စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို သွားမည်ဆိုပါက တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိမှ တည်ငြိမ်အေးချမ်းမှု ရမည်ဖြစ်ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး အမှန်တစ်ကယ် ဒီမိုကရေစီနိုင်ငံကို သွားနိုင်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ကောက်နှုတ်တင်ပြရပါက နိုင်ငံတော်တွင် လယ်ယာမြေ အငြင်းပွားမှုများစွာ ဖြစ်ပေါ်လျှက်ရှိရာ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး အစိုးရအဖွဲ့ကို စုံစမ်းစစ်ဆေးတွေ့ရှိ ချက်များ ပေးပို့ပြီးဖြစ်ပါရာ အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေ သိမ်းဆည်းခံရစဉ် က လျော်ကြေးပေးသင့်သော လယ်မြေများကို လျော်ကြေးပေးခြင်း စီမံကိန်းနှင့် မသုံးရသေးသော လယ်မြေများကို မူလပိုင်ရှင်ကို ပြန်ပေးမည်ဆိုပါက ယခုပြဿနာများ အေးချမ်းပြေလည်သွားမည် ဖြစ်ပါကြောင်း။ လယ်ယာမြေကိစ္စ ဖြေရှင်းပေးနိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလည်းဝင်ရောက်လာမည်ဖြစ်ပါကြောင်း။
ယနေ့နိုင်ငံတော်တွင် ဒီကိစ္စကို မကိုင်တွယ်နိုင်တဲ့အတွက်ကြောင့် လူမစည်ကားသင့်သော တရားရုံးများ၊ ရဲစခန်းများတွင် စည်းကားနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆုံးရှုံးသွားသော လယ်သမားများ မှာလည်း ကာလတန်ဖိုးဖြင့် မြေပြန်လည်ရရှိရန် စောင့်ဆိုင်းနေသည့် အချိန်တွင် ပွဲစားများနှင့် ဝန်ထမ်းအချို့ပူပေါင်းပြီး မြေဂရန်တွေ၊ ပါမစ်တွေကျနေခြင်း။ တစ်ချို့အသင်းအဖွဲ့တွေကို အကာအကွယ်ယူပြီး ကျူးကျော်တဲများ ထောင်နဲ့ချီဆောက်နေကြခြင်း ဒါတွေကို ပြည်သူလူထုအနေဖြင့် မနှစ်သက်ပါကြောင်း၊ ပြည်သူများ အနေဖြင့် အေးချမ်းသာယာစွာ နေလိုသည့်အတွက် တရားဥပဒေစိုးမိုးရေး အပြည့်အဝရဖို့ မျှော်လင့်နေကြတာဖြစ်ပါကြောင်း။ အလားတူ ဆိုင်ကယ်မစီးရဟု သတ်မှတ်ထားသောဒေသများတွင် “ဆိုင်ကယ်ဖမ်းလို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဓါးနဲ့ထိုးတဲ့ဖြစ်စဉ်များ၊ ရွှေရောင်းတဲ့လူတွေက ရွှေဖောက်ထွင်းမှာစိုးလို့ မရောင်းရဲတော့တဲ့ ဖြစ်စဉ်များ” စသည့်ဖြစ်စဉ်များမှာ တရားဥပဒေစိုးမိုးမှုလျှော့နည်းလာခြင်းကို ဖော်ညွှန်းနေခြင်းများ ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတော်ကို တစ်ကယ်သွားမယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ က ဒီမိုကရေစီရှိ ကျင့်စဉ်စံနှုန်းများကို သော်လည်းကောင်း၊ လူ့အခွင့်အရေးကို သော်လည်းကောင်း မထိခိုက်စေဘဲနှင့် တည်ဆဲဥပဒေများနှင့်အညီ ကျစ်ကျစ်လစ်လစ်၊ ရဲရဲဝံံ့ဝံ့နဲ့ ဖြေရှင်းသင့်သည်များကို ဖြေရှင်းပေးရန် အချိန်တန်ပြီဖြစ်ပါကြောင်း၊ အလားတူပဲ ပြည်သူများအနေဖြင့်လည်း အေးချမ်းစွာနဲ့ ဒီမိုကရေစီ နိုင်ငံအသွင်ကူးပြောင်းနိုင်အောင် တည်ဆဲဥပဒေများနှင့်အညီ လှုပ်ရှားကြမည်။ ၁၉၄၇ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ခုနှစ်၊ ဒီကာလ ၃ ပါးထဲမှာ လည်နေပြီး အနာဂတ်မြန်မာနိုင်ငံတော်ကို မမျှော်မှန်းဘူးဆိုရင် တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ပါကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ယနေ့ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ဒါတွေဟာ သင်ခန်းစာများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အခုအတိုင်းပဲ ဆက်ပြီးသွားနေမှာလား။ ပြုပြင်ဆောင်ရွက်ဖို့အစီအစဉ် ရှိပါသလား။ ပွင့်လင်းမြင်သာစွာဖြင့် မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်သူများရွေးချယ်တင်မြှောက် ဖွဲ့စည်းထားသော နိုင်ငံတော်အစိုးရသစ်က ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် ပြည်သူများ၏ ဆန္ဒသဘောထားနှစ်ရပ် ဖြစ်သော တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရန်အတွက် ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ရေး၊ ဒီမိုကရေစီကျင့်စဉ်ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး ယန္တရား သွက်လက်ရေး ရည်မှန်းချက်များဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးက အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု အပေါ်မှာအခြေခံပါတယ်။ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုရှိစေရန်နှင့် အခြေခံကောင်းများ ဖြစ်ပေါ်စေရန် ဥပဒေပြုပြဋ္ဌာန်းရသော လွှတ်တော်အသီးသီး၊ ပြဋ္ဌာန်းထားရှိသော ဥပဒေများကို ကိုင်တွယ်ကျင့်သုံးရတဲ့ ဝန်ကြီးဌာနအသီးသီးနဲ့ တရာဥပဒေစိုးမိုးရေးအတွက် စီရင်ဆုံးဖြတ်ရတဲ့ တရားလွှတ်တော်အသီးသီးတို့က ဟန်ချက်ညီ အကောင် အထည်ဖော် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကို ယခင်ကထက် ပိုမိုကောင်းမွန်စေရန် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွား ရမှာပဲဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရသစ်က စတင်တာဝန်ယူစဉ်ကတည်းက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက်ကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အစိုးရနဲ့ ပြည်သူအကြား ပွင့်လင်းမြင်သာမှုရှိပြီး ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှုရှိသော အုပ်ချုပ်ရေးစနစ်များကို ကျင့်သုံး ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်ဘက် စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်အနှောင့်အယှက် အဟန့်အတားမဖြစ်စေရေးနှင့် ယခင်ကထက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက်ကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၉ ဦးပါဝင်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၉ ဦးပါ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီက လုပ်ငန်းတာဝန်များကို ပြည်သူဗဟိုပြု စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာလည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏အသက်၊ အိုးအိမ် စည်းစိမ်များ လုံခြုံမှုအပြည့်အဝရှိစေရေး တို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် အုပ်ချုပ်မှုစနစ် တည့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ အုပ်ချုပ်သူနှင့် ပြည်သူများအကြား ပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်မှုစနစ်ကောင်းများ ပေါ်ထွန်းလာစေရေးတို့ကို အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအမံများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်လို့ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သော အဖွဲ့အစည်းများဖြစ်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် အဆင့်ဆင့်သော တရားရုံးများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့်သော ဥပဒေရုံးများကလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြပါကြောင်း။
နိုင်ငံတော်အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများမှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက်ကို အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခင်ကထက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေးတို့ကို ပိုမိုဖြစ်ထွန်းလာစေရန် ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီး ဌာနများမှာ ပြုပြင်ပြောင်းလဲမှုများနှင့် တိုးချဲ့ဖွဲ့စည်းမှုများကို လည်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒါ့အပြင် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ရုံးလုပ်ငန်းစနစ်ကိုလည်း ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါကြောင်း။ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက် ၄ ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၉၊၂၈၈၊ ၂၈၉ တို့နှင့်အညီ အုပ်ချုပ်မှုအာဏာများကိုလည်း ပြည်နယ်/တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီများက ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များကို လွှဲပြောင်းဆောင်ရွက်ခြင်း၊ ခရိုင် အဆင့်နဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို တာဝန်ပေးဆောင်ရွက်စေခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကိုင်တွယ်ကျင့် သုံးလျက်ရှိတဲ့ ဥပဒေ၊ နည်းဥပေဒေများအနက် ခေတ်နှင့်လျော်ညီခြင်း မရှိတဲ့ဥပဒေများကို ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ခေတ်စနစ်နဲ့ လျော်ညီသော ရပ်ကွက်/သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို အသစ်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက်ကို အုပ်ချုပ်ရေးကဏ္ဍ ပိုမိုအင်အား ခိုင်မာစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများ ခန့်အပ်တာဝန်ပေးအပ်ပြီး ခရိုင်နဲ့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၊ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများကိုလည်း ထပ်မံတိုးချဲ့ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြေခံအကျဆုံး ဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများကိုလည်း ဥပဒေနှင့်အညီ ရွေးချယ်ခန့်အပ်ပြီး ရပ်ကွက်/သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းများကိုလည်း ဖွင့်လှစ်ပြီး လေ့ကျင့်တာဝန်ထမ်း ဆောင်စေခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနများကိုလည်း ခေတ်မီဖွံ့ဖြိုးတိုး တက်လာသော နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေများနှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်တိုးချဲ့ဖွဲ့ စည်းလျက် ရှိပါကြောင်း၊ အကျဉ်းဦးစီးဌာန ဖွဲ့စည်းမှုများကိုလည်း ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှုရှိစေ ရန်အတွက် ပြင်ဆင်ဖွဲ့စည်းခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အကျဉ်းထောင်များ၏ လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့် ဥပဒေများကို ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေမှု ရှိစေရေးအတွက် ILO၊ ICRC ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြင်ဆင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၄ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်ဟု နိုင်ငံသားများရဲ့တာဝန်များကို ပြဋ္ဌာန်းထားပါကြောင်း၊ ယခင်က ပြည်သူလူထုမှ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို သိရှိနားလည်မှု လိုက်နာမှု အားနည်းသကဲ့သို့ တရားဥပေဒ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းလို့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန် ခဲ့မှုများမရှိခဲ့သည့်အတွက် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ထုတ်ပြန်ထားသောဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်၊ လိုက်နာပူးပေါင်းဆောင်ရွက်မှသာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်ဖြစ်ပြီး မှုခင်းနှင့် ဥပဒေ အသိပညာပေး ဟောပြောပွဲများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်များမှာ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဟောပြောဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်သူများပူးပေါင်းပါဝင်သော ပြည်သူဗဟို ပြုအုပ်ချုပ်မှုစနစ်သစ်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို အသိပေးရန်လိုအပ်ပါက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြည်သူများထံကို အချိန်နှင့်တစ်ပြေးညီ ချပြရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိစေရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံတော်အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိသကဲ့သို့ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ပြုပြင်ပြောင်းလဲမှု အစီအမံများကိုလည်း ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ဦးတင်မောင်ဦး (ရွှေပြည်သာ)
ဒုတိယဝန်ကြီးဖြေကြားမှုကို လက်ခံပါကြောင်း သို့သော်လည်း မိမိအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် အနာဂါတ်တွင် မည်ကဲ့သို့ဆောင်ရွက်မည်ကို မေးမြန်းခြင်း ဖြစ်ပါကြောင်း။ ပြည်ထဲရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက် များကို နားလည်ပါကြောင်း မိမိအနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တိုက်တွန်းလိုသည်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တွင်တစ်ကယ်ဖြစ်ပျက်နေသော အောက်ခြေ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်များကို မျက်ဝါးထင်ထင်တွေ့မြင်အောင် လေ့လာပြီး လက်တွေ့ကျကျ ဖြေရှင်းပေးရန်လိုပါကြောင်း၊ ဒီမိုကရေစီအတွက် ပြည်သူလူထုကို ဒီမိုကရေစီ နည်းလမ်းမမှန်၊ စံနှုန်းမမှန်သော အခွင့်အရေးပေးသလို တစ်ဖက်ကလည်း ထိထိရောက်ရောက်နှင့် ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်၏အနာဂါတ် ကောင်းမည်ဖြစ်ပါကြောင်း ဆက်လက်တင်ပြပါသည်။
