မြန်မာနိုင်ငံတွင် မူးယစ်ဆေး ဝါးရောင်းချသူ၊ ဖြန့်ဖြူးသူနှင့် သုံးစွဲသူများ အများဆုံးရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အဆိုတင်သွင်းခြင်း၊ မေးခွန်းများမေးမြန်းခြင်းစသည့် ကိစ္စများ ဆောင်ရွက်နေမှုများရှိသော်လည်း ရောင်းချသူနှင့်သုံးစွဲသူများ မလျော့နည်းသည့်အပြင် ပိုမို တိုးပွားလာပါကြောင်း၊ မိမိတို့အနေဖြင့် နှိမ်နင်းရန်ကိစ္စကို မတောင်းဆိုဘဲ နိုင်ငံတော်၏ အနာဂတ် သားကောင်းရတနာများ ဆုံးရှုံးမှုမရှိအောင် သုံးစွဲထားသူများကို ကူညီကယ်တင်ရန်အတွက် (၁) မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲနေသူများအတွက် ဆေးကုသဖြတ်တောက်သည့် ဆေးခန်းမည်မျှရှိ၍ မည်သည့်မြို့နယ်များတွင် ဖွင့်လှစ်ထားပါကြောင်းနှင့် (၂) ရေးမြို့နယ်၊ လမိုင်းမြို့ နှင့် ခေါဇာမြို့တို့တွင် ဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၁၉၇၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း မူးယစ်ဆေးစွဲကုသဌာနကြီး (၆)ခု၊ မူးယစ်ဆေးစွဲကုဌာနငယ် ၁၈ ခု စုစုပေါင်း ၂၄ ခု ဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၀၂ ခုနှစ် အမိန့် ကြော်ငြာစာအမှတ် (၄/၂၀၀၂) နှင့် (၅/၂၀၀၂)ဖြင့် မူးယစ်ဆေးစွဲကုသဌာနကြီး ၂၀ ခုနှင့် မူးယစ်ဆေးစွဲကုသဌာနငယ် ၂၂ ခုအား တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၀၃ ခုနှစ်တွင် မူးယစ်ဆေးစွဲကုသဌာနကြီး ၂၆ ခု၊ ဆေးစွဲကုသဌာနငယ် ၄၀ ခု စုစုပေါင်း ၆၆ ခု ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အမိန့်ကြော်ငြာစာ၌ မူးယစ်ဆေးစွဲကုဌာနအဖြစ် ဖွင့်လှစ်ထားခြင်း မရှိသော်လည်း မြို့နယ်များနှင့် နယ်စပ်ဆေးရုံ ၄၉ ရုံတို့တွင် ဌာနအနေဖြင့် ဖွင့်လှစ်ခြင်းမရှိသော်လည်း မူးယစ်ဆေးစွဲကုသရေးအတွက် ဝန်ဆောင်မှု ပေးနိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊
၎င်းအပြင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးစွဲ သုံးစွဲမှုဆိုင်ရာ မြေပြင်စာရင်းဇယားများအပေါ် မူတည်ပြီး ၇-၁-၂၀၁၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၄) ထုတ်ပြန်ပြီး မူးယစ်ဆေးစွဲကုသဌာနငယ် ၇ ခု တိုးချဲ့ဖွင့်လှစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အထိ မြန်မာနိုင်ငံတစ်ပြည်လုံးတွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သော မူးယစ်ဆေးစွဲကုသဌာနကြီး ၂၆ ခု၊ ဆေးစွဲကုသဌာနငယ် ၄၇ ခု စုစုပေါင်း ၇၃ ခုအား လုပ်ငန်းလိုအပ်ချက်အရ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
ဘိန်းအမျိုးအစား အာနိသင်ရှိသည့် ဟီးရိုအင်းကဲ့သို့သော မူးယစ်ဆေးသုံးစွဲသူများအကြား မသန့်ရှင်းသော ဆေးထိုးအပ်များဖြင့် သွေးကြောတွင် ထိုးသွင်းရာမှ အိပ်ခ်ျအိုင်ဗွီပိုးနှင့် အသည်းရောင် အသားဝါ စီပိုးကဲ့သို့သော ရောဂါများပြန့်နှံ့မှု လျော့နည်းပပျောက်ရေးအတွက် မက်သာဒုံးဆေးရည် အစားထိုးတိုက်ကျွေးရေး စီမံချက်ကို ၂၀၀၆ ခုနှစ်မှ စတင်၍ မူးယစ်ဆေးစွဲကုသဌာန ၄ ခုတွင် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ် မက်သာဒုံးဆေးရည် တိုက်ကျွေးရေးဌာနပေါင်း ၄၁ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မက်သာဒုံးဆေးရည် တိုက်ကျွေးရေးဌာနတိုင်းသည် မူးယစ်ဆေးစွဲ ကုဌာနများဖြစ်ရန်မလိုအပ်ဘဲ လိုအပ်ချက်အရ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ လက်ရှိအချိန်အားဖြင့် မက်သာဒုံး ဆေးရည်တိုက်ကျွေးရေးဌာနများမှာ မူးယစ်ဆေးစွဲသူပေါင်း ၉၀၈၀ ဦးအား မက်သာဒုံးဆေးရည်ဖြင့် နေ့စဉ်အစားထိုး တိုက်ကျွေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ရေးမြို့နယ်အတွင်း ခေါဇာ၊ လမိုင်းဒေသများတွင် သီးခြားမူးယစ်ဆေးစွဲဌာနအနေဖြင့် ဖွင့်လှစ်ခြင်းမရှိသော်လည်း ယင်းဒေသတွင်ရှိသည့် မူးယစ်ဆေးစွဲသုံစားသူများ၏ မြေပြင်စာရင်းဇယား၊ သုံးစွဲသည့် ဆေးအမျိုးအစား၊ သုံးစွဲပုံ၊ သုံးစွဲနည်းများအပေါ်မူတည်၍ သက်ဆိုင်ရာမြို့နယ်ဆေးရုံများတွင် ကုသနိုင်ရန် စီမံဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနတွင် လိုအပ်သည့် ဆေးဝါးများနှင့် ကုသရေးနည်းစနစ်များလည်း အသင့်ရှိပါသဖြင့် ဒေသလိုအပ်ချက်များကို ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
