(င)-နွေရာသီ၌နှစ်စဉ် ကြုံတွေ့နေရသော သောက် သုံးရေရှားပါးမှုပြဿနာများကိုဖြေရှင်းပေးနိုင်ရန်နှစ်တို /နှစ်ရှည်စီမံကိန်းများမည်ကဲ့သို့ချမှတ်အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည် နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၅.၁၀.၂၀၁၄)

ဗိုလ်မှူးဇင်မျိုးလတ် (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးဇင်မျိုးလတ် (တပ်မတော်သားကိုယ်စားလှယ်)မိမိတို့နိုင်ငံသည် သောက်သုံးရေရှားပါးမှုပြဿနာကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားအရပ် ဒေသများမှမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ သောက်သုံးရေရှားပါးမှုပြဿနာကို နိုင်ငံတော်အစိုးရ အနေဖြင့်လည်း သောက်သုံးရေရရှိရန်အတွက် ရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်ပြီး လက်ရေတွင်း၊ စက်ရေတွင်းများအပါအဝင် ရေတွင်း၊ ရေကန်များတူးဖော်ပေးခြင်း၊ ရေတွင်း၊ ရေကန်များပြုပြင်ခြင်း၊ ဆည်ဖို့ခြင်း၊ ဆည်မြောင်းတာတမံများ တည်ဆောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းနှင့် သုတေသနပြုလုပ်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

လက်ရှိလူဦးရေသာမကဘဲ နောင်အနာဂတ်တွင် တိုးပွားလာမည့် လူဦးရေနှင့် လူတစ်ဦး အသုံး ပြုနိုင်သော သောက်သုံးရေ ရေချိုပမာဏ၊ တိမ်ကောသွားမည့် သဘာဝရေအရင်းအမြစ်များ၊ အသစ် ဖော်ထုတ်နိုင်မည့် သဘာဝရေအရင်းအမြစ်များ၊ လူလုပ်ရေတွင်း၊ ရေကန်၊ ဆည်မြောင်း၊ တာတမံများ၊ နှစ်စဉ်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သုံးသပ်ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံ နွေရာသီအချိန်တွင် နှစ်စဉ်ကြုံတွေ့နေရသော သောက်သုံးရေရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် နှစ်တို/နှစ်ရှည် စီမံကိန်းများ မည်ကဲ့သို့ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံ(Infrastructure) များဖြစ်သည့် လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ တန်ဖိုးနည်းအိမ်ရာနှင့် ယင်လုံအိမ်သာကဲ့သို့သော တည်ဆောက်ရေး လုပ်ငန်းများအပြင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် စေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နိုင်ငံတော်ဘတ်ဂျက်နှင့် ခွင့်ပြုငွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၀၀-၂၀၀၁  ဘဏ္ဍာရေးနှစ်မှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အထိ အပူပိုင်းဇုန် တိုင်းဒေသကြီး ၃ တိုင်းနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များ၏ ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေး ၅ နှစ်စီမံကိန်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၃၁ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေး အနှစ် ၂၀ စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် အပူပိုင်းဇုန် တိုင်း ၃ တိုင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၈၇ ရွာမှာ ရေရရှိရေးလုပ်ငန်း ၈၇ ခုကို JICA ဖြင့် ပူးပေါင်း၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၃၁၆ ရွာ၊ ရေရရှိရေးလုပ်ငန်း ၃၃၆ ခုကို UNICEF ဖြင့် ပူးပေါင်း၍လည်းကောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၇၄၀၂ ရွာ၊ ရေရရှိရေးလုပ်ငန်း ၈၁၇၁ ခုအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် သောက်သုံးရေရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့များ၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နှစ်တို/နှစ်ရှည် စီမံကိန်းများဖြင့်လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် (UNICEF)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) စသည့်အဖွဲ့များဖြင့် မြို့ပြ၊ ကျေးရွာအနှံ့အပြား ရေပေးဝေရေးလုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ငွေကျပ် ၃၈၂၁၇.၅၅ သန်းဖြင့် လုပ်ငန်းပေါင်း ၃၃၀၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။