(ဂ)-မွန်ပြည်နယ်ရှိဘီးလင်းသကြားစက်နှင့်ပတ် သက်၍စက်မှုဝန်ကြီးဌာနအနေဖြင့် AIG Co.ltd ၏ မျက်ကွယ်ပြုမှုများအတွက်အရေးယူဆောင်ရွက်ထား ရှိမှုအခြေအနေနှင့်ဘီးလင်းသကြားစက်ပုံမှန်လည် ပတ်နိုင်ရေးကို မည်သို့စီမံဆောင်ရွက်မည်ကို သိ လိုခြင်း တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ (၂၃.၁၁.၂၀၁၅)

ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်များတွင်ရှိသည့် ဒေသခံကြံတောင်သူတွေ၏ဒေါက်တာစိုးမိုးအောင်(ဘီးလင်း) အဓိကအားထားခဲ့သည့် နိုင်ငံပိုင်စက်ရုံကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်မှ ပုဂ္ဂလိကများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် မူဝါဒနှင့် ဘီးလင်းသကြားစက်ကို ရွှေသံလွင်ကုမ္ပဏီအား ၂၀၁၁ ခုနှစ် (၉)လပိုင်းတွင်  (၁၀)နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ပါကြောင်း၊ ရွှေသံလွင်ကုမ္ပဏီမှ တစ်နှစ်သာစက်လည်ပတ်ပြီး  စက်ကိုအကြီးစား ပြင်ဆင်မည်ဟုဆိုသည့် အကြောင်းပြပြီး အချိန်(၂)နှစ် ယူပြီးနောက် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ ပြန်လည်လုပ်နိုင်ခြင်းမရှိဘဲ ၇ လပိုင်း ၂၀၁၄ ရက်နေ့တွင် ငှားရမ်းပြီး ၃ နှစ်အကြာ နိုင်ငံတော်ကို  ပြန်အပ်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် AIG ကုမ္ပဏီကို နိုင်ငံတော်ပိုင်စက်ရုံမှ ထပ်မံပြီး ၂၀၁၄ ခုနှစ် ၈ လပိုင်းတွင် နှစ်ရှည်ငှားရမ်းစာချုပ်ဖြင့် ချုပ်ဆိုခဲ့ပါကြောင်း၊ AIG ကုမ္ပဏီ၏ လုပ်ဆောင်ချက်များအရ သကြားစက်မှာရှိသော ဝန်ထမ်း ၆၂ ဦးအား ၂၀၁၅ ခုနှစ် ဇွန်လမှစပြီး အောက်တိုဘာလအထိ လုပ်ခလစာ မရသေးပါကြောင်း၊ ကြံစိုက်သူတောင်သူ ၁၃၀ အတွက် ကြံစိုက်ဧက ၂၇၅ ကျော်ကို မျိုးကျန်များ ပြန်လည်ပေးသွင်းမည်နှင့် ပြန်လည်ကောက်ယူပါမည်ဆိုသည့် ကတိစာချုပ်နှင့် မျိုးကျန်များကို ကြံတောင်သူများအား စိုက်ခိုင်းခဲ့ပါကြောင်း၊ AIG ကုမ္ပဏီသည် နိုင်ငံတော်အစိုးရနှင့် အစိုးရကိုယ်စား ပြည်ထောင်စုစက်မှု ဝန်ကြီးဌာနနှင့် နှစ်ရှည်စာချုပ်ချုပ်ထားပြီး နိုင်ငံတော်ကို ပေးသွင်းရမည့် လျှပ်စစ်ဓာတ်အားခ မြန်မာ့လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းကို ပေးသွင်းရမည့် လျှပ်စစ်ဓာတ်အား ခပေါင်း ၂၀၁၅ ခုနှစ် မေလမှစပြီး မပေးသွင်းနိုင်သည့် အခြေအနေမျိုးရှိပါကြောင်း၊ ဘီးလင်းသကြားစက်နှင့် ပတ်သက်ပြီး လက်ရှိနှစ်ရှည်စာချုပ် နှင့်ချုပ်ဆိုထားသည့် AIG ကုမ္ပဏီလီမိတက်၏ မျက်ကွယ်ပြုမှုများအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက အရေးယူဆောင်ရွက်ထားမှုအခြေအနေများကို သိရှိလိုပါကြောင်းနှင့် ကြံစိုက်ပျိုးသူ တောင်သူများ၏ မှီခိုအားထားရသည့် ဘီးလင်းသကြားစက်ကြီးကို ပုံမှန်လည်ပတ်နိုင်ရေးအတွက် တိကျမှန်ကန်သော စီမံချက်များ ဆောင်ရွက်ရန် မည်ကဲ့သို့ စီရင်ဆောင်ရွက်ထားရှိပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဦးသိန်းအောင်စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဘီးလင်းသကြားစက်ရုံကို ၁၉၆၆ ခုနှစ်မှ စပြီး စက်ရုံလည်ပတ်ထုတ်လုပ်ခဲ့ပါကြောင်း၊ ၁၉၈၃-၁၉၈၄ ခုနှစ်မှာတော့ အကြီးစားပြင်ဆင်မွမ်းမံခဲ့ပါတယ်။ သကြားစက်ရုံရဲ့သက်တမ်းက ကြာမြင့်တာနှင့်အမျှ အကြီးစားမွမ်းမံပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ နှစ်စဉ်ပုံမှန် လည်ပတ်ဆောင်ရွက် ခဲ့ရသည့်အတွက်ကြောင့် စက်၏စွမ်းအားများမှာလည်း ကျဆင်းလာပြီး သကြားအထွက်နှုန်းများမှာလည်း လျော့နည်းလာပြီး အရှုံးပေါ်သည့် စက်ရုံတစ်ရုံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဒါကြောင့် ဒီဘီးလင်းသကြားစက်ရုံကို နိုင်ငံတော်မှ တင်ဒါခေါ်ယူခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်စဉ်ငှားရမ်းဆောင်ရွက်နိုင်ရေးအတွက် ၁-၉-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၁)၏ ခွင့်ပြုချက်အရ ရွှေသံလွင် ဟိုက်ဝေး ကုမ္ပဏီလီမိတက်ကို စာချုပ်ချုပ်ဆိုငှားရမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်အနေဖြင့် စတင်ငှားရမ်းခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ကြံရာသီတွင် စက်ရုံကိုလည်ပတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကစပြီး အကြီးစားပြင်ဆင်မွမ်းမံရန်ဆိုပြီး မိမိတို့ထံ ခွင့်တောင်းပြီး ၂ နှစ် ရပ်နားခွင့်တင်ခဲ့ပါကြောင်း၊ သို့သော်လည်း ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ အကြီးစား ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ ဘီးလင်းသကြားစက်ရုံကို ငှားရမ်းထားသည့် ဝန်ထမ်းလစာများအတွက် အခက်အခဲရှိသည့် အတွက်ကြောင့် ၂၇-၁-၁၃ ရက်နေ့တွင် တစ်ကြိမ်၊ ၁၃-၂-၁၃ ရက်နေ့တွင် တစ်ကြိမ် ပြန်လည်အပ်နှံခွင့်ပြုရန် တင်ပြခဲ့သည့် အတွက်ကြောင့် ပုဂ္ဂလိကကုမ္ပဏီများကို  ထပ်မံပြီးစက်ရုံငှားရမ်းရေးအတွက် တင်ဒါခေါ်ယူခဲ့ပါကြောင်း၊  တင်ဒါတင်သွင်းသူ (၂) ဦး ရှိခဲ့ပါကြောင်း၊ ၃၁-၇-၂၀၁၄ ရက်နေ့တွင်  ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၄)၏ ခွင့်ပြုချက်အရ တင်ဒါအောင်မြင်သည့် Agro Innovation Group Public Co.,Ltd သို့ ၁-၈-၂၀၁၄ ရက်နေ့မှစပြီး (၂၅+၅+၅)နှစ် သက်တမ်းနှင့် တစ်နှစ်ကို  ငှားရမ်းခ ကျပ်သန်း(၅၀)ဖြင့် နောင်ရိုးကြံစိုက်ကွင်း (၁၃၅၅.ဝ)ဧက အပါအဝင် ဘီးလင်းသကြားစက်ရုံကို စာချုပ်ချုပ်ဆိုပြီး ငှားရမ်းဆောင်ရွက်ခဲ့ပါကြောင်း၊

Agro Innovation Group Public Co.,Ltd အနေဖြင့် ကြံ စိုက်ပျိုးရေးအတွက် ဒေသခံတောင်သူများကို ၁ ဧကကို ၂၇၆၀၀၀ ကျပ်နှင့်  စိုက်ပျိုးစရိတ်ချေးပေးခဲ့ပြီး စိုက်ပျိုးဧက ၂၇၅ ဧကအတွက် ၇၅.၉ သန်းကို ကုမ္ပဏီမှ စိုက်ထုတ်ချေးပြီး စိုက်ပျိုးစေသကဲ့သို့ နောင်ရိုးစိုက်ကွင်းကိုလည်း ကြံစိုက်ပျိုးရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း စက်ရုံပိုင်စိုက်ကွင်းအတွင်း  ဒေသခံ ရွာသားများမှ ကျူးကျော်ခြင်း၊ နှောက်ယှက်ခြင်းများကြောင့် ထိုကုမ္ပဏီသည် သတ်မှတ်သည့် စိုက်ပျိုးဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်းမရှိဘဲ အခက်အခဲများနှင့် ကြံတွေ့လာခဲ့ရပါကြောင်း၊

နောင်ရိုးကြံစိုက်ကွင်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြညှိနှိုင်း ဆောင်ရွက်သည့်အခါတွင် ကျူးကျော်မှုများဆက်လက်ရှိနေသည့် အတွက်ကြောင့်  ကုမ္ပဏီအနေဖြင့် စက်လည်ပတ် ထုတ်လုပ်နိုင်ရေးနှင့် စက်ပြင်ဆင်မွမ်းမံရေးကိစ္စများကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊

Agro Innovation Group Public Co.,Ltd အနေဖြင့် စက်ရုံကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လည်းကောင်း၊ ဝန်ထမ်းလစာနှင့် လျှပ်စစ်မီတာခများကို ဇွန်လတွင်လည်းကောင်း ပေးသွင်းနိုင်ခြင်း မရှိခြင်းအတွက် မြန်မာ့ဆေးဝါးလုပ်ငန်း (ရုံးချုပ်)အနေနှင့် ကုမ္ပဏီကိုခေါ်ယူညှိနှိုင်းသော်လည်း ဆက်သွယ်အကြောင်းကြားလာခြင်းမရှိဘဲ စက်ရုံငှားရမ်းရေး သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို ပျက်ကွက်သည့် အတွက်ကြောင့် ကုမ္ပဏီကို  စက်ရုံငှားရမ်းရေး သဘောတူစာချုပ်ရပ်ဆိုင်းပြီး ရရန်ရှိသည့် စက်ရုံငှားရမ်းခများ၊ ဝန်ထမ်းလစာစရိတ်များ၊ ပင်စင်ထည့်ဝင်ကြေးများ၊ လျှပ်စစ်ဓါတ်အားခများအား တောင်းခံရန်အတွက် ဆောင်ရွက်နေပါကြောင်း၊ တင်သွင်းထားသည့် လုပ်ငန်းစပေါ်ငွေ ၁၄.၅ သန်း ရှိပါကြောင်း၊ ၃၆ သန်း တန်ဖိုးရှိသည့် Truck ကားတစ်စီးသွင်းထားတာရှိပါကြောင်း၊ မိမိတို့စက်ရုံတွင် ထိန်းသိမ်းထားပါကြောင်း၊

ဘီးလင်းသကြားစက်ရုံကို ထပ်မံရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်လိုသူကို ညှိနှိုင်းဆောင်ရွက်ရာတွင် တဲ့အခါမှာ Super One Dragon Co.,Ltd က ငှားရမ်းလိုကြောင်း တင်သွင်းလာသည့်အတွက် ၁၂-၁၀-၂၀၁၅ ရက်နေ့၌ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ Super One Dragon Co.,Ltd က ကတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပါကြောင်း၊ ထို့နောက် Super One Dragon Co.,Ltd က စက်ရုံဝန်ထမ်းများ၏ လစာနှင့်ပင်စင်စရိတ်များကို မိမိတို့ စိုက်ထုတ်ပေးမည်ဖြစ်ကြောင်းနှင့်စက်များကိုလည်း ပြန်လည်အစားထိုး မွမ်းမံ ပြင်ဆင်၍ နည်းပညာများ ဖြန့်ဝေကာ ကြံများကိုလည်း တိုးမြှင့်စိုက်ပျိုးပြီး သကြားထုတ်ကုန်အတွက် ဆောင်ရွက်မည်ဟု တင်ပြလာသည့်အတွက် ရေးကို ဆောင်ရွက်မယ် ဆိုပြီးတော့ တင်ပြလာတဲ့အတွက်ကြောင့် Super One Dragon Co.,Ltd ၁-၁၁-၂၀၁၅ ရက်တွင် ဆက်လက်ငှားရမ်းရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဘီးလင်းသကြား စက်ရုံသည် စက်ရပ်နားထားမှု အချိန်ကြာမြင့်ခဲ့သည့်အတွက် စက်ရုံပြန်လည်ပတ် နိုင်ရေး အချိန်ယူပြီး အကြီးစားပြင်ဆင်မွမ်းမံခြင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကုန်ကြမ်း ရရှိရေး အတွက်လည်း အချိန်နှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်များ စိုက်ထုတ်ဆောင်ရွက်မှသာလုပ်ငန်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မွန်ပြည်နယ်၊ ဘီးလင်းသကြားစက်ရုံကို  Super One Dragon Co.,Ltd အနေဖြင့် စက်လည်ပတ်နိုင်ရေးအတွက် နိုင်ငံခြားသား ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး စက်အသစ်များတည်ဆောက်ရေးဆောင်ရွက်သကဲ့သို့ ကြံစိုက်ပျိုးနိုင်ရေးအတွက်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ဒေသခံတောင်သူများနှင့် ဆွေးနွေးညှိနှိုင်းလျက် ကြံများ စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာစိုးမိုးအောင်(ဘီးလင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နောင်ရိုးကြံစိုက်ခင်း၏ ကြံမစိုက်နိုင်သည့် အခက်အခဲကြောင့် စက်ရုံကိုအကြီးစားပြင်ဆင်မှု မလုပ်နိုင်ဘူးဆိုသည့် အအကြောင်းပြချက်များဖြင့် ကုမ္ပဏီကစက်ရုံကိုအကြီးစားပြင်ဆင်မှုမလုပ်နိုင်ဟု ဆိုခြင်းများသည် မှန်ကန်မှုရှိ။မရှိ၊  နိုင်ငံတော်အစိုးရကိုယ်စားစာချုပ်ချုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် နှစ်ရှည်ငှားရမ်းစာချုပ်တွေချုပ်ဆိုချိန်များ၌ မည်သည့် ဘယ်လိုအစီအမံဖြင့် အခိုင်အမာဆောင်ရွက်ခဲ့သည်ဆိုသည်နှင့် အခြားကုမ္ပဏီတစ်ခုနှင့် နှစ်ရှည် ငှားရမ်းပြီးပြန်လည်ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရမည့် အစီအမံများကို မည်သို့ ထည့်သွင်း ထည့်သွင်းချုပ်ဆိုထားသည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်

မိမိတို့အနေဖြင့် စာချုပ် ချုပ်ဆိုရာတွင် တင်ပြ ပြီး စနစ်တကျ ချုပ်ဆိုပါကြောင်း၊ သို့သော်လည်း Agro Innovation Group Public Co.,Ltd အနေဖြင့် ဒေသခံ တောင်သူများကို အဓိကထား ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နောင်ရိုးစိုက်ကွင်းကို ဟာ စိုက်ကွင်းကို သေသေချာချာစနစ်တကျ စီမံဆောင်ရွက်သော်လည်း ကျူးကျော်ပြီးဝင်ရောက်မှုများရှိသည့်အတွက်  အခက်အခဲများ ကြုံတွေ့ခဲ့ရသည့်အနေအထားရှိပါကြောင်း၊

Super One Dragon Co.,Ltd က မန်းနေဂျင်းဒါရိုက်တာ ဒေါ်စန်းစန်းရီ အနေဖြင့် ဘီးလင်းသကြားစက်ရုံကြီး၏ လုပ်ငန်းများကို စိတ်ဝင်စားသည့်အတွက် ဂျပန်ကကိုယ်စားလှယ်များ ခေါ်လာပါကြောင်း၊ တောင်သူများ စိုက်ပျိုးနေသည့် ကြံများကိုလည်း ပြန်လည်ဝယ်ယူမည်ဖြစ်ပါကြောင်း၊ ထို့နောက် အဆိုပါကြံများကို မျိုးအနေဖြင့် ပြန်လည် ဖြန့်ဝေမည်ဖြစ်ပါကြောင်း၊ကန်ထရိုက်အနေဖြင့်လည်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း တင်ပြလာသည့်အတွက်  နှစ်ဦးနှစ်ဖက်သဘောတူ စာချုပ်ချုပ် ပြီး အစိုးရအဖွဲ့ကို တင်ပြ ဆောင်ရွက် လျက်ရှိပါကြောင်း၊ Super One Dragon Co.,Ltd သည် ကငွေရေးကြေးရေးခိုင်မာတောင့်တင်းသော ကုမ္ပဏီလည်း ဖြစ်ပါသည့်အတွက် ယုံကြည်စွာနှင့် မိမိတို့က ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မူလစာချုပ်ကို  ပျက်ကွက်သော Agro Innovation Group Public Co.,Ltd ကိုလည်း စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်း ဥပဒေအရ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။