ ၃-၇-၂၀၁၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ၊ နယ်ခြားစောင်‌့ရှောက် ရဲတပ်ဖွဲ့များ၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများနှင်‌့ လေ့ကျင်‌့ရေးကျောင်းများကိုလည်း နိုင်ငံတကာအဆင်‌့မီ ခေတ်မီလက်နက်များ၊ သေနတ်များကို ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ လက်နက်၊ ခဲယမ်း များကို ပစ်ခတ်ခြင်းနှင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုနိုင်ရန်အတွက်လည်း သင်ကြားလေ့ ကျင့်ပေးထားပြီးဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအား ချေမှုန်းရေးလက်နက်များနှင်‌့ အဓိကရုဏ်းနှိမ်နင်း ရေးလက်နက်များကို အဆင်‌့လိုက် ကိုင်ဆိုင်အသုံးပြုခွင်‌့ကိုလည်း လူစုလူဝေးအားကြီးကြပ်ထိန်းသိမ်း ခြင်း လက်စွဲစာစောင်ပါအတိုင်း အသုံးပြုရန်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ 

ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်  နိုင်ငံတော်အတွင်း မှုခင်းကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လက်နက်ကိုင်ဆောင်အသုံးပြုခွင့်များနှင့် စပ်လျဉ်း၍့ ပြစ်မှုဆိုင်ရာ ကျင်‌့ထုံးဥပဒေ၊ ရဲလက်စွဲများတွင် သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါသဖြင့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မှုမရှိသေးပါကြောင်းနှင့်‌့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လိုအပ်သည့် ခေတ်မီလက်နက်များ တပ်ဆင်အသုံးပြုခွင့်ပေးထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။