တိုင်းပြည်တစ်ပြည်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ဟာ ဆက်စပ်လျက်ရှိပါကြောင်း၊ အဆိုပါ နယ်ပယ် သုံးရပ်တွင် အစဉ်သဖြင့် မျှချေ အတွင်းမှာရှိနေ စေရန်အတွက် ကြိုးပမ်းရစမြဲလည်း ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်၊ သန်းခေါင် စာရင်းကောက်ယူပြီးနောက်ပိုင်းတွင် လူဦးရေ ပေါ်လစီတစ်ရပ် ရှိသင့်ပါကြောင်း၊
သို့ပါ၍ လူသားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုမှန်ကန်ပါမှ သဘာဝသယံဇာတအရင်းအမြစ်များကို အကျိုးရှိရှိ စီမံခန့်ခွဲပြီး နိုင်ငံတော်၏လူမှုစီးပွားရေးကို အောင်မြင်စွာဦးဆောင်နိုင်မည် ဖြစ်သည့်အတွက် အဆိုပါ လူဦးရေဆိုင်ရာ ပေါ်လစီဖြင့် ထိန်းကျောင်းခြင်းသည် နိုင်ငံတစ်ခု၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာမှ အရေးပါနေပါကြောင်း၊
လူဦးရေဆိုင်ရာ ပေါ်လစီစီးပွားရေးဆိုင်ရာစီမံကိန်းများကို ၁၀ စုနှစ် အလိုက် အလုပ်အကိုင်ရှာဖွေပေးနိုင်မှုများ၊ ဘွဲ့ရကျောင်းသားများအတွက် အနာဂတ် မျှော်မှန်းချက်များ၊ နိုင်ငံသားစိစစ်ရေးအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အိမ်ထောင်စုစာရင်းရေးသွင်း နိုင်ရေး၊ နိုင်ငံသားကတ်များထုတ်ပေးနိုင်ရေးအပြင် လူဦးရေအတိုးအစုပ်တို့ကို ကြိုတင်ခန့်မှန်း တွက်ချက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားကာကွယ်ရေး၊ လုပ်သားအင်အားတွက်ဆရေးစသည် များကို အသုံးချနိုင်မှာ ဖြစ်သည့်အပြင် လယ်ယာလုပ်သား၊ ရွှေ့ပြောင်း လုပ်သား၊ လက်ငုတ်မဲ့လက်လုပ်လက်စားများအပြင် လူမှုစီးပွားရေးသာမက၊ လူမှုနိုင်ငံရေးဘဝတို့ကိုပါ တည် ငြိမ်စေရေးအတွက် အနာဂတ်စီမံချက်များ ချမှတ်ထားရေးတို့သည် လူဦးရေဆိုင်ရာပေါ်လစီ၏ ရည်မှန်းချက် အဖြစ် နိုင်ငံတိုးတက်ကြီးပွားရေးအခြေခံတစ်ခုဖြစ်ပါသောကြောင့် လူဦးရေဆိုင်ရာ ပေါ်လစီတစ်ခု ချမှတ် ရေးဆွဲရန် အစီအစဉ်မည်သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့အနေဖြင့် လူဦးရေဆိုင်ရာပေါ်လစီတစ်ခု ချမှတ်ရေးဆွဲရန် အတွက် စနစ်တကျစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပေါ်လစီရေးဆွဲနိုင်ရေးအတွက် ကနဦး အဆင့်အနေဖြင့် တိကျ သေချာ သော လူဦးရေကိန်းဂဏန်းများ ရရှိရန် လိုအပ်သောကြောင့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်း အရာသန်းခေါင်စာရင်းကို ကောက်ယူရခြင်းသာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ပြီးစီးချိန်တွင် လူဦးရေပေါ်လစီ(Population Policy)အား ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယခုအခါမှာ ၂၀၁၄ ခုနှစ်၊ လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပထမအဆင့်နှင့် ဒုတိယအဆင့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊
ဆက်လက်ပြီး တတိယလုပ်ငန်းစဉ်ဖြစ်သော စာရင်းဇယားပြုစုခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာတွင် စာရင်းဇယားပြုစုခြင်းလုပ်ငန်းစဉ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီး နိုင်ရေးအတွက် ခန့်မှန်းကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စတုတ္ထအဆင့်လုပ်ငန်းစဉ် ဖြစ်သော ဆန်းစစ်လေ့လာခြင်းနှင့် ဇယားများတည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပင်မသန်းခေါင်စာရင်းကိန်းဂဏန်းများအား ၂၀၁၅ ခုနှစ် မေလကုန် ခန့်တွင် ထုတ်ပြန်နိုင်မည်ဟု ရည်မှန်း ထားပြီးတော့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ရရှိသော သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် များပေါ်မူတည်ပြီး လူဦးရေမူဝါဒများကို သတ်မှတ် ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက်လည်း အမျိုးသားအဆင့်လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်ရေးကော်မရှင် (NCPD) National Commission on Population and Development ကို ကျွန်တော်တို့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၁)ဖြင့် ကြိုတင် ဖွဲ့စည်း ထားပြီးလည်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာရှိ လူဦးရေအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (ICPD) ထောင်စုနှစ်ရည်မှန်းချက်များကို ပြည့်မီရန်အတွက် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက်ကို ရည်ရွယ်ပါကြောင်း၊ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်၏ အကျယ်အဝန်း၊ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် အချိုးညီသော အနေတော် လူဦးရေ(Optimum Population) ရရှိရေးအတွက် လူဦးရေမူဝါဒချမှတ်ရေးဆွဲရန်ပဲ ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံမှာ အတည်ပြု ထုတ်ပြန်ထားသော လူဦးရေမူဝါဒမရှိသေးကြောင်းနှင့် လူဦးရေမူဝါဒရေးဆွဲပါက မိမိ တင်ပြပါ အချက် ခြောက်ချက်ကို ထည့်သွင်းစဉ်းစားပြီးရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ ပထမတစ်ချက် အနေဖြင့် မိမိနိုင်ငံအတွက် သင့်လျော်မှုအရှိဆုံး၊ အဆီလျော်ဆုံးဖြစ်သည့် အနေတော်လူဦးရေ၊ ဒုတိယအချက်အနေဖြင့် မိမိနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေ၊ ပထဝီဒေသ အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု ဖြစ်ပါကြောင်း၊ တတိယအချက်အနေဖြင့် မိမိနိုင်ငံ၏ လက်ရှိလူဦးရေတိုးနှုန်း၊ မွေးနှုန်း၊ သေနှုန်း၊ ပြောင်းရွှေ့နေထိုင်နှုန်း၊ မျှော်မှန်းသက်တမ်း၊ အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေ၊ လေးအချကအနေဖြင့် သိပ်သည်းဆနှင့် ပျံ့နှံ့နေထိုင်ပုံ၊ ငါးအချက်အနေဖြင့် မှီခိုသူ၏ အချိုးအစား၊ အနေတော်လူဦးရေ၊ တစ်ဦးကျဝင်ငွေ၊ ပညာရေးအခြေအနေ၊ ခြောက်အချက်အနေဖြင့် အမျိုးသားလုံခြုံရေး အတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး လူဦးရေမူဝါဒကို ရေးဆွဲသွားရမည်လည်းဖြစ်ပါကြောင်း၊
လူဦးရေမူဝါဒသည် လူဦးရေကို အကျိုးသက်ရောက်စေနိုင်သော မွေးဖွားမှု၊ သေဆုံးမှု၊ ပြည်တွင်း ပြည်ပပြောင်းရွှေ့နေထိုင်မှု၊ ပထဝီဒေသအလိုက် လူဦးရေပျံ့နှံ့နေထိုင်မှုနှင့် ဆက်နွယ်သော မူဝါဒများနှင့် လူမှုစီးပွားရေးဆိုင်ရာမူဝါဒများ၊ အစီအစဉ်အားလုံးကို ခေါ်ဆိုခြင်းဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ဖြေကြားသွားပါသည်။
