(င)-ငပုတောမြို့နယ်၊ မကျီးပင် တိုက်နယ်ဆေးရုံအပါအဝင် တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ပေးရန် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၂.၂၀၁၈)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ‌ပြောင်းလဲလာသည့်မူဝါဒများနှင့်အညီ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများကအစ စံကိုက် အဆောက်အဦများ စနစ်တကျ တည်ဆောက်လာသည့်အချိန်တွင် ယခင်ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ရသည့် တိုက်နယ်ဆေးရုံ အများစုတွင် အဆောက်အဦပိုင်းတွင် မပြည့်စုံမှု၊ စနစ်မကျမှု၊ စံနှုန်းမကိုက်ညီမှုများနှင့် လိုအပ်ချက် များ များပြားလာသည့်အပြင် ဆရာဝန်တစ်ဦး၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦး နေထိုင်ရန်နေရာ ထိုင်ခင်းများ အိမ်၊ အဆောက်အဦများ  အပိုအလျှံမရှိသည့်အတွက် ကျေးရွာပြည်သူလူထု၏ အိမ် အပေါ်ထပ် ၊ အဆောင်များဘေး တွင် နေကြရပါကြောင်း၊ ငပုတောမြို့နယ်သည် မြစ်ချောင်းများနှင့် တည်ဆောက်ထားသည့် မြို့နယ်ဖြစ်သည့်အတွက် ဆေးရုံကိုလာရောက်သည့်အခါ တွင် လှေငယ်များ၊ လှေသမ္ဗာန်များ၊ စက်လှေများနှင့် လာရသည့်အတွက် ရေဆင်းချိန်၊ ရေပြည့်ချိန်မရှောင်လာသည့် အခါ အချိန်များနောက်ကျတတ်ပါကြောင်း၊ ၎င်းအချိန်မျိုးတွင် လူနာရောက်သည့်အချိန်ကလည်းနောက်ကျ၊ ဆေးရုံတခြား၊ ဆရာဝန်နှင့် ဆရာမများက တစ်အိမ်စီဖြစ်သည့်အတွက် တစ်နေရာတည်းတွင် စုစည်း၍ အမြန်ဆုံးကုသနိုင်ရန်အတွက် အချိန်မမှီ ဖြစ်တတ်သည့်အတွက် သွေးလွန်လူနာများ၊ ဖွားလူနာများ သည် အသက်ဘေးအန္တရာယ်များနှင့် ကြုံရသည့် အနေအထားများရှိလာပါကြောင်း၊ ထို့ကြောင်‌့ ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများ တစ်ဆက်တည်းရှိပါက ပိုအဆင်ပြေနိုင်မည်ဖြစ်သည့်အတွက် ယခင်က တည်ဆောက်ခဲ့သည့် ကိုယ်ထူကိုယ်ထ တိုက်နယ် ဆေးရုံများတွင် ဝန်ထမ်းအိမ်ရာများဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ငပုတောမြို့နယ်တွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး ဆေးရုံပေါင်း ၉၉ ရုံ ရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်သည့်အခါတွင် ငပုတောမြို့နယ်တစ်ခုတည်းကို ကြည့်လို့မရပါကြောင်း၊   ဧရာဝတီတိုင်းတစ် တိုင်းလုံးတွင်  ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၄၃၃ ခန်း လိုအပ်လျက်ရှိပါကြောင်း၊ ငပုတော မြို့နယ် တွင် ခုတင် ၅၀ ဆံ့ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ ၉ ရုံ၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၇ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၈၈ ခုရှိပြီး လူဦးရေ ၃ သိန်းကျော်ကို ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ငပုတောမြို့နယ် တိုက်နယ်ဆေးရုံ၉ ရုံတွင် ကွင်းဘတ် တိုက်နယ်ဆေးရုံအတွက် နှစ်ခန်းတွဲဆရာဝန်အိမ်ရာ တစ်လုံး၊ လေးခန်းတွဲဝန်ထမ်း အိမ်ရာနှစ်လုံး၊ သုံးခန်းတွဲဝန်ထမ်းအိမ်ရာတစ်လုံးတို့ကို ၂၀၁၅-၁၆ ခုနှစ် တွင် ဆောက်ပေးခဲ့ပြီး ဂျမ်းကပ်တိုက်နယ် ဆေးရုံအတွက့် နှစ်ခန်းတွဲ ဆရာဝန်အိမ်ရာတစ်လုံး၊ လေးခန်းတွဲဝန်ထမ်းအိမ်ရာ နှစ်လုံး၊ သုံးခန်းတွဲ ဝန်ထမ်းအိမ်ရာတစ်လုံးကို ၂၀၁၇-၁၈ ဘတ်ဂျက်တွင် ဆောက်လုပ်နေသည့်အတွက် မကြာခင်ပြီးစီး တော့မည်ဖြစ်ပါကြောင်း၊  ကျောက်ကလပ်တိုက်နယ်ဆေးရုံအတွက် လိုအပ်လျက် ရှိသည့် နှစ်ခန်းတွဲ ဆရာဝန်အိမ်ရာတစ်လုံး၊ လေးခန်းတွဲဝန်ထမ်းအိမ်ရာနှစ်လုံးတို့ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦဌာနကို တာဝန်ပေးပြီး ဆောက်လုပ်လျက်ရှိပါကြောင်း၊ မန်ကျည်းပင် အတွက် လိုအပ် သည့်စာရင်းအသေးစိတ် အတိအကျရှိပါကြောင်း၊ ဘတ်ဂျက်ရရှိပါက တစ်ခါတည်း ဆောက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊၂၀၁၈-၁၉ ခုနှစ်သည် ဝန်ထမ်းအိမ်ရာနှစ်ဖြစ်ပါကြောင်း၊ ဆေးရုံအသစ်များကို တကယ်လိုအပ်မှ ဆောက်လုပ်ပေးနိုင်မည် ဖြစ်သော်လည်း ဆောက်လက်စဆေးရုံများကိုတော့ ဆက်လက်ဆောက်လုပ်ပေးပြီး ကျန်ရှိသည့် ပိုက်ဆံအကုန်လုံး ကို ဝန်ထမ်းအိမ်ရာများ တစ်ပြည်လုံး တွင် ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တိုင်းနှင့် ပြည်နယ်ဦးစီးမှူး များထံ အကုန်စာရင်းများတောင်းထား သည့်အတွက်  မည်သည့်မြို့နယ်မှမည်သည့်ဆေးရုံသည် ခုတင် ၂၀၀၊ ၁၀၀ စသည့်ဖြင့် ဝန်ထမ်းအိမ်ရာစာရင်းများရောက်နေပြီဖြစ်ပါကြောင်း၊  ရောက်နေသည့်စာရင်းများကို အကုန်သုံးသပ်ပြီး ဦးစားပေးစနစ်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး  နောက်နှစ်ဇွန်လတွင် သက်ဆိုင် ရာ အစိုးရအဖွဲ့များထံ မိမိတို့ အကြောင်းကြားတော့မည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်းသည် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းမလိုသည့် အတွက် အများကြီးနှင့် အမြန်ဆုံးပြီးမည် ဖြစ်ပါကြောင်း၊  တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်မည်ဆိုပါက နှစ်ခန်းတွဲဆရာဝန်အိမ်ရာ အတွက် သိန်း ၃၈၀ ၊ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာအတွက် သိန်း ၅၀၀ ကုန်ကျမည်ဖြစ်ပါကြောင်း ထို့ကြောင့် ငပုတောမြို့နယ်အတွင်းရှိ မကျီးကန်တိုက်နယ်ဆေးရုံအပါအဝင် ကျန်တိုက်နယ် ဆေးရုံ များ၏ လိုအပ်ချက်များကို ၂၀၁၈ ခုနှစ်တွင်  ဧရာဝတီတိုင်းနှင့် အကုန်ညှိနှိုင်းပြီး ထည့်ပါမည်ဖြစ်ပါ ကြောင်းနှင့်  ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီမှ ဘဏ္ဍာငွေမဖြတ်ရန်အတွက်  ထပ်ပြီးမေတ္တာရပ်ခံ ပါကြောင်း ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။