နိုင်ငံတော်၏ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့က
လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို သိရှိပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအချို့တွင် ယိုယွင်းပျက် စီးနေပြီး ကျောင်းသားဦးရေနှင့် ဆရာဆရာမများ မျှတမှု မရှိ၍ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ်အတွင်း ရှိ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးရန်လိုအပ်နေသည့် အ.ထ.က(ခွဲ) အ.ထ.က (၁၃)ကျောင်း၊ ၁၂၀ ထ ၃၀ ပေ၊ အ.လ.က သရက်တောကျောင်း ၁၂၀ ထ ၃၀ ပေ၊ မူလွန်ဇီးတောတောင်ကျောင်း ၉၀ ထ ၃၀ ပေ၊ အ.မ.က သဲတော် ရွာမြောင်းစုကျောင်း ၉၀ ထ ၃၀ ပေ၊ အ.မ.က စပါးမျှောကျောင်း ၆၀ ထ ၃၀ ပေတို့ဖြစ်ပြီး အဆိုပါ ကျောင်းများအား ကျောင်းဆောင်အသစ်များ ဆောက်လုပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အတူ ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသည်ကို လည်း လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါဖော်ပြခဲ့သော ပေါက်မြို့နယ်အတွင်းရှိ အမှန်တကယ်လိုအပ်၍ ကျောင်းဆောင် အသစ်များဖြင့် ဆောက်လုပ်ဆောင်ရွက်ပေးရန် လိုအပ်နေ သည့် ကျောင်း(၅)ကျောင်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလို ပါကြောင်း မေးမြန်းပါသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းဆောင်များ ဆောက်လုပ် ရန်အတွက် မြို့နယ်တွင် ဦးစားပေး အစီအစဉ် ကျောင်း အလိုက် အခြေခံပညာကျောင်း(၁၈) ကျောင်းအတွင်း ရန်ပုံငွေကျပ် ၅၄၀ သန်းအား ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွက် ဖြည့်စွက် ရန်ပုံငွေ တောင်းခံမှုများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းခံခဲ့ပါကြောင်း၊ ထိုသို့ တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်ရရှိခဲ့ခြင်း မရှိပါသဖြင့် ယခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
