မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအချို့တွင် အခင်းအကာနှင့် မျက်နှာကျက်များအပါအဝင် အပြီးသတ် ဆောက်လုပ်ဆောင်ရွက်ပေးရန် လိုအပ်နေသော ကျောင်းများစွာ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အပြီးသတ်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသော ကျောင်းများမှာ ပေါက်မြို့နယ်အတွင်းရှိ လဲပင်အင်းကျေးရွာနှင့် ဝါးမှီးကျေးရွာရှိ မူလတန်း ကျောင်းများ (၆၀ x ၃၀ ပေ)၊ ရန်ဝေးကျေးရွာနှင့် တပွတ်စုကျေးရွာတို့ရှိ မူလတန်းကျောင်းများ (၁၂၀ x ၃၀ ပေ)၊ နတ်စင်ကုန်းကျေးရွာရှိ အ.ထ.က စသိမ်းကျောင်း (၁၂၀ x ၃၀ ပေ)၊ သယ်ပင်ခံကျေးရွာ၊ စဖဲကျေးရွာနှင့် ညောင်းဝန်းပေါက် ကျေးရွာတို့ရှိ မူလတန်းကျောင်းများနှင့် ခင်ရှည်ကျေးရွာ၊ ပင်ထောင်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာတို့ရှိ အ.လ.က (ခွဲ) ကျောင်းများ(၉၀ x ၃၀ ပေ)၊ မုံကုန်းကျေးရွာနှင့် လယ်ယာကျေးရွာရှိ မူလတန်းကျောင်းများ (၆၀ x ၃၀ ပေ)၊ တပ်ကုန်းကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်း (၇၀ x ၃၀ ပေ)၊ ဓာတ်တော်ကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်း (၁၈၀ x ၃၀ ပေ) ကျောင်းများအတွက် ပြုပြင်ထိန်းသိမ်း စရိတ်ရန်ပုံငွေများ ရရှိရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြုပြင်မွမ်းမံအပြီးသတ်တည်ဆောက်ရန် လိုအပ်နေသည့် အထက်ပါ စာသင်ကျောင်း ၁၅ ကျောင်းတို့အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျောင်းများ၏ ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေတွင် ထည့်သွင်းချထားပေးရန် အစီ အစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆိုသည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်နှစ်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းစရိတ် ခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံး အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများပြုပြင်ရန် ရန်ပုံငွေကျပ် ၁၇၁၈.၄၇ သန်းအား ခွဲဝေပေးထားခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ခွဲဝေပေးထားသောငွေများထဲမှ မြို့နယ်ဦးစားပေးအစီအစဉ်အရ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ငွေကျပ်သိန်း ၈၇၀ ကို ထပ်မံခွဲဝေပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ် မူတည်ပြီး မြို့နယ်အတွင်းရှိ ကျောင်းဦးစားပေးအစီအစဉ်အရ အခြေခံပညာကျောင်း ၅ ကျောင်းအား ရန်ပုံငွေခွဲဝေခဲ့ရာ သပွတ်စု အခြေခံ ပညာမူလတန်း(လွန်)ကျောင်းအတွက် ငွေကျပ်သိန်း ၁၆၀၊ လဲပင်အင်း အခြေခံပညာမူလတန်းကျောင်း အတွက် ငွေကျပ်သိန်း ၇၀ တို့ ပါဝင်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးခင်မောင်ညို (ပေါက်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကျန်ရှိသည့် ကျောင်းများကို မည်သည့်နှစ်တွင် ထည့်သွင်းပေးရန် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
မိမိတို့အနေဖြင့် နှစ်စဉ် နှစ်တိုင်း သက်ဆိုင်ရာဒေသများက လိုအပ်ချက်များ တောင်းခံ၍ ဘဏ္ဍာရေး ကော်မရှင်သို့ ပေးပို့ပါကြောင်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဦးစား ပေးအစီအစဉ်အရ လျာထားပေးသွားပါမည်ဟုသာ ပြန်လည် ဖြေကြားသွားပါသည်။
