(ဃ)-နိုင်ငံအဝှမ်း သင့်တင့်သော ကျေးရွာတိုင်း၌ စိုက်ပျိုးရေရရှိရေးအတွက်ဆည်ငယ်၊ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ မြေအောက်ရေတွင်းများ တူးဖော်ပေးခြင်းနှင့်လျှပ်စစ်ဖြင့်ရေတင်ပေးခြင်း များဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၅.၁၀.၂၀၁၄)

ဦးအောင်မြင့် (ဂန့်ဂေါ)အစိုးရသစ်လက်ထက် နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ငွေကြေး အမြောက်အမြား အကုန်အကျခံ၍ ဆောင်ရွက်ပေးလျက်ရှိသောကြောင့် လူနေမှုအဆင့်အတန်းများသည်လည်း တောနှင့် မြို့ များတွင် ကွာဟမှု နည်းပါးနေကြပြီဖြစ်ပါကြောင်း၊

နိုင်ငံတော်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်တောရွာနေပြည်သူများ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း၏ အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေလုံလောက် ရရှိရေးပင် ဖြစ်သောကြောင့် ကျေးလက်တောရွာနေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ အဓိကလုပ်ငန်းသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးအောင် စိုက်ပျိုးရေရရှိရေးကို အထူး ဦးစားပေးလုပ်ငန်းအဖြစ် နိုင်ငံတော်မှဆောင်ရွက်ပေးရန် အဓိကလိုအပ်လျက်ရှိပါကြောင်း။ ရေလုံလောက် ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်နိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းနှင့် စီးပွားရေးများ ကောင်းမွန်ပြီး ဆင်းရဲနွမ်းပါးမှုကို အလျင်အမြန် လျော့ကျစေမှာ ဖြစ်ပါကြောင်း၊ နိုင်ငံအဝှမ်း သင့်တော်ပြီး လိုအပ်သော ကျေးရွာတိုင်း၌ ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ ရေတွင်းများတူဖော်ပေးခြင်းနှင့် လျှပ်စစ်ဖြင့်ရေတင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား ကြွယ်ဝကြီးပွားချမ်းသာစေလိုသောဆန္ဒများနှင့် နိုင်ငံတော်မှ စိုက်ပျိုးရေရရှိရေးအား သင့်တော်သောကျေးရွာတိုင်း၌ စီမံကိန်းတစ်ရပ်ချမှတ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်နယ် နှင့်တိုင်းဒေသကြီးများမှာ စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်တမံများတည်ဆောက်ခြင်း၊ ဆည်ရေ သောက်စနစ်များ၊ ရေတံခါးများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ကျေးလက်ဆည်ကန်များ ပြုပြင်ခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေးအတွက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆည်ငယ်/ကန်ငယ် ၂၀၆ ခု၊ သီးသန့်ရန်ပုံငွေ ဖြင့် ဆည်ငယ်/ ကန်ငယ် ၂၁၈ ခု၊ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာလည်း နွေစပါးရေရရှိရေး လုပ်ငန်းများ၊ ကျေးလက် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် ဆည်ငယ်၊ကန်ငယ် ပြုပြင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်ပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

  ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသစိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးလက်ဆည်ကန်များပြုပြင်ခြင်း ၁၃၂ ခု၊ မကွေးတိုင်းဒေသကြီး တွင် ဆည်ငယ်၊ ကန်ငယ် ၁၆၀ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ဆည်ငယ်၊ ကန်ငယ် ၉၅၆ ခု ပြုပြင်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိရာတွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊

မြစ်ရေတင်လုပ်ငန်းနှင့် မြေအောက်ရေရရှိရေးလုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေရေး ဆောင်ရွက်ပေးလျက်ရှိ ရာတွင် ယနေ့အထိမြစ်ရေတင်လုပ်ငန်း ၃၃၂ ခုနှင့် မြေအောက်ရေစက်ရေတွင်း ၁၂၂၆၆ တွင်း ဆောင်ရွက်ပေးခဲ့ပြီး  ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းတွင် မြစ်ရေတွင်းလုပ်ငန်း ၁၆ ခုနှင့် စက်ရေတွင်း ၂၀၉၄ တွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် နိုင်ငံအဝှမ်းသင့်တော်ပြီး လိုအပ်တဲ့ ကျေးရွာတိုင်းမှာ ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ ရေတွင်းများတူးဖော်ပေးခြင်းနှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ပါက ကျေးလက်နေပြည်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊

အဆိုပါလုပ်ငန်းများကိုနိုင်ငံတော်မှ စီမံချက်ချ၍ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း ပြည်နယ်/တိုင်း ဒေသကြီး အစိုးရအဖွဲ့များမှ ဒေသ၏ လိုအပ်ချက်အခြေအနေနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေး ဆောင်ရွက်ပေးရန် ညှိနှိုင်းလာမှုအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဖွံ့ဖြိုးတိုးတက်လာသော လျှပ်စစ်ဓါတ်အား လိုအပ်ချက် အရ နိုင်ငံတစ်ဝှမ်းလုံးရှိတဲ့ ဓါတ်အားသုံးစွဲသူများကို စဉ်ဆက်မပြတ် ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် ဆောင်ရွက်နေရပါကြောင်းနှင့် ယင်းဓါတ်အားလိုင်းများမှ တစ်ဆင့် ကျေးရွာများရေရရှိရေးလုပ်ငန်းနှင့် လျှပ်စစ်မြစ်ရေတင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်မှု အပေါ်မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားရရှိရေးကိစ္စကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်၊

ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၀၀-၂၀၀၁ မှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း အပူပိုင်းဇုံတိုင်းဒေသကြီး ၃ တိုင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် များတွင်ရှိသော ကျေးလက် ရရှိရေး ၁၀ နှစ်စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေး အနှစ် ၂၀ စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် အပူပိုင်းဇုံတိုင်း ၃ တိုင်းတွင် ၂၀၁၂-၂၀၁၃ မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အထိ ကျေးရွာပေါင်း ၈၇ ရွာမှာ ရေရရှိရေးလုပ်ငန်း ၈၇ ခုကို JICA နှင့် ပူးပေါင်းပြီး ပူးပေါင်း ဆောင်ရွက်မှုဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ၂၀၁၂-၁၃ မှ ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်အထိ ကျေးရွာပေါင်း ၃၁၆ ရွာတွင် ရေရရှိရေးလုပ်ငန်း ၃၃၆ ခု UNICEF ဖြင့် ပူးပေါင်းပြီး လည်းကောင်း၊ ၂၀၁၂-၁၃ မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၇၄၀၂ ရွာမှာ ရေရရှိရေး လုပ်ငန်း ၈၁၇၁  ခုကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၃၈၂၁၇.၅၅ သန်းထိ တိုးမြှင့်ခွဲဝေရရှိခဲ့သဖြင့် တွင်းတိမ် ၁၇၆ တိမ်၊ တွင်းနက် ၉၈၂ တွင်း၊ လက်တူးတွင်း ၃၁၉ တွင်း၊ ရေကန် ၈၆၈ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း ၇၃၈ ခုနှင့် အခြားရေပေးရေး လုပ်ငန်း ၂၂၆ ခု၊ စုစုပေါင်းရေရရှိရေးလုပ်ငန်း ၃၃၀၉ ခုကို ဒေသခံပြည်သူများရဲ့ လိုအပ်ချက်နှင့်အညီ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊

ကျေးလက်ရေပေးရေးစီမံကိန်းလုပ်ငန်းများကို ပြည်ထောင်စုဘဏ္ဍာငွေ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၏ အထောက်အပံ့၊ အကူအညီတို့ဖြင့် ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံပြည်သူများမှ စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊ ရေပေးရေးစီမံကိန်းများမှ ရရှိလာမည့် အကျိုးကျေးဇူးများကြောင့် ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အထောက်အပံ့ဖြစ်စေ မည်ဖြစ်ပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများအနေဖြင့် ရေမြေသဘာဝနှင့် အခြေအနေ အပေါ်မူတည်ပြီး မိုးရွာသွန်းမှုများပြားသော မြန်မာနိုင်ငံအောက်ပိုင်းဒေသ များတွင် ရေထိန်းတံခါးများ တည်ဆောက်ခြင်း၊ ရေကြီးကွင်း ရေနက်ကွင်းများမှာ ရေနုတ်‌မြောင်းများ ဖော်ထုတ်၍ စိုက်ပျိုးမြေ ဖော်ထုတ်ခြင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မိုးရွာသွန်းမှုနည်းပါးသော ဒေသ များတွင် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့အပြင် ဒေသခံပြည်သူများ၏ တင်ပြချက်များအား ဖြစ်နိုင်ချေပေါ်မူတည်ပြီး ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ မြေအောက်စက်ရေတွင်းများတူးဖော်ပေးခြင်းနှင့် စက်ရေတွင်း စီမံကိန်းများ  အကောင်အထည်ဖော် ပေးလျက်ရှိပါကြောင်း၊

 ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းပြီး ပြည်ထောင်စု ဘဏ္ဍာငွေ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့၊ အကူအညီတို့ဖြင့် နိုင်ငံအဝှမ်း သင့်တော် သော ကျေးရွာတိုင်းတွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ မြေအောက်စက် ရေတွင်းများတူးဖော်ပေးခြင်းနှင့် လျှပ်စစ်မြစ်ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် စီမံကိန်းချမှတ်၍ ဆောင်ရွက်ပေးရန်အစီအစဉ်မရှိ သေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။