(ဃ)-ဖွံ့ဖြိုးမှုနောက်ကျသောဝေးလံခက်ခဲဒေသများ ၏ပညာရေး (အရည်အသွေး) နိမ့်ကျနေမှုကို ဖွံ့ဖြိုး ပြီးဒေသများနှင့်ကွာဟချက်နည်းပါးစေရေးမည်သို့မြှင့် တင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးပဉ္စမနေ့ (၂၀.၁၁.၂၀၁၅)

ဒေါ်နန်းနွံ (ရှားတော)ပညာရေးကဏ္ဍတွင် ပညာရည်မြင်‌့မားရန်အတွက် ဘက်စုံထောင့်စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဖွံ့ဖြိုးမှုနောက်ကျသည့် ဝေးလံ ခက်ခဲသည့် ဒေသများမှာလည်း ထိုသို့သော မြှင့်တင်ဖြည့်ဆည်းပေးမှုများကို အထိုက်အလျောက် ရရှိခံစားရပါကြောင်း၊ သို့သော်လည်း ဝေးလံခက်ခဲပြီး အစဉ်အဆက် ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သည့် အတွက် ကျောင်းမရှိသောရွာများ ရှိနေသေးခြင်း၊ အချို့ရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ဆရာငှားရမ်းသင်ကြားနေရခြင်း၊ မူလတန်းအဆင့်ပြီးဆုံးပြီး အလယ်တန်းသို့ တက်ရောက်ရန် အခက်အခဲများရှိနေခြင်း၊ အထက်တန်းသို့ တက်ရောက်နိုင်သူများအတွက်လည်း ပြီးဆုံးအောင်မြင်သူနည်းပါးနေခြင်း၊ စာမေးပွဲအောင်သော်လည်း အမှတ်နည်းသဖြင့် အဆင့်မြှင့်ပညာသို့ တက်လမ်းနိုင်သူ အလွန်နည်းပါးနေခြင်း စသည်တို့မှာ ဝေးလံခက်ခဲသော နယ်စွန်နယ်ဖျားဒေသများ၏ ပညာရေးနိမ့်ကျနေမှုအခြေအနေများ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးဒေသများ၏ အရည်အသွေးကွာဟချက်များ နေခြင်းကြောင့် သင်တန်းဝင်ခွင့်လျှောက်ထားခြင်း၊ အလုပ်အကိုင် လျှောက်ထားခြင်းတို့တွင်လည်း ရမှတ်ကန့်သတ်ချက်အရ လည်းကောင်း၊ ဖွံ့ဖြိုးပြီးဒေသများမှ လာရောက်လျှောက်ထားသူများနှင့် မယှဉ်နိုင်၍လည်းကောင်း၊ အလုပ်အကိုင်ရရှိရန်ခက်ခဲပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေဆဲဖြစ်ပါကြောင်း၊ ပညာရေးကွာဟချက်များနေရခြင်း အကြောင်းအရင်းများကို လေ့လာစိစစ် သုံးသပ်ပြီး အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးမှသာ နိမ့်ကျနေသော ဝေးလံခေါင်သီ ခက်ခဲဒေသများ၏ ပညာရေးအရည်အသွေး မြင့်မားလာပြီး ဖွံ့ဖြိုးပြီးဒေသများနှင့် ကွာဟချက်များ လျော့နည်းသွားမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွံ့ဖြိုးမှုနောက်ကျနေသော ဝေးလံခက်ခဲဒေသများ၏ ပညာရေးကို ဖွံ့ဖြိုးပြီးဒေသများနှင့် ကွာဟချက်နည်းနိုင်သမျှ နည်းပါးစေရေးအတွက် မည်သို့မြှင့်တင်ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဒေါက်တာ်ဇော်မင်းအောင်ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်း အရည်သွေးမီ ပညာရေးကို သင်ယူခွင့်ရရှိပြီး အခြေခံပညာအဆင့်အလိုက် ပြီးမြောက်စေရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍအတွက် သင်ယူမှုအခွင့်အလမ်းများ ပိုမိုတိုးတက်စေရေးအတွက် ကျောင်းများ မရှိသည့် ကျေးရွာများ တွင် ကျောင်းသစ်များကို ဖွင့်လှစ်ပေးခြင်း၊ ကျောင်းများကို အဆင့်တိုးမြှင့်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် အခြေခံပညာမှာလည်း သင်ကြားမှုအရည်အသွေး မြင့်မားစေရန်အတွက် အခြေခံပညာမူလတန်းကျောင်းများ တွင် ကျောင်းအုပ်တစ်ဦးနှင့် ဆရာ/ဆရာမ (၄) ဦးခန့်ထားရေးမူဝါဒချမှတ်၍ ခန့်ထားပေးခြင်းဖြင့် ကျေးလက်မြို့ပြကွာဟမှုမရှိဘဲ ဆရာဆရာမ ပြည့်စုံလုံလောက်အောင် ဖြည့်ဆည်း ခန့်ထားပေးလျက်ရှိပါကြောင်း၊ အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းပညာအဆင့်တွင်လည်း လစ်လပ်လျက်ရှိသည့် ဆရာ/မများကိုလည်း သတ်မှတ်သည့် အရည်အချင်း၊ ဘာသာရပ်နှင့် ကိုက်ညီသူများအား ဖြည့်ဆည်းခန့်ထားပေးလျက်ရှိပါကြောင်း။

ဖွံ့ဖြိုးမှုနောက်ကျပြီး ဝေးလံခက်ခဲသည့်ဒေသများ၏ ပညာရေးကို ဖွံ့ဖြိုးရေးဒေသများနှင့် ကွာဟချက် နည်းပါးစေရေးအတွက် အထက်ဖော်ပြပါ ဆောင်ရွက်မှုများအပြင် အခြားသင်ယူမှု အခွင့်အလမ်း မြင့်မားစေရေးနှင့် အခြေခံပညာအရည်အသွေး မြင့်မားရေး လုပ်ငန်းများကို နိုင်ငံတော်မှ ချမှတ်ထားသည့် နှစ်ရှည်၊ နှစ်တိုစီမံကိန်းနှင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ယခုလိုစီမံကိန်းများ ချမှတ်ရာတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ကျောင်းနေအရွယ်ကလေးများ နေနိုင်ရန်အတွက် ကျောင်းထောက်ပံ့ကြေးပေးသည့် စီမံကိန်းများ၊ ပညာသင်ထောက်ပံ့ကြေးပေးသည့် စီမံကိန်းများ၊ ဖွံ့ဖြိုးမှု နောက်ကျပြီး ဝေးလံခက်ခဲသည့်ဒေသနှင့် မြို့နယ်များတွင် စီမံကိန်းများကို အလေးထား ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများဖြစ်ပါကြောင်း။

၂၀၁၆-၁၇ ပညာသင်နှစ်မှ ၂၀၂၀-၂၁ ပညာသင်နှစ်အထိ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်သွားရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းအားလုံးသည် ပညာရေးကဏ္ဍကို လွှမ်းခြုံစေမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျပြီး ဝေးလံခက်ခဲသောဒေသများ၏ ပညာရေးကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရလည်းကောင်း၊ ၂၀၃၀ ခုနှစ် ကမ္ဘာ့ပညာရေး မျှော်မှန်းချက် အရ အရည်အသွေးရှိသည့် ပညာရေးကို လူတိုင်းအကျုံးဝင်ပြီး တန်းတူညီမျှမှုရှိစွာ သင်ယူခွင့်ရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဆက်လက်ပြီး အဆင့်မြင့်ပညာကဏ္ဍမှာလည်း အကြောင်းအမျိုးမျိုးကြောင့် နေ့သင်တန်း မတက်ရောက် နိုင်သော ကျောင်းသားကျောင်းသူများကို မိမိဒေသ၊ မိမိအလုပ်ခွင်မပျက် ပညာသင်ယူခွင့် ရရှိစေရန်၊ အဆင့်မြင့်ပညာရပ်များကို တစ်နိုင်ငံလုံး နယ်စပ်ဒေသများပါမကျန် သင်ယူနိုင်ရန် ရည်ရွယ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တက္ကသိုလ်များတွင် အဝေးသင်ဌာနခွဲများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ အဝေးသင်တက္ကသိုလ်ဟုဆိုသော်လည်း နိုင်ငံတကာအဝေးသင်တက္ကသိုလ်များတွင် သင်ကြားပို့ချသည့် နည်းစနစ်များအတိုင်း ပြဋ္ဌာန်းစာအုပ်များ၊ လေ့လာမှုလမ်းညွှန်စာအုပ်များ၊ စာစဉ်များ အစရှိသည့် ပုံနှိပ်မှတ်တမ်းများ၊ သင်ခန်းစာပို့ချချက် စီဒီ၊ ဗွီစီဒီ၊ ဒီဗွီဒီများ ဖြန့်ဝေပေးလျက်ရှိပါကြောင်း။

သင်ခန်းစာပို့ချချက်များကို Sky Net အရုပ်သံလိုင်းမှ နေ့စဉ်ထုတ်လွှင်‌့ပြသပေးခြင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၏ Website ဖြစ်သော www.yude.edu.mm တွင်လည်း ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှစပြီး (၂၄) နာရီ အခမဲ့ထုတ်လွှင့်ပြသပေးလျက်ရှိခြင်း၊ သင်ခန်းစာပို့ချချက်များ အားလုံးကိုလည်း Website မှ လွယ်ကူစွာ download ယူပြီး လေ့လာနိုင်ရန် စီစဉ်ထားပေးခြင်း၊ Blended Teaching Learning System တို့ဖြင့် အီလက်ထရောနစ်နည်းပညာရပ်များကိုပါ ပေါင်းစပ် သင်ကြားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပညာရေးကဏ္ဍမှာ ပညာရည် မြင့်မားရေးအတွက် ဘက်စုံထောက်စုံမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပြီး ကောလိပ်များ၊ ဒီဂရီကောလိပ်များကို တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးခြင်း၊ ပါရဂူဘွဲ့ရသင်ကြားရေးဆရာ၊ ဆရာမများ အင်အားပြည့် ဖြည့်ဆည်းပေးခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ပေးခြင်း၊ နေ့သင်တန်းများလည်း တက်ရောက်သင်ယူနိုင်စေခြင်းဖြင့် ဖွံ့ဖြိုးမှုနောက်ကျပြီး ဝေးလံခက်ခဲသောဒေသများ၏ ပညာရေးကို ဖွံ့ဖြိုးပြီးဒေသများနှင့် ကွာဟချက် နည်းပါးစေရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
 

ဒေါ်နန်းနွံ (ရှားတော) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည့်ပြည်‌့စုံစုံ ဖြေကြားပေးသည့်အတွက် အထူးပင် ကျေးဇူးတင် ဝမ်းသာမိပါကြောင်း၊ မိမိအနေဖြင့် ဆက်စပ်မေးမြန်းလိုသည်မှာ ပညာရေးတိုးတက်ရန် အားလုံးဝိုင်းဝမ်းကြိုးပမ်းကြရမည်ကို နားလည်ပါကြောင်း၊ သို့သော် မိမိတို့ဒေသတွင် အခက်အခဲများ ရှိနေပါကြောင်း၊ တစ်မြို့နယ်လုံးတွင် တစ်ကျောင်းထဲရှိသည့် အ.ထ.က ရှားတောမှာ သိပ္ပံခန်းကိုလည်း လက်တွေ့အသုံးချနိုင်သည်အထိ ပြည့်ပြည့်စုံစုံ မရှိသေးပါကြောင်း၊ မီဒီယာအခန်းသည်လည်း ကလေးများသည် ကြားခံမီဒီယာများ အသုံးပြုပြီး Sky Net က တိုက်ရိုင်ထုတ်လွှင်‌့သည့် သင်ခန်းစာထုတ်လွှင်‌့မှု အစီအစဉ်များကိုလည်း ကြည့်စေချင်ပါကြောင်း၊ သို့သော် ကလေးတစ်ဦးချင်းစီ ထိုကဲ့သို့ ကြည်‌့နိုင်ရန် လက်လှမ်းမမှီနိုင် သေးပါကြောင်း၊ ထို့ကြောင့် စီစဉ်ပေးနိုင်မည်ဆိုပါက အများကြည့်ရှုရန်အတွက် စီစဉ်ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ထို့နောက် ဘာသာပြ ဆရာ/ဆရာမများသည်လည်း မိမိတို့ဒေသသည် သွားလာရေး ခက်ခဲသည်ဆိုပြီး လာရောက်တာဝန်ထမ်းဆောင်သည့် ဆရာ/ဆရာမများသည် တစ်နှစ်၊ နှစ်နှစ်ထက်ပို၍ မနေနိုင်ကြပါကြောင်း၊ အများအားဖြင့် တစ်နှစ်ခန့်သာနေပြီး ပြောင်းသွားကြသည့်အတွက် ကလေးများသည် အစမ်းသပ်ခံသကဲ့သို့ ဖြစ်နေပါကြောင်း၊ ရာထူးတိုးခါစ ရောက်လာပြီး လာရောက်သင်ကြားကာ ကျွမ်းကျင်သွားသည့်အချိန်တွင် ပြောင်းသွားသည့်အတွက် မိမိတို့ဒေသအနေဖြင့် ယင်းကဲ့သို့ အားနည်းချက်များ အမြဲရှိနေသေးပါကြောင်း၊ အတန်းကူးပြောင်းတုန်း မြင့်မားစေချင်သည့်အတွက် ကျောင်းဖွင့်လှစ်ပေးခြင်းများ၊ ကျောင်းအဆင်‌့ တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်မူများကို လျော့ပေါ့ပြီး ဝေးလံခက်ခဲသည့် ဒေသအတွက် အထူးအစီအစဉ်အနေဖြင့် စဉ်းစားပေးစေလိုပါကြောင်း ထပ်ဆင့်မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်

ကိုယ်စားလှယ်တော်ကြီး၏ ထပ်ဆင့်မေးခွန်းတွင် Team Sible ဟုခေါ်သော Infrastructure   များ ဖြည့်ဆည်းပေးရန်ဖြစ်ပြီး အဓိကထားပြောသွားသည်မှာ လက်တွေ့သိပ္ပံအခန်းများ၊ မီဒီယာအခန်းများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးရသုံးမှန်းခြေ ခွင့်ပြုချက်အပေါ်တွင် မူတည်ပါကြောင်း၊ မူတည်ချက်ကိုလည်း မိမိတို့ လျာထားသည့်အခါ ဘဏ္ဍာရေးငွေစာရင်းခေါင်းစဉ်အရ သင်ထောက်ကူပစ္စည်းဆိုသည်မှာ သီးခြားမရှိပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့လိုချင်သည့် တင်ပြသော ခေါင်းစဉ်နှင့် ဘဏ္ဍာရေးခေါင်းစဉ်များသည် တိုက်ရိုက်ကိုက်ညီရန် မလွယ်ပါကြောင်း၊ သို့သော် ကဏ္ဍအလိုက် သိပ္ပံခန်းများထည့်မယ်ဆိုပါက ဓာတုဗေဒနှင့်ပတ်သက်သော ပစ္စည်းများ ဝယ်ရမည်လား၊ ၎င်းနှင့်ပတ်သက်၍ မိမိတို့က သင်ထောက်ကူပစ္စည်းဆိုပြီး သီးခြား အခုလာမည့်နှစ်တင် တင်ရန်ရှိပါကြောင်း၊ သို့သော်  ငွေစာရင်းခေါင်းစဉ်တင်သည့်အခါ မိမိတို့က ငွေလုံး ငွေရင်းခေါင်းစဉ်တွင် နှစ်မျိုးသာရှိပါကြောင်း၊ စက်ပစ္စည်းနှင့် ဆောက်လုပ်ရေးဆိုသည့်အတွက် စက်ပစ္စည်းခေါင်းစဉ်အောက်တွင် ဝင်မည်ဖြစ်ပါကြောင်း၊  အကယ်၍ ခွင့်ပြုရန်ပုံငွေတွင် ၎င်းကို သင်ထောက်ကူပစ္စည်းများဝယ်ရန်၊ ၎င်းကို လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ရှင်းပြပြီး ပါဝင်နိုင်ရေးကိုလည်း မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်တွေ့သိပ္ပံခန်းသာမက မီဒီယာခန်းများလည်း ပါဝင်ပါကြောင်း၊ သင်ထောက်ကူပစ္စည်းအတွက် Total Budget ၏ ရာခိုင်နှုန်းမည်မျှကို မိမိတို့ သုံးထားပါသည်ဆိုသည့် မျှော်မှန်းချက်များထားပြီး လျာထားဆောင်ရွက်ပေးသွားရန် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဘဏ္ဍာရေးတွင် ထည့်သွင်းပြီး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့စီစဉ်ဆောင်ရွက်ရာတွင် လျာထားချက်သည် သင်ထောက်ကူပစ္စည်းကတစ်ခု ဆောက်လုပ်ရေးဖြစ်မည်ဆိုရင်တောင်မှ ဆောက်လုပ်ရေးတစ်ခုတည်း မကဘဲ စာသင်ခုံများ၊ သန့်စင်ခန်းများ တစ်ပါတည်းပါအောင် မိမိတို့ အစီအမံများချမှတ်ပြီး ရေးဆွဲလျက်ရှိပါကြောင်း၊

ဘာသာရပ်ဆရာဆရာမများ လိုအပ်ချက်မှာ ပြည်နယ်များတွင်မက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင်ပါ လိုအပ်လျက်ရှိပါကြောင်း၊ ဘာသာရပ်ဆိုသည်မှာ သူ၏ ဘာသာရပ်ကိုက်ညီသော ဆရာဆရာမများကို ခန့်ထားရခြင်းဖြစ်သည့်အတွက် နည်းလမ်းများစွာဖြင့် မွေးထုတ်ပြီး ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ (၁) အချက်ကတော့ ပညာရေးကောလိပ်များရှိပါကြောင်း၊ ပညာရေးကောလိပ်များတွင်လည်း မိမိတို့က ယခင်က ညကျောင်းသားဟုခေါ်သော သင်တန်းသားများသာ လက်ခံပြီး ယခုနှစ်ကစပြီး ဆရာ/ဆရာမ လိုအပ်ချက်ကို အရည်အသွေးပြည့်မီသော ဆရာ/ဆရာမ လိုအပ်ချက်များလည်း ဖြည့်ဆည်းနိုင်စေရန် နေ့ကျောင်းသားများပါ ဖြည့်ဆည်းပြီး နေ့သင်တန်းသားများပါ ဖြည့်စွက်ပြီး ခေါ်ယူပါကြောင်း၊ ယခင်က ၅၀၀ ဆိုလျှင် ယခု ၁၀၀၀ ခေါ်နိုင်သည့် အနေအထား ဖြစ်ပါကြောင်း၊ လက်ရှိလိုအပ်နေသည့် အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆရာ/ဆရာမများ ဆောင်ရွက်ရာတွင်လည်း မိမိတို့က အင်အားများ ရှိစေရန် ယခင်က ထောက်ပံ့ကြေးငွေ ၃၀၀၀ ကျပ်ခန့်မှစ၍ အခုချိန်မှာတော့ကျွန်တော်တို့ ၃၀၀၀၀ ကျပ်အထိ ပေးနိုင်စေရန် ပညာရေးကောလိပ် လာတက်သည့် ဆရာ/ဆရာမများ၏ ထောက်ပံ့ရေး ၃၀၀၀၀ ကျပ် ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ဆရာ/ဆရာမ များက ထွက်လာသည့် ဆရာ/ဆရာမများ အားလုံးကိုလည်း  မိမိတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် သူ့ဒေသနှင့် အနီးစပ်ဆုံးတွင် ခန့်ထားသွားရေးလည်း မူဝါဒများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဆရာ/ဆရာမများသာမက မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ပြုလုပ်ရသည့် ပုဂ္ဂိုလ်များသည် ဆရာဆရာမများဘဝက လာသည့်အတွက် စီမံခန့်ခွဲမှုသင်တန်းကိုလည်း ထောက်ကြန့်တွင် ဖွင့်လှစ်ပြီး ငွေရေးကြေးရေးနှင့် ပတ်သက်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုသင်တန်းများကို မိမိတို့ စီမံခန့်ခွဲမှုအရည်အသွေး တိုးမြင့်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အတန်းကူးပြောင်းနှုန်းများ တစ်နည်းအားဖြင့် ကျောင်းထွက်နှုန်းများနည်းစေရန် ကျောင်းအဆင့် တိုးမြှင့်ခြင်းလုပ်ငန်းများကို  တစ်နိုင်ငံလုံးဆောင်ရွက်သည့်အတွက် မိမိတို့အနေဖြင့် သတ်မှတ်သည့် မူဝါဒများနှင့်အညီ ကိုက်ညီသည့် ကျောင်းများကို အဆင့်တိုး မြှင့်ပေးခဲ့ခြင်းများကို သက်ဆိုင်ရာ ပညာရှင်များ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် အကြံဉာဏ်များရယူူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးတွင် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကိုလည်း အတန်းပညာ ကျောင်းများနည်းတူ ဖွင့်လှစ်ပေးရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းများ ကို Vocational Training Center အဖြစ် Short Team CoursesLong Team Courses များဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ အတန်းကူးပြောင်းနှုန်းများ ကျောင်းနေစရိတ်များ လျော့သွားစေ ရေးအတွက် သိပ္ပံနှင့်နည်းပညာကဆောင်ရွက်နေသည့် Formal Vocational Education ခေါ် အသက်မွေးဝမ်းကြောင်းပညာများကို တစ်နိုင်ငံလုံးတွင်  ဒေသလိုအပ်ချက်နှင့်အညီ ဖွင့်လှစ်ပေးသွားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။