ပြည်ထောင်စုမြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သော နိုင်ငံတစ် ခုဖြစ်ပြီး သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ရောဂါပိုးမွှားများကျရောက်မှုကို အချိန်မီ ကာကွယ်နှိမ်နှင်းပေးနိုင်မှသာ သီးနှံအထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တောင်သူများသည် သီးနှံမျိုးစုံ စိုက်ပျိုး ထုတ်လုပ်ရာ တွင် ပိုးသတ်ဆေးအမျိုးမျိုးကို ဝယ်ယူအသုံးပြုရသည့်အတွက် ပိုးသတ်ဆေးရောင်း ချသော ကုန်သည်များ၊ အရောင်းဆိုင်များ တိုးပွားမြင့်တက်လာသည်ကို တွေ့ရှိရ ပါကြောင်း၊ အရောင်းဆိုင်များတွင် နိုင်ငံပေါင်းစုံမှ တင်သွင်းသော ပိုးသတ်ဆေးများကို တံဆိပ်အမျိုးမျိုးဖြင့် တွေ့ရှိရပြီး မြန်မာဘာသာဖြင့် ပိုးသတ်ဆေးအညွှန်းများ မပါသည့် အတွက် တောင်သူများ ဈေးကြီးပေးဝယ်သုံးကြရသော်လည်း စနစ်တကျ အသုံးပြုရန် အခက်အခဲများ ကြုံတွေ့နေကြရပါကြောင်း၊ အချို့ပိုးသတ်ဆေးများကို ပက်ဖျန်းအ သုံးပြုရာတွင် ရောဂါပိုးမွှားများကို ထိရောက်စွာ မနှိမ်နှင်းနိုင်သည့်အပြင် သီးနှံပင်များကိုပါ ပိုး သတ်ဆေး လောင်ကျွမ်းပျက်စီးမှု ဖြစ်ပေါ်စေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများ၏ အကျိုး စီးပွားမြှင့်တင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် သီးနှံများ ပိုးမွှားကာကွယ်နှိမ်နှင်းရာတွင် အစွမ်းသတ္တိ နည်းပါး၍ သီးနှံများကို လောင်ကျွမ်းပျက်စီးစေသည့် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချနေခြင်းအား တည်ဆဲ ဥပဒေများအရ စိစစ် အရေးယူနိုင်မှုအခြေအနေနှင့် အရည်အသွေးမှန်ကန်သင့်လျော်သည့် ပိုးသတ်ဆေး များ ဖြန့်ဝေရောင်းချပေးရေးအတွက် ဌာနဆိုင်ရာမှ ဆောင်ရွက်ပေးလျက်ရှိသည့် အစီအမံများနှင့် ဆောင် ရွက်ချက်များအား ပြည်သူများ သိရှိနိုင်စေရန်အတွက် ရှင်းလင်းတင်ပြပေးပါရန် မေးမြန်းပါသည်။
တောင်သူလယ်သမားများ၏ သီးနှံဖျက်ပိုးများ ကာကွယ်နှိမ်နင်းရာတွင် အစွမ်းသတ္တိ နည်းပါးပြီး သီးနှံများ လောင်ကျွမ်းပျက်စီးစေသော ပိုးသတ်ဆေးများရောင်းချနေခြင်း အပေါ် စစ်ဆေးအရေးယူနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၅-၂-၁၉၉၂ ရက်နေ့မှစ၍ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ ဖွဲ့စည်းခဲ့ပြီး စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်း ဖြန့်ဖြူးရောင်းချရန်အတွက် ပိုးသတ်ဆေးအမျိုးမျိုးအား စနစ်တကျမှတ်ပုံ တင်ပြီး ပိုးသတ်ဆေးအဆိပ်ရှိ ပစ္စည်းအမျိုးအစားအနေဖြင့် ၂၄၄ မျိုး၊ ကုန်သွယ်မှု အမည်ဖြင့် ၂၀၀၁ မျိုးအားခွင့်ပြုခဲ့ပါကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ပိုးသတ်ဆေး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး အ မျိုးပေါင်း ၃၉ မျိုးကို တားမြစ်ပိတ်ပင်ထားပြီး၊ ပိုးသတ်ဆေး ၇ မျိုးကို အထူး ကန့်သတ် သုံးစွဲရမည့် ပိုးသတ်ဆေးများအဖြစ် ကြေညာသတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပိုးသတ်ဆေး ဥပဒေ အခန်း (၁၁) ပုဒ်မ ၂၇ အရ မမှန်မကန် ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးရေးမှူးများဖြင့် စစ်ဆေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်း/ခရိုင်/မြို့နယ်အလိုက် ၁-၄-၂၀၁၃ မှ ၃၁-၁၀-၂၀၁၃ ရက်နေ့အထိ ပိုးသတ်ဆေး အရောင်းဆိုင်ပေါင်း ၂၄၈၇ ဆိုင်တွင် အကြိမ်ပေါင်း ၁၁၈၈ ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပိုးသတ်ဆေး မမှန်မကန် ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေး ဥပဒေ အခန်း (၁၄) ပုဒ်မ ၄၁ အရ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေပြီး ပြစ်မှုတွင် အကျုံးဝင်သော သက်သေခံ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည် ဖြစ်ပါကြောင်း၊ပိတ်ပင်တားမြစ်ထားသော ပိုးသတ်ဆေးများကို တင်သွင်းမှုမရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေး မှန်ကန် သင့်လျော်ပြီး တောင်သူများအကျိုးရှိစေမည့် ပိုးသတ်ဆေးများ ဖြန့်ဝေရောင်းချပေးရေးအတွက် ပိုးသတ်ဆေး ဥပဒေ အခန်း(၄) ပုဒ်မ ၁၂ အရ ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည် တွင်းမှ ပြည်ပသို့တင် ပို့ခြင်း ပြုလုပ်မည့်သူများသည် မြန်မာနိုင်ငံပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့သို့ လျှောက်ထားရပါကြောင်း၊ ပိုးသတ်ဆေး၏ အရည်အသွေးပါဝင်မှုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ပိုးသတ်ဆေးဥပဒေ အခန်း (၃) ပုဒ်မ ၆ အရ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းကို စနစ်တကျ စိစစ်ဆောင်ရွက်ပြီးမှသာ မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချခြင်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပိုးသတ်ဆေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖော်စပ်ထုတ်လုပ်ခွင့် လိုင်စင်၊ ပြန်လည်ထုပ်ပိုးခွင့်လိုင်စင်၊ ရောင်းချခွင့် လိုင်စင်၊ သိုလှောင်သီးနှံများ အဆိပ်ငွေ့မှိုင်းတိုက်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်များကိုလည်း ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊
အရည်အသွေးမှန်ကန်သင့်လျော်ပြီး တောင်သူများအကျိုးရှိစေမည့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ပိုးသတ်ဆေး၏ ထိရောက်မှုစမ်းသပ်ခြင်း၊ အရည်အသွေးစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်၍ မှတ်ပုံတင်ခွင့်ပြုပေးပြီး အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအပေါ် အခြေခံ၍ ကိုင်တွယ်သုံးစွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများတွင် အန္တရာယ်ကင်းရှင်းစေရန် အတွက် ညွှန်ကြားချက်များကို ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ အသုံးပြုသည့် ပိုးသတ်ဆေးနှုန်းထားနှင့် ဆေးအသုံးပြုမှုပုံစံ မှန်ကန်မှုရှိစေရန် ပိုးသတ်ဆေးအညွှန်းစာတမ်းအတိုင်း လိုက်နာမှုရှိစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ ပညာရှင်များစေလွှတ်၍ ပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တောင်သူ လယ်သမားများ ပိုးသတ်ဆေးအတုအပ အသုံးပြုနေရခြင်းမှ ကာကွယ်ရန် အတွက် နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြားအစီအစဉ်များ၊ အပတ်စဉ်ထုတ် လယ်ယာစီးပွားသတင်း စာစောင်များနှင့် တောင်သူလယ်သမား ကဏ္ဍ ရုပ်သံလွှင့် အစီအစဉ်များတွင် ဖော်ပြ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလက်ရှိကျင့်သုံးလျက်ရှိသော ပိုးသတ်ဆေးဥပဒေသည် ၁၁-၅-၁၉၉၀ ရက် တွင် ပြဋ္ဌာန်းဆောင်ရွက်ခဲ့သော ဥပဒေဖြစ်ခြင်းကြောင့် ခေတ်နှင့်လျော်ညီသည့် စစ်ဆေးအရေးယူမှုများ၊ ပြစ်မှုပြစ်ဒဏ် များ ပြောင်းလဲကျင့် သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ပေါ်ပေါက်လာပြီဖြစ် ၍ မမှန်မကန် ဆောင်ရွက်သူများ ကို ထိရောက်စွာအရေးယူနိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းပြီး ပြန်လည်ပြုပြင်ရေးဆွဲကာ လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူပြဋ္ဌာန်းနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေး မှန်ကန်သည့် ပိုးသတ်ဆေးများကို တောင်သူလယ်သမားများ နည်းစနစ် မှန်ကန်ပြီး အကျိုးရှိစွာ စနစ်တကျ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ပညာပေးခြင်း၊ စီမံဆောင်ရွက်ခြင်းတို့ကို ပိုးသတ်ဆေးအန္တရာယ် ကင်းဝေးစေရေးအတွက် စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
