(ဃ)-မြို့နယ်ဆရာဝန်ကြီးများနှင့် ကျန်းမာရေးမှူး များအား ရာထူးတိုးမြှင့် ခန့်ထားပေးရန်နှင့် ကျန်း မာရေးမှူး ကောင်စီ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ (၁၃.၁.၂၀၁၄)

ဦးတင်ဝင်း ( မိုင်းယန်း မဲဆန္ဒနယ်)မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ပြင်ပ လူနာဌာနတွင်လာရောက်ပြသသောလူနာများ အား ဆေးဝါး ကုသ ပေးခြင်း၊ မီးဖွားပေးရခြင်း၊ ခွဲစိတ်ပေးရခြင်း မိခင်နှင့် ကလေးများ အတွက် စောင့်ရှောက်ပေးရခြင်းတို့အပြင် အထက်အဆင့် လွှဲပြောင်းပေးခြင်း စီမံချက် ၊ ဆေးရုံလုပ်ငန်း စီမံချက်များ၊ မိသားစုကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေး၊  တိုးချဲ့ ကာ ကွယ်ဆေးထိုးလုပ်ငန်း စီမံချက်များ၊ ရောဂါနှိမ်နှင်းရေး၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ၊ နှလုံးသွေးကြောရောဂါ ထိန်းသိမ်းရေး၊ ထိခိုက်မှုအန္တရာယ် ကာကွယ်ရေးစီမံ ချက်များနှင့်   ဖောက်သည် စာရင်းများကို နေ့စဉ်၊ လစဉ်ဆောင်ရွက်ပေးနေရခြင်းတို့ အပြင် သုံးလ တစ်ကြိမ် အာဟာရဖွံ့ဖြိုးရေးစီမံချက်၊ ကျောင်း ကျန်းမာရေး၊ ပတ်ဝန်း ကျင်သန့်ရှင်းရေး ၊ နားလေးရောဂါ ကာကွယ်ရေး၊ တီဘီရောဂါတိုက်ဖျက်ရေး၊ အ နာကြီးရောဂါ တိုက်ဖျက်ရေး၊ လိင်မှတစ်ဆင့်ကူးစပ်သော ရောဂါများ၊ AIDS ရောဂါ တိုက်ဖျက်ရေးနှင့် ကာကွယ်ရေး၊ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး၊ တိရစ္ဆာန်မှ ကူးစက်သော ရော ဂါနှိမ်နှင်းရေး၊ ပညာရေး၊ ကျန်းမာရေးပညာဆိုင်ရာစီမံချက်များစွာတို့ကို ဆောင်ရွက်ပေးနေရခြင်းတို့အပြင်  WHO ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးကို ကမ္ဘာ့နိုင်ငံများနှင့် အဆင့် အတန်းမီနိုင်ရန် စီမံကိန်းနှင့် စီမံချက် အမျိုးမျိုးချမှတ်ပြီး နေ့မအား ညမနားအကောင်အထည်ဖော် ဆောင် ရွက်ပေးနေကြရ ပါကြောင်း၊  ကျန်းမာရေးမှူးများအနေဖြင့်လည်း ဆရာဝန်များ မရောက်နိုင်သော ကျေးလက်ဒေသ များတွင် မြို့နယ်ဆရာဝန်များ၏ကိုယ်စား အထက်ပါ စီမံကိန်းနှင့် စီမံချက်များကို တာဝန်ယူ အကောင်အ ထည်ဖော် ဆောင်ရွက်ပေးကြရာ မြို့နယ်တိုင်းတွင် အထွေထွေ အုပ်ချုပ်ရေးမှူးများအား လက်ထောက်ညွှန်မှူး ရာထူးဖြင့် လည်းကောင်း၊ မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးများအားး လက်ထောက်ညွှန်မှူးအဆင့်နှင့်ညီ မျှသော ပြည် သူ့ ရဲတပ်ဖွဲ့မှူးများအဖြစ်လည်းကောင်း၊ မြို့နယ်ပညာရေးမှူး များအားလည်း လက်ထောက်ညွှန်ကြားရေးမှူး အဆင့်နှင့်ညီမျှသော ပညာရေးမှူးများ ခန့်အပ်ထားပေးသည်ကို တွေ့ရှိရပါကြောင်း၊ထို့ကြောင့်  အလုပ်အကိုင် မ ရှိသော ဆရာဝန်များနှင့် ကျန်းမာရေးမှူးများအား အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ဆရာဝန်ကြီးများအား လက်ထောက် ညွှန်ကြားရေးမှူးအဆင့် ခန့်ထားပေးရန်၊ မြို့နယ်ကျန်းမာရေး မှူးများကိုလည်း ဖွဲ့စည်းပုံနှင့်အညီ ရာထူးခန့်ထားပေးရန်နှင့် ကျန်းမာရေးမှူး ကောင်စီဖွဲ့စည်းပေးနိုင်ရန် တို့အတွက် အစီအစဉ်ရှိ/မရှိကို သိရှိ လိုပါကြောင်းနှင့် အစီအစဉ်ရှိပါကလည်း မည်သည့်ဘဏ္ဍာရေးနှစ်များတွင် စတင်ဆောင်ရွက်ပေးနိုင်မည်တို့ကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသည် တစ်နိုင်ငံလုံးရှိ ကျန်းမာရေး လုပ်ငန်းဌာနများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဦးစီးဌာနအောက်တွင် တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးများကို ဖွဲ့စည်းထားရှိလျက် လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ခွဲဝေသတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါတိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေးဦးစီးဌာန အောက်ရှိ မြို့နယ်အဆင့် ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး လစာ နှုန်း ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အဆင့် ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၏ လုပ်ငန်း တာဝန်များကို ပိုမိုပြည့်ဝစွာဆောင်ရွက်နိုင်ရန်နှင့် အခြားဌာနများနှင့် တန်းတူ ဆောင် ရွက်နိုင်ရန်ရည်ရွယ်လျက် လက်ရှိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး လစာနှုန်း ၁၂၀၀၀၀ ရာထူး ၃၃၀ နေရာကို လက်ထောက်ညွှန်မှူး အဆင့်ရှိလစာနှုန်း ၁၄၀၀၀၀-၂၀၀၀-၁၅၀၀၀၀ ရာထူးများအဖြစ် အသစ် တည်ထွင်ခွင့်ပေးပါရန် အဆိုပြုချက်အား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့တို့ထံ ပေးပို့ထားရှိပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရာထူး ၃၃၀ နေရာကို လက်ထောက်ညွှန်မှူးအဆင့်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရာထူးများအဖြစ်သို့ ဖွဲ့စည်းပုံခွင့်ပြု မိန့်ရပါက ယခု ၂၀၁၃-၁၄ခု ဘဏ္ဍာရေးနှစ်အတွင်း စတင်ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိ ခြင်းဖြစ်ပါကြောင်း၊

ကျန်းမာရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအရ မြို့နယ်ကျန်းမာရေးမှူးရာထူး ၉၂ နေရာ ရှိရာ တွင် လက်ရှိခန့်ထားပြီးဦးရေ ၇၂ ဦးနှင့် လစ်လပ်နေရာ ၂၀ ရှိပါကြောင်း၊  ကျန်းမာရေး မှူး အဆင့်တစ် လုပ်သက် ငါးနှစ်ပြည့်ပြီးသူများအား မြို့နယ်ကျန်းမာရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားပေးနိုင်ရန် လူတွေ့၊ နှုတ်ဖြေစာမေးပွဲ စစ်ဆေးပြီး လစ်လပ်နေရာ များတွင် ခန့်ထားပေးမည့်အစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ယခု ၂၀၁၃-၁၄ ခု ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း၊  ထို့အပြင် ကျန်း မာရေးမှူးများအတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းကို ဖွဲ့စည်းထားပြီးဖြစ်သည့် အတွက် အဆိုပါအသင်းမှ မြန်မာနိုင်ငံ ကျန်းမာရေး မှူး ကောင်စီဥပဒေကို မူကြမ်းရေး ဆွဲလျက်ရှိပြီး ဥပဒေပြဋ္ဌာန်းပြီးပါက မြန်မာနိုင်ငံကျန်းမာရေးမှူး ကောင်စီအား ဥပဒေ ပါပြဋ္ဌာန်းချက်အတိုင်း ဖွဲ့စည်းပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။