၁၉၈၄ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည့် တန့်ယန်းမြို့နယ်၏ တစ်ခုတည်းသော အားကစားကွင်း သည် အုတ်ခြံစည်းရိုးများ မြင်မကောင်းအောင်ပျက်စီးနေပြီး ပွဲကြည့်စင်မှာလည်း ဆွေးမြည့်ပျက်စီးနေ သဖြင့် အန္တရာယ်ရှိသည်အခြေအနေဖြစ်ပါကြောင်း၊ ဘောလုံးကွင်းမြက်ခင်းပြင်မှာလည်း ကစား၍ မရအောင် ပျက်စီးနေပါကြောင်း၊ ၎င်းအားကစားကွင်းကို လူငယ်များနေ့စဉ်အသုံးပြုလျက်ရှိပြီး လွတ်လပ်ရေး နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများအတွက်လည်း အားထား အသုံးပြုရသည့် ကွင်းဖြစ်သည့်အတွက် ရှမ်းပြည်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ ၏ ပြည်သူ့အားကစားကွင်း အား ဘက်စုံအဆင့်မြှင့်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသေးပါက မည်သည့်ဘဏ္ဍာနှစ်တွင် ပြုပြင်တည်ဆောက်ရန် စီစဉ်ထားသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
တန့်ယန်းမြို့ ပြည်သူ့အားကစားကွင်း ဘက်စုံပြုပြင်မည်ဆို ပါက သာမန်အားဖြင့် သိန်း ၂၀၊ ပွဲကြည့်စင် ပေ ၁၀၀၊ ၃၀ ပတ်လည်အတွက် သိန်း ၁၅၀၀၊ Inner Fencing အတွက် သိန်း ၂၅၀၊ အုတ်တံတိုင်း အတွက် သိန်း ၄၀၀၊ ရုံးနှင့်နေအိမ်ဆောက်လုပ်ရန် ၃၇၅ သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း ၂၅၄၀ ကုန်ကျ မည်ဖြစ်သည့် အတွက်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေစာရင်းတွင် ထည့်သွင်းလျာထား တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတွင်မရပါက ပြည်ထောင်စုဘတ်ဂျက်ထဲတွင် ထည့်သွင်းတောင်းခံပေးမည်ဖြစ်ပါကြောင်း၊ အန္တရာယ်ရှိနေသည့် ပွဲကြည့်စင်ကိစ္စကို လောလောဆယ် ကစားလို့ရအောင် မိမိတို့စီစဉ်ပေးမည်ဖြစ်ပါကြောင်းနှင့် မိမိတင်ပြချင်လိုသည်မှ ပြည်ထောင်စု ဘတ်ဂျက် တွင် ထည့်သွင်းတောင်းခံသည့်အခါတွင်လည်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဖြတ်တောက်ခြင်း မပြုပါရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
