(စ)-ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၂.၂၀၁၈)

ရသေ့တောင်မြို့နယ်တွင် လူဦးရေ နှစ်သိန်းလေးသောင်းနေထိုင်လျက်ရှိပြီး ၂၅ ခုတင်ဆေးရုံတစ်ရုံ တည်ရှိ ပါကြောင်း၊ လောင်းချောင်းတိုက်နယ်ဆေးရုံသည် ရသေ့တောင်မြို့၏ တောင်ဘက်အစွန်တွင်ရှိပြီး ၁၂ မိုင် ကွာဝေးပါကြောင်း၊ လောင်းချောင်း တိုက်နယ်အနီးပတ်ဝန်းကျင်တွင် ရွာပေါင်း ၃၄ ရွာရှိပြီး အရေးတကြီး နေမကောင်းဖြစ်လာပါက လှိုင်းလေထန်သည့် မေယုမြစ်ကို ဖြတ်သန်းပြီး ရသေ့တောင်ဆေးရုံ၊ စစ်တွေမြို့ရှိ ဆေးရုံကြီးများသို့ သွားရောက် ကုရပါကြောင်း၊ ထို့သို့သွားရောက်သည့်အခါ အချိန် တစ်နာရီ၊ တစ်နာရီခွဲ၊ နှစ်နာရီလောက်ကြာမြင့်ပါကြောင်း၊ လှိုင်းလေထန်သည့် မိုးရာသီတွင် မေယုမြစ်ကို ဖြတ်ကျော် ရန်အတွက် အချိန်ကြာစောင့်ဆိုင်းပြီးမှ သွားရသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရပြီး အချိန်မီ မရောက်သည့်အတွက် မသေသင့်ဘဲသေကြရသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် လောင်းချောင်း တိုက်နယ်ကျေးရွာအနီးအနားရှိ  ကျေးရွာတော်တော်များများသည် တစ်ရွာနှင့်တစ်ရွာ မော်တော်ဆိုင်ကယ် များ၊ ထော်လာဂျီများ၊ မော်တော်ကားများနှင့် သွားလာနိုင်ကြသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါ ကြောင်း၊ထို့ကြောင့် တိုက်နယ်ဆေးရုံတစ်ရုံတည်ဆောက်ပေးမည်ဆိုပါက  လောင်းချောင်း ရှိ ဒေသခံရွာသူ / ရွာသားများနှင့် ပတ်ဝန်းကျင်တွင်ရှိသည့် ၃၄ ရွာမှာ ရွာသူ/ရွာသား များအတွက် ကျန်းမာရေး အထောက် အကူ စောင့်ရှောက်မှုဖြစ်နိုင်မည်ဖြစ်သည့်အတွက် လောင်းချောင်းကျေးရွာကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် တိုက်နယ်ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရသေ့တောင်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံသုံးရုံ စုစုပေါင်းဆေးရုံလေးရုံ ရှိပါ ကြောင်း၊  မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနငါးခု၊ ကျေးလက်ကျန်းမာ ရေး ဌာနခွဲ ၃၀ ခုနှင့် လူဦးရေ ၁၇၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊  လောင်းချောင်းကျေးရွာသည် ရသေ့တောင်မြို့နယ် ဆေးရုံနှင့် ၁၄ မိုင်၊ စက်လှေဖြင့်သွားပါက နှစ်နှစ်ရီ၊ မူစေးတိုက်နယ်ဆေးရုံနှင့် ၈ မိုင်ဝေးပြီး စက်လှေသွားပါက တစ်နာရီကြာပြီး မိုးရာသီတွင် ခက်ခဲသည်ကို တွေ့ရှိရပါကြောင်း၊ လောင်းချောင်းကျေးလက်ဌာနသည် မေယုမြစ်၏ အနောက်ဘက်ကိုရောက်နေပြီး စေတီပြင်တိုက်နယ် ဆေးရုံကို သွားရန်အလွန်ခက်ခဲပြီး မိုးရာသီတွင် ရေကြီး ၊ရေလျှံသည့်အတွက်  အခြေအနေဆိုးသည်ကိုတွေ့ရှိရပါကြောင်း၊  ကျေးရွာ Additional ၃၂ ရွာ၊ အိမ်ခြေ ၄၄၈၈၊ လူဦးရေ ၂၀၀၀၀ ကျော်ရှိသည့်အတွက် လောင်း‌ချောင်းကျေးရွာ တိုက်နယ်ဆေးရုံကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အဆိုပြု တင်ပြထားပြီးသက်ဆိုင်ရာစီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။