ခ)-နိုင်ငံတစ်နိုင်ငံ၏အဂတိလိုက်စားမှုနှင့် လာဘ်ပေး/ယူမှုများကိုအဓိကဖြေရှင်းရန်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်မည် သို့သောအရေးယူမှုများဆောင်ရွက်နေပါသနည်းနှင့် လုပ်ငန်းဆောင်ရွက်မှုအောင်မြင်မှုရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ (၂၃.၁၁.၂၀၁၅)

ဦးတင်မောင်ဦး(ရွှေပြည်သာ) နိုင်ငံတော်အနေဖြင့်  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးက ဆောင်ရွက်နေသည့် အချိန်တွင် အဓိကစိန်ခေါ်မှုအဖြစ်ကြုံတွေ့နေရသည်မှာ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု များဖြစ်ပါကြောင်း၊ အစိုးရအသစ်ပေါ်ထွန်းလာချိန်မှ စတင်၍ သန့်ရှင်းတဲ့အစိုးရဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ အမိန့်/ ညွှန်ကြားချက်များ ထုတ်ပြန်၍ ထိန်းကျောင်းခြင်းများကို ဆောင်ရွက်ရန်ရှိခဲ့ပါကြောင်း၊ သို့သော် လက်တွေ့အခြေအနေရှိ ကိန်းဂဏန်းများကို  အဓိကမထားဘဲ လေ့လာမည်ဆိုပါက နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုများသည် လျော့နည်းပပျောက်သွား သည့်နေရာများရှိသကဲ့သို့ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုပြုနေသည့် ဌာနတော်တော်များများ တိုးပွားလာသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ကော်မရှင်များ၏ လုပ်ဆောင်မှုများ  အောင်မြင်မှုမရှိသည်မှာလည်း လုပ်ပိုင်ခွင့်အားနည်းမှုကြောင့် ဖြစ်သည်ဟု ပြည်သူများက သုံးသပ်ကြသည်ကို ကြားသိရပါကြောင်း၊ ထို့ကြောင့် (၁) အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဆိုပါကိစ္စများကို မည်သို့သောစနစ်နှင့် အရေးယူဆောင်ရွက်နေသည်။ တိုင်ကြားစာ (သို့) သတင်းအရ စစ်ဆေးခြင်းမျိုး ဟုတ်/မဟုတ်၊ (၂) ယခုထက်ပိုမို၍ လာဘ်ပေးလာဘ်ယူမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ယခင်ကျင်‌့သုံးခဲ့ဖူးသော ပိုင်ဆိုင်မှုစစ်တန်းကောက်ယူမှုကို ကျင့်သုံးရန် အစီအစဉ် ရှိ/မရှိ၊ (၃) ယနေ့ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုကို အောင်မြင်မှုရှိ/မရှိဆိုသည်ကို မည်သို့သုံးသပ်သည်နှင့် (၄) ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်မှုမရှိကြောင်းနှင်‌့ အားရကျေနပ်ဖွယ်မရှိကြောင်း ဝေဖန်ပြောဆိုမှုအပေါ် မည်သို့ဖြေရှင်းလိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးမြဝင်း
အဖြေ

ဥက္ကဋ္ဌ ဦးမြဝင်းပထမမေးခွန်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် တိုင်စာများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မ ၄၃ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက် များအရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က တာဝန်ပေးအပ်သည်‌့အခါတွင်လည်းကောင်း၊ နစ်နာသူကတိုင်ကြားလာသည့် အခါတွင်လည်းကောင်း၊ ဥပဒေ ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်ချက် သုံးရပ်နှင့် ငြိစွန်းမှုမရှိသည့်အခါများတွင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရပါ ကြောင်းနှင့် သတင်းကြားရုံမျှဖြင့် စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ရန် ဥပဒေတွင် ပြဋ္ဌာန်းပေးထားခြင်း မရှိပါကြောင်း၊

ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၇ နှင့် ပုဒ်မ ၄၈ တွင် လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ မိသားစုပိုင်ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင်‌့များ ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်းပြီး ကော်မရှင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံစိစစ်ပြီး အမိန့် ကြော်ငြာစာ ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊  ပြဋ္ဌာန်းချက်ပါ လုပ်ငန်းများသည် ကြီးမားကျယ်ပြန့်သည်ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းပုံစံများ စနစ်တကျသတ်မှတ်ထားရှိမှု မရှိပါက ကိုင်တွယ်ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲပြီးမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေကို ရေးဆွဲရာတွင် ၁၀-၇-၂၀၁၅ ရက်နေ့၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၇ ပုဒ်မခွဲ(က)နှင့် အညီ ၂၇-၇-၂၀၁၅ ရက်နေ့တွင် လွှတ်တော်သို့ဖြန့်ဝေတင်ပြထားပြီး ဖြစ်ရာ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်မရှိပါက အဆိုပါကိစ္စရပ်များကို နည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စတင်ဖွဲ့စည်းသည့်နေ့မှ စတင်၍ ယနေ့အထိ တရားစွဲဆို အရေးယူခဲ့သည့် ပုဂ္ဂိုလ် ကိုးဦး၊ ဝန်ထမ်းစည်းကမ်းစည်းမျဉ်းအရ အရေးယူခဲ့သည့် ပုဂ္ဂိုလ် ၁၂၅ ဦး နှင့် စုံစမ်းစစ်ဆေးနေဆဲ ကိစ္စရပ် သုံးခုရှိပါကြောင်း။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့ ဖြေရှင်းဆောင်ရွက်ပေးခြင်းကြောင့် ပြေလည်ခဲ့သည့် ကိစ္စရပ် ၃၁ ခုရှိပါကြောင်းနှင့် နိုင်ငံတော်ကို ပြန်လည်သွင်းငွေပေါင်းမှာ ကျပ် ၂၀၆၈၅၀၀၀ ဖြစ်ကြောင်း၊  ကော်မရှင်က တိုင်စာ များကို တိုက်ရိုက်စစ်ဆေးတရားစွဲဆို အရေးယူခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာ ကိစ္စရပ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လည်းကောင်း ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် ပြည်ထောင်စု ဝန်ကြီးဌာန ၃၀ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတည်ရှိသော မြို့ကြီးများ၊ ဝန်ထမ်း အဖွဲ့အစည်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ဟောပြောမှုများ ပြုလုပ် နိုင်ခဲ့ခြင်းတို့ကြောင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုသည် အထိုက်အလျောက်အောင်မြင်မှု ရှိ ကြောင်း၊

နောက်ဆုံးမေးခွန်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့မှသာ ကော်မရှင်ရုံးကိုပါ တပါတည်း ဖွင့်လှစ် တည်ထောင် ခဲ့ရခြင်း ဖြစ်သော်လည်း အဆိုပါအချိန်မှပင် စတင်၍ တိုင်စာများကို လက်ခံဆောင်ရွက်ခဲ့ရပါကြောင်း၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများဖြင့် လုပ်ကိုင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ခြင်းကြောင့် ကျွမ်းကျင်ဝန်ထမ်းများ ရရှိရေးအတွက် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများဆက်တိုက် ဖွင့်လှစ်ပို့ချ ပေးခဲ့ရပါကြောင်း၊ သန္ဓေဝန်ထမ်းများ မရခင် ကာလအတွင်း ပြည်ထောင်စုဝန်ကြီးဌာနများ၏ အကူအညီများဖြင့် တောင်းခံဆောင်ရွက် ခဲ့ရပါကြောင်း၊  တစ်ချိန်တည်းမှာပင် တိုင်စာများစိစစ်ခြင်း၊ စစ်ဆေးခြင်း လုပ်ငန်းများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရခြင်း၊ နည်းဥပဒေ မူကြမ်းကိုလည်း  ရေးဆွဲရခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိဝန်ထမ်းများနှင့် ပြည်သူလူထု အဖွဲ့အစည်း များကို ပညာပေးဟောပြောမှုများ ပြုလုပ်ရခြင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ မိမိနိုင်ငံက အခြားနိုင်ငံအပေါ် သုံးသပ်ခြင်းနှင့် မိမိနိုင်ငံအပေါ် အခြားနိုင်ငံက သုံးသပ်ခြင်း လုပ်ငန်းများကိုလည်း ၂၀၁၅ ခုနှစ်အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်နေရခြင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတင်ပြဋ္ဌာန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် သည့်အတွက် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာချနေရသည့် အချိန်ဖြစ်ပါကြောင်းနှင့်   အခြေခံ အုတ်မြစ်ပြည့်စုံမှသာ ရေရှည်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတင်မောင်ဦး (ရွှေပြည်သာ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယနေ့လွှတ်တော်ကာလတွင် မှာ ထုတ်ပြန်ခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်း ဥပဒေနှင့် ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌကြီး လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက် အခဲများ၊ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ပြရန် အစီအစဉ် ရှိ/မရှိဖို့ သိလိုပါကြောင်း မေးမြန်းပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးမြဝင်း

ဥပဒေပိုင်းနှင့်ပတ်သက်၍ ကော်မရှင်အနေဖြင့်  လိုအပ်ချက်များကို လေ့လာသုံးသပ်ချက်တိုင်း ဆောင်ရွက်ထားတာရှိပါကြောင်းနှင့် အဆိုပါဥပဒေများနှင့် စပ်လျဉ်းသောကိစ္စရပ်များကို လွှတ်တော်ကိုတင်ပြထားပါကြောင်းနှင့် လွှတ်တော်၏ ပြန်ကြားလာမှုအပေါ် သုံးသပ်ချက်နှင့် ဆောင်ရွက်ခြင်းအပိုင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြန်လည် တင်ပြပါသည်။