ယနေ့ ကမ္ဘာပေါ်တွင်တိုးတက်နေသော လူဦးရေ၊ ယာဉ်အန္တရာယ်များ၊ အရေးပေါ် ကျန်းမာရေးပြဿနာများ၊ ကူးစပ်ရောဂါနှင့် သဘာဝဘေးများ၊ စစ်ပွဲများနှင့် အကြမ်း ဖက်မှုများကြောင့် နေ့စဉ်နှင့်အမျှ လူများသေကြေဒဏ်ရာရလျက်ရှိပါကြောင်း၊ မိမိ တို့နိုင်ငံတွင်လည်း ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်မှ ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၂၁၆ ဦးသေဆုံးခဲ့ပြီး ၆၇၈ ဦး ဒဏ်ရာရခဲ့သည့်အပြင် နာဂစ်ကဲ့သို့ သဘာဝဘေးမျိုးတွင်လည်း သိန်းနှင့်ချီ ဖျက်ဆီးခဲ့သည်ဆိုသည်ကို သိရှိရပါကြောင်း၊ ဒဏ်ရာ(သို့မဟုတ်) ရောဂါပြင်းထန်စွာ ခံစားနေရသော လူနာတစ်ယောက်အတွက် အရေးပေါ် ကုသမှုခံယူကာ နီးစပ်ရာဆေးရုံ သို့ အချိန်မီ ရောက်ရှိ ကုသရန်ဖြစ်သော်လည်း ၂၀၀၃ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်လူနာဌာန သုတေသနပြုချက်အရ အရေးပေါ်ဌာနသို့ လာရောက် ပြသသော လူနာများ၏ ၃ ရာခိုင်နှုန်းသာ လူနာတင်ယာဉ်နှင့် လာရောက်နိုင်သည် ကို တွေ့ရှိရ ပါကြောင်း၊ ယနေ့ခေတ် ရပ်ရွာ၊ မြို့နယ်များတွင် ကိုယ်ထူ ကိုယ်ထ လူမှုရေးအသင်းများအနေဖြင့် လူနာတင်ယာဉ် များ ထူထောင် လာကြသော်လည်း ယာဉ်လိုင်စင် ၊အသင်းအဖွဲ့လိုင်စင်နှင့် လူနာပြုစုကုသခြင်း အတတ်ပညာ များနှင့် ပတ်သက်ပြီး အခက်အခဲများရှိနေသည့်အတွက် အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို လည်း တွေ့ရှိရပါကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ရေတိုဆက်သွယ်ရေး၊ စာဆက်သွယ်ရေးကို ခွင့်မပြုခဲ့ခြင်းကြောင့်အရေးပေါ်လုပ်ငန်းများတွင် အရေးကြီးဆုံးဖြစ်သော Communication System ဆုံးရှုံးခဲ့ ပါကြောင်း၊ လူနာတင်ယာဉ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် လမ်း၊ အိမ်၊ အဆောက်အဦးတစ်ခု မှ ဆေးရုံ (သို့) ဆေးကုသမှု ပေးနိုင်သော နေရာသို့ ပို့ဆောင်ပေးရန် အထူး ပြုပြင်ထားသော ဆေးဝါးကိရိယာများ တပ်ဆင် ထားသော မော်တော်ယာဉ်၊ ရေယာဉ်၊ (သို့) လေယာဉ်ဟု သတ်မှတ်ထားရှိသည့်အတွက် လူနာတင်ယာဉ် စံနှုန်း သတ်မှတ်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးများရှိ ဆရာဝန်အသင်းပိုင်၊ ကြက်ခြေနီများ၊ နာရေးကူညီမှုအသင်းများ၊ ရပ်ရွာနှင့် ဆရာတော်ပိုင်များ၊ ပုဂ္ဂလိကယာဉ်များနှင့် နိုင်ငံတော် အပိုင်းပိုင် စသည်ဖြင့် လူနာတင်ယာဉ်များစွာ ရှိကြသော်လည်း ၎င်းတို့သည့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်စပ်ခြင်း မရှိခြင်း၊ စံစနစ်မရှိခြင်းတို့ကြောင့် ထိရောက်သော အသက်ကယ်လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည် ကို တွေ့ရှိရပါကြောင်း၊ အလားတူပင်လူနာတင်ယာဉ်များတွင် တာဝန် ထမ်းဆောင်နေကြသော စေတနာ့ဝန် ထမ်းများနှင့် အစိုးရ ဝန်ထမ်းများ၏ အရည်အချင်းသတ်မှတ် ပြည့်မှီအောင်ကူညီခြင်း၊ သင်ကြားခြင်း၊ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းအပြင် အရေးပေါ်ဆေးကုသမှုပြုလုပ်သည့် ဆရာဝန်၊ သူနာပြုနှင့် အခြားအဆင့် ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်၊ ကာကွယ်ခွင့်များအတွက် ဥပဒေလိုအပ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံများတွင် လူနာတင်ယာဉ် တပ်ဖွဲ့များကို ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့များကဲ့သို့ တစ်ပြေးတည်း ထူထောင်ကြပြီး အရေးပေါ်အဖွဲ့ဆိုသည်မှာလည်း ယင်းအဖွဲ့သုံးဖွဲ့မှ ပူးတွဲတာဝန်ထမ်းဆောင်ကြ ရ ခြင်းဖြစ်ပါကြောင်း၊ အမေရိကားတွင် လူနာတင်ယာဉ်ကိုခေါ်လျှင် ၁၀ မိနစ်နှင့် ဂျပန်တွင် ၇ မိနစ် အတွင်း ရောက်ရန် စီမံကြသော်လည်း မြန်မာနိုင်ငံတွင် လူနာတင်ယာဉ်စနစ် မရှိသေးသည့်အတွက် ခေတ်မီတိုး တက်သော နိုင်ငံသစ်ကို ထူထောင်နိုင်သည့်အချိန်တွင် လူနာတင်ယာဉ်စနစ်ထူထောင်ရေးသည် လိုအပ်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော မြန်မာနိုင်ငံအရေးပေါ်ဆေးကုသမှုနှင့် အရေးပေါ်လူနာတင်ယာဉ်စနစ် ထူထောင်ရေးလုပ်ငန်းများနှင့်ဆက်စပ်သော လူနာတင်ယာဉ်အပေါ်တွင် တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများ၏ အခွင့်အရေးနှင့် ကာကွယ်ခွင့်များပါဝင်သော (Emergency Medical Service System) သို့မဟုတ် EMS Law ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနိုင်မှု အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
အရေးပေါ်လူနာ တင်ယာဉ်စနစ်တစ်ခုထူထောင်ရာတွင် လူနာတင်ယာဉ်သာမက အဆိုပါလူနာ တင်ယာဉ်တွင် လိုက်ပါမည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင်နှင့် ကြက်ခြေနီများအတွက်ပါ ဆေးပညာနှင့် ပတ်သက်၍ တတ်ကျွမ်းနားလည်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးရုံ မရောက်မီ အရေးပေါ်လူနာတင်ယာဉ် စနစ် ဖော်ဆောင်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစီမံချက် များရေးဆွဲ၍ ၂၀၁၁ ခုနှစ်မှ စတင်ကာ အဆင့်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအဆင့်(၁)အနေဖြင့် အရေးပေါ် ကုသမှု ဆေးပညာဒီပလိုမာ သင်တန်းကို ဆေးပညာ၊ ကလေးရောဂါပညာ၊ အရိုးနှင့် မေ့ဆေး ရောဂါပညာ ဘွဲ့လွန်ရရှိပြီးသူ သင်တန်းသား ၁၈ ဦးအား ၂၀၁၂ ခုနှစ် ဇွန်လမှစတင်၍ ဖွင့်လှစ်သင် ကြား ပေးခဲ့ပြီး ယခုအခါ သင်တန်းပြီး ဆုံးပြီဖြစ်ပါကြောင်း၊ အရေးပေါ်လူနာတင်ယာဉ်စနစ်နှင့် တွဲဖက် ဆောင်ရွက်နိုင်ရန် အရေးပေါ်ကုသ မှုဆေးပညာဌာနတစ်ခုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ရန် စီစဉ်ဆာင်ရွက်ပြီးဖြစ် သကဲ့သို့ အရေးပေါ်ဆေးကုသမှုဘာသာရပ်နှင့်စပ်လျဉ်း၍ သင်ကြားရေးဆိုင်ရာ Training Center တစ်ခုကိုလည်း ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောလျင်စွာ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက်လက်၍လည်း သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်များနှင့် ကြက်ခြေ နီများကို အရေးပေါ်ကုသမှုဆေးပညာဆိုင်ရာသင်တန်းများဖြင့် ဖွင့်လှစ်သင်ကြားပေးသွားရန်လည်း ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း၊
ယခုနှစ် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ စတင်၍ Hot Line နံပါတ် 192 ကိုအသုံးပြု၍ အရေးပေါ်ကုသမှုဆေးပညာ လေ့ကျင့်သင်ကြားပေးထားသော ဆရာဝန်၊ သူနာပြု၊ ဆေးဘက် ကျွမ်းကျင်၊ ကြက်ခြေနီနှင့် လူနာတင်ယာဉ်များကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပုသိမ်မြို့များတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင် ဆောင်ရွက်လေ့ကျင့်ထားရှိပြီး လည်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကအစီအစဉ်၊ အသင်းအဖွဲ့အစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသော လူနာတင်ယာဉ် လုပ်ငန်းများကို တစ်ပြေးညီဖြစ်စေရန် လူနာတင်ယာဉ်စနစ်ထူထောင် နိုင်ရန်အတွက် လိုအပ်ချက်များကို ဖော် ထုတ်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ် ယခုနှစ် နှစ်ဦးပိုင်းတွင် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ပြုလုပ်ရန် စီစဉ်ထားရှိပြီး ယင်းဆွေးနွေးပွဲတွင် လူနာတင်ယာဉ်လုပ်ငန်းများမှ ကိုယ်စားလှယ်များကိုဖိတ်ကြားပြီး အကြံဉာဏ်များရ ယူ၍ ဆွေးနွေးပွဲ၏ ရလဒ်များကိုအခြေခံကာ နိုင်ငံတော်အဆင့် အရေးပေါ် လူနာတင်ယာဉ် စနစ်ကို ထူထောင်နိုင်မှာဖြစ်ပါကြောင်း၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အရေးပေါ် ကုသမှုနှင့် အရေးပေါ်လူနာတင်ယာဉ်စနစ် ထူထောင်ရေးအစီအစဉ်၊ လူနာတင်ယာဉ်အပေါ် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများ၏ အခွင့်အရေး၊ ကာကွယ်ပိုင်ခွင့်များနှင့်ပတ်သက်၍ သီးခြား ထုတ်ပြန်ထားရှိပြီးသား မရှိသေးသော် လည်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ် ကို ဆောင်ရွက်နေသူများအား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၃၅ အရ ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့် ဌာနအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရားမကြောင့်ဖြင့်ဖြစ်စေ၊ ပြစ်မှုကြောင်းဖြင့်ဖြစ်စေ၊ မည်သည့်တရား ရုံးတွင်မျှ တရားစွဲအရေးယူခြင်းမရှိစေရဟု ပြဋ္ဌာန်းထားရှိပါကြောင်း ပြန်လည်းဖြေကြားပါသည်။
