(င)-ကျောင်းနေအရွယ်ကလေးများအားလုံးအခြေခံ ပညာသင်ကျောင်းများသို့တက်ရောက်သင်ကြားခြင်း ရှိ၊မရှိအားစိစစ်ဆောင်ရွက်နိုင်ရန်ကိစ္စ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၆.၁၀.၂၀၁၄)

ဗိုလ်မှူးတင့်လွင် (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးတင့်လွင် (တပ်မတော်သားကိုယ်စားလှယ်)မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်လျက်ရှိပါကြောင်း၊ ယင်းသို့တည်ထောင်ရာတွင် လူသားစွမ်းအားအရင်းအမြစ်များသည် အဓိကကျသဖြင့် လူ့စွမ်းအားအရင်းအမြစ်ထူထောင်ရာတွင် ကလေးသူငယ်များ၏ ပညာသင်ကြားရေးသည် အလွန်ရေးပါကြောင်း။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာအဆင့် အခမဲ့ပညာရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  အခမဲ့ပညာရေးဆိုသည်မှာ စာသင်ကျောင်းများကို လာရောက်အပ်နှံသော ကျောင်းသားများအတွက် စာရွက်စာတမ်း၊ သင်ထောက်ကူပစ္စည်းနှင့် သင်ကြားခ တို့အတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်းဖြစ်ပါကြောင်း၊ သို့သော် အချို့သောကလေးငယ်များမှာ မိဘများ၏ အခြေခံပညာနည်းပါးမှု၊ ငွေကြေးချို့တဲ့မှုစသော အကြောင်းများကြောင့် စာသင်ခန်းများအတွင်းသို့ ရောက်ရှိနိုင်ခြင်း မရှိကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ် ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အခြေခံပညာသင်ကျောင်းများသို့ တက်ရောက်သင်ကြားခြင်းရှိ/မရှိ စိစစ် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် ကျောင်းနေအရွယ်ကလေးငယ်အားလုံး အစိုးရအခြေခံပညာကျောင်း သို့မဟုတ် အစိုးရအသိအမှတ်ပြု ကျောင်းများသို့ မသင်မနေရသင်ယူရေး စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားရေးစနစ် ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ကျောင်းနေအရွယ်ကလေး အားလုံး အခြေခံပညာသင်ကျောင်းများသို့ တက်ရောက်သင်ကြားနိုင်ခြင်းရှိ/မရှိအား စိစစ်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိသည်  တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ဒေသအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ထို့ကြောင့် စိစစ်ရန်ခက်ခဲသောဒေသများလည်း ပါဝင်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကျောင်းများသို့ တက်ရောက်သင်ကြားနိုင်ခြင်းရှိ/မရှိကို အပြည့်အဝ ရာနှုန်းပြည့် စိစစ်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ကျောင်းများသို့ တက်ရောက်သင်ကြားခြင်းရှိ/မရှိကို နှစ်စဉ် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းနေ ရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိအပ်နှံရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး အစိုးရအခြေခံပညာကျောင်း သို့မဟုတ် အစိုးရအသိအမှတ်ပြု ကျောင်းများသို့ မသင်မနေရသင်ယူရေး စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ မူလတန်းမသင်မနေရ ပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်နေသော်လည်း မူလတန်းမသင်မနေရ ပညာရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် အမျိုးသားပညာရေးဥပဒေနှင့်အညီသာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်နိုင်ရန် ကျောင်းသုံးစာအုပ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထောက်ပံ့ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင်လည်းကောင်း၊ ကျောင်းသုံးဖတ်စာအုပ်နှင့် လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ထောက်ပံ့ခြင်းကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင်လည်းကောင်း၊ ကျောင်းသုံးပုံနှိပ်များ အခမဲ့ထောက်ပံ့ခြင်း၊ လေ့ကျင့်ခန်းစာအုပ် ၆ အုပ် ထောက်ပံ့ပေးခြင်းနှင့် စာရေးကိရိယာ ဝယ်ယူရန်အတွက် ငွေ ၁၀၀၀ ထောက်ပံ့ခြင်းများကိုလည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ယခုပညာသင်နှစ်တွင် အလယ်တန်းပညာရေး အခမဲ့အစီအစဉ်ကိုစတင်ပြီး အလယ်တန်းအဆင့်သင် ကျောင်းသုံးဖတ်စာအုပ်များကို အခမဲ့ထောက်ပံ့ပေးခြင်းများကို မသင်မနေရသင်ယူရေး ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသော်လည်း ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။