ဘီးလင်းမြစ်ကမ်းပါးဘေးတွင် တည်ရှိနေသော မုသင်ကျေးရွာ၊ လိပ်ခုံကျေးရွာ၊ ညောင်ပလင် ကျေးရွာတို့တွင် လယ်စိုက်ပျိုးမြေဧက တစ်သောင်းကျော်ခန့် ရှိပါကြောင်း၊ ယခုအခါ ဘီးလင်းမြစ်ကြောင်းတိမ်ကောလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် အဆိုပါ ကျေးရွာများရှိ လယ်ယာစိုက်ပျိုးမြေများတွင် ရေငန်ဝင်ရောက်မှု များပြားပြီး လယ်ယာမြေ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည့်အတွက် ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် ကမ်းပါတ်တမံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဘီးလင်းမြစ်သည် နှစ်စဉ်ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးရလျက် ရှိသည့်အတွက် ဘီးလင်းမြစ်ရေ နှစ်စဉ်ရေကြီးနစ်မြှုပ်မှုနှင့် ရေငန် ဝင်ရောက်မှုများကြောင့် လူနေအိမ်ခြေများနှင့် လယ်ယာမြေများ ဆုံးရှုံးမှုမှ ကာကွယ် နိုင်ရန်အတွက် ဘီးလင်းမြစ်ကမ်းပါတ်တာ တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက် ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဘီးလင်းမြစ်သည် ပင်လယ်နှင့် ဆက်စပ်နေပြီး ဒီရေ အတက်အကျရှိသော မြစ်တစ်ခုဖြစ်၍ နှစ်ပေါင်းများစွာ သဲနုန်းပို့ချခဲ့မှုကြောင့် မြစ်ကြမ်းပြင်မြင့်တက်မှုလည်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဘီးလင်းမြစ်ကမ်းပါတ်တာအား ဘီးလင်းမြို့နယ် မုသင်ကျေးရွာမှ ရွှေလှေကျေးရွာအထိ အလျား ၁၃.၆ မိုင် ပေအားဖြင့် ၇၂၀၀၀ ကျော် တည်ဆောက်ပေးရမည်ဖြစ်ပြီး အဆိုပါကမ်းပတ်တာတလျှောက်ရှိ ရေနုတ်မြောင်းများနှင့် သဘာဝ ချောင်းမြောင်းများ ပေါ်တွင် ရေထိန်းတံခါးများ ရေထုတ်ပေါက်များ ထည့်သွင်းတည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ဘီးလင်းမြစ်ကမ်းပတ်တာ တည်ဆောက်ခြင်းလုပ်ငန်းအတွက် မြင်ပြင်တိုင်းတာခြင်း၊ ဘူမိဗေဒ နှင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ မြစ်ကြမ်းပြင်တိုင်းတာခြင်းလုပ်ငန်းများကို အချိန်ယူ ဆောင်ရွက်ပြီး ရရှိလာသည့် အချက်အလက်များအရ ဒီဇိုင်းပုံစံရေးဆွဲတွက်ချက်ခြင်း၊ ခန့်မှန်းခြေစာရင်း အရ ကုန်ကျစရိတ်နှင့် ရရှိမည့်အကျိုးအမြတ်ကို လေ့လာဆန်းစစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်မှုအခြေအနေ လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်ပြီး နောက် အားသာချက် ရှိမှုအပေါ်တွင် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဘီးလင်းမြစ် ကမ်းပတ်တာ တည်ဆောက်ခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားပြီး မြစ်ကြမ်းပြင် သဲသောင်တူးဖော်ခြင်းလုပ်ငန်းကိုလည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အသေးစိတ်စူးစမ်းလေ့လာမှုများ အချိန်ယူဆောင် ရွက်ရမည်ဖြစ်သဖြင့် ဘီးလင်းမြစ်ကမ်းပတ်တာတည်ဆောက်ခြင်းလုပ်ငန်းအား လတ်တလောတွင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
