(စ)-တောင်ပေါ်ဒေသရှိဆင်းရဲနွမ်းပါးသောတောင်သူ များအတွက်တစ်မြို့နယ်လျှင် လှေကားထစ်လယ်မြေ (၅၀) ဧကကို ဦးစားပေး ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ (၁၃.၁.၂၀၁၄)

 ဦးဇောင်းခေါင် (ဆော့လော်)( ကိုယ်စား) ဦးဇုံးတိန့် (ချီဖွေ) ကချင်ပြည်နယ်အတွင်းရှိ ဆော့လော်နှင့်ချီဖွေဒေသသည် ယခင် အစိုးရလက်ထက် တွင်လည်း လှေကားထစ် ဖော်ထုတ်မှု စီမံကိန်းတွင် အားနည်းခဲ့သော ဒေသတစ်ခုဖြစ် ပါကြောင်း၊ ဒေသခံများသည် ဝမ်းစာဖူလုံရေးအတွက် မြေပြန့် လွင်ပြင်မရှိ ၍ နှစ် စဉ် ရွှေ့ပြောင်းတောင်ယာခုတ်ထွင် စိုက်ပျိုးသော မိရိုးဖလာ ဓလေ့ ကို လှေကား ထစ် စိုက်ပျိုးရေးစနစ်ဖြင့် အားပေးဖော်ဆောင်သွားရန် အဓိကလိုအပ်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် သဘာဝသစ်တောပြုန်းတီးမှုကို ကာကွယ်မြှင့် တင်ပေးနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုဖောက်ပြန်မှုကို လည်း အကာ အကွယ်ပြုသွားနိုင် မည်ဖြစ်သောကြောင့် မြေပြန့်လွင်ပြင် မရှိ၍ တောင်ပေါ်ဒေသ တွင် လှေကားထစ်စိုက်ပျိုးရေး လုပ်ငန်းဖြင့် ဆင်းရဲနွမ်း ပါးနေသော တောင်သူများအား အသက်မွေး ဝမ်းကျောင်းပြုနိုင်ရန်အတွက် တစ်မြို့နယ် လျှင် အနည်းဆုံးလှေကားထစ် လယ်ယာမြေ ဧက(၅၀)ကို နိုင်ငံတော် အစိုးရမှ ဦးစားပေး ဖော်ထုတ်ပေးသွားနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေနှင့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင်  ကုန်းမြင့်လယ်ယာစီမံကိန်း ရုံး(၄)ရုံးဖွင့်လှစ်၍ အဆိုပါဒေသများတွင် ကုန်းမြင့်လယ်ယာ မြေ ဖော်ထုတ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသောကြောင့် ကချင်ပြည်နယ်တွင် လှေကားထစ် လယ်ယာဖော် ထုတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကုန်းမြင့်လယ်ယာစီမံကိန်းရုံး ဖွင့်လှစ် ထားနိုင်ခြင်း မရှိပါကြောင်း၊  ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကုန်းမြင့် လယ်ယာဖော်ထုတ်ရေး လုပ်ငန်းများ ဒေသ လိုအပ်ချက်နှင့်လိုက်လျောညီ စွာဆောင် ရွက်နိုင်ရေးအတွက် အဆိုပါစီမံကိန်းရုံး (၄) ရုံးကို စီမံခန့်ခွဲရေးနှင့် လုပ်ငန်း အကောင် အထည်ဖော်နိုင်ရန် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ် ပြီး ပြည်နယ် အစိုးရအဖွဲ့များမှ လိုအပ်သည့်ရန် ပုံငွေများ တောင်းခံဆောင်ရွက်လျက် ရှိပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈၊ ဇယား(၂)အရ လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက မြေပြင်အခြေအနေနှင့်ကိုက်ညီသော စီမံ ချက်များရေးဆွဲခြင်း၊ လိုအပ်သော ရန်ပုံငွေများတောင်းခံခြင်းအပါအဝင် လိုအပ်သော ဥပဒေပြုခွင့်များကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြု ထားပြီးဖြစ်ပါကြောင်း၊

ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် နန်းယွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇင်ဝမ်း (နန်းယွန်း မဲဆန္ဒနယ်)နှင့် ဦးလှထွန်း (ခန္တီး မဲဆန္ဒနယ်)တို့ (၂)ဦးတို့ အထက်ပါတိုင်း မေးမြန်းခဲ့ရာ တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စက်ယန္တရားဖြင့်ဖော်ထုတ်သည့် စရိတ် များပြားသဖြင့် လူအင်အားဖြင့် ဖော်ထုတ်ပါက တစ်ဧက(၃.၈)သိန်းခန့်သာကုန်ကျ ဖြစ်ပါသောကြောင့် တစ်နှစ်လျှင် (၁)ရွာ (၁၀)ဧကဖြင့် (၁၀)ရွာအတွက် ဧက (၁၀၀) ဖော်ထုတ်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေသို့ တိုင်းဒေသကြီး အစီအစဉ်ဖြင့် တင်ပြတောင်းခံဆောင်ရွက်လျှက် ရှိကြောင်း၊

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားရာတွင် ကချင်ပြည်နယ်တွင် ကုန်းမြင့် လယ်ယာမြေ ဖော် ထုတ်နိုင်ရန် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်ရန်ပုံငွေ မပါရှိပါကြောင်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးဆောင်ပြီး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်/မြို့နယ်ခွဲများတွင် ကုန်းမြင့် လယ်ယာမြေဖော်ထုတ်နိုင်ရေးအတွက် လျာထားပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်ကို ဖြေကြားခဲ့ပါကြောင်း၊

မြေပြန့်လွင်ပြင်မရှိသော တောင်ပေါ်ဒေသများရှိ ဆင်းရဲနွမ်းပါးသော တောင်သူများအနေဖြင့် လှေကားထစ် လယ်ယာဖော်ထုတ်ပေးရေးမှာ အမှန်ပင်လိုအပ်လျက်ရှိသောကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေနှင့် ဒေသ ၏ ပကတိအခြေအနေအရ အမှန်လိုအပ်ချက်ကို ကွင်းဆင်း စိစစ်ပြီး သင့်လျော်သည့် စီမံချက် များ ရေးဆွဲကာ ပြည်နယ်ရန်ပုံငွေတင်ပြတောင်းခံ ဆောင်ရွက်နိုင်ပါကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်ရာ တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ လိုအပ်သောနည်းပညာ အကူအညီများ ပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။