(ခ)-ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်း အဝေးတွင်ဆွေးနွေးထောက်ပြခဲ့သောဆွေးနွေး ချက်များသည် အကျိုးသက်ရောက်မှု ရှိ၊ မရှိနှင့် ဝန်ကြီးဌာန အသီးသီး၏ ဘတ်ဂျက် သုံးစွဲမှု အပေါ် ဈေးနှုန်းများ ပြန်လည် ညှိနှိုင်းခြင်း ရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၆.၁၀.၂၀၁၄)

ဦးကျော်ခိုင်ဝင်း (မဲ့စဲ့) ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်း အဝေး (၁၂) ရက်မြောက်နေ့ ၁၀-၂-၂၀၁၄ ရက်နေ့တွင် ၂၀၁၄-၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနောက်ဆက်တွဲစာအုပ်ပါ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန BE ဘတ်ဂျက်အပေါ် ဝေဖန်ထောက်ပြဆွေးနွေးခဲ့ရာတွင် ကယား ပြည်နယ် အနေဖြင့်ဆိုပါက ကျေးလက် အိမ်ရာများလည်း အထူးတလည်မလိုအပ်ပါကြောင်း၊ နယ်မြို့တွေကို ပေးသည်ထက်စာလျှင် ရန်ကုန်၊ မန္တလေးမြို့ကြီးများ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ အိမ်မဲ့ယာမဲ့တွေ ကျူးကျော်တွေ မြောက်များစွာရနေသည့်အတွက် ၎င်းတို့ကို ဦးစားပေးသင့်ပါကြောင်း ဆွေးနွေးခဲ့ပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်တွင် ဝန်ကြီးနယ်လှည့်ခရီးစဉ် များအတွက် ကားတွေ ဘတ်ဂျက်ပေါ် တင်တောင်းရာတွင်လည်း Myanmar Grand Tiger Double Cab တစ်စီးကို ကျပ်သိန်း ၅၇၀ တင်တောင်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနတွင် ယင်းကား တစ်စီးကို ကျပ်သိန်း ၃၈၀ သာတောင်းခံထားပါသည် စသဖြင့်ဆွေးနွေး ခဲ့ပါကြောင်း၊ ထို့အတူ ကျန်းမာရေး ဝန်ကြီးဌာနတွင် ကားကုမ္ပဏီ၊ အမျိုးအစားများတူသော်လည်း မော်ဒန်မြင့်ကားက ဈေးနည်းနေပြီးမော်ဒန် နိမ့်ကားက ဈေးများနေသည်ကို တွေ့ရှိရပါကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့် ဝေဖန်ထောက်ပြခဲ့သော ဆွေးနွေးချက် များကို  သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အပေါ် တတ်ရောက်မှု ရှိ/မရှိနှင့် ပစ္စည်းဝယ်ယူရာတွင် ဘတ်ဂျက်သုံးစွဲမှုအပေါ် ဈေးနှုန်းများ ပြန်လည်ညှိနှိုင်းခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း
အဖြေ

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနောက်ဆက်တွဲ(၂) စာအုပ်ပါမွေးမြူရေး၊ ရေ လုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ BE ဘတ်ဂျက်အပေါ် ကိုယ်စား လှယ်ကြီးက ငွေလုံးငွေ ရင်းခေါင်းစဉ် မော်တော်ကားတွေဝယ်ယူဖို့အတွက် ဘတ်ဂျက် စာရင်းကိုဆွေးနွေး ရာတွင် စက်မှုဝန်ကြီးဌာနထုတ်ဖြစ်သော Myanmar Grand Tiger Double Cab တစ်စီးသည် ကျပ်သိန်း ၅၇၀ တစ်စီးသည် ကျပ်သိန်း ၃၈၀ တောင်းခံ ထားသည်ကို ဆွေးနွေးခဲ့ပါကြောင်း၊

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက တောင်းခံသော ကျပ်သိန်း ၅၇၀ က Tiger Double Cab တစ်စီးလျှင် သိန်း ၁၉၀ နှုန်းဖြင့် သုံးစီးအတွက်တောင်းခံခြင်း ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက တောင်းခံသော ကျပ်သိန်း ၃၈၀ သည် တစ်စီးကို သိန်း ၁၉၀ဖြင့် နှစ်စီးအတွက် တောင်းခံ ထားခြင်းဖြစ်သည့်အတွက် အရည်အတွက်ကွာခြားပြီး ဈေးနှုန်း အတူတူပင်ဖြစ်ပါကြောင်း၊ ယခုဘတ်ဂျက်၏ ငွေလုံးငွေရင်းပိုင်းတွင် စက်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် အခြားဆိုပြီး ပါရှိသည့်အနက် ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်းများက လျာထားသော စက်ပစ္စည်းကဏ္ဍဘတ်ဂျက်ကို စက်ပစ္စည်း ကြီးကြပ်မှု ကော်မတီကနေ စိစစ်ပါကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့ အစည်းများက ဘတ်ဂျက်လျာထားရာတွင် တစ်ပြေးညီဖြစ်စေရန်အတွက် နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံတွေက ထုတ်လုပ်သော ယာဉ်၊ စက်ကြီးယန္တရား၊ စက်ပစ္စည်းများနှင့် ပရိဘောဂတွေများ၏ ဈေးနှုန်းများ၊ ပြည်တွင်း ကုမ္ပဏီများက တင်သွင်းဖြန့်ချိသော ရုံးသုံးစက် ပစ္စည်းများ၏ ဈေးနှုန်းများကို ဘတ်ဂျက်နှစ်အလိုက် စုစည်းပြီး ဈေးနှုန်း စာရင်း Price List ကို ပြုစုကာ ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများကို ကြိုတင် ဖြန့်ဝေ ပေးထားပါကြောင်း၊ ၎င်းတို့၏ ဘတ်ဂျက်လျာထားမှုကလည်း ဈေးနှုန်းစာရင်းပါ ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်၍ ကိုက်ညီမှု မရှိပါက ဈေးနှုန်းစာရင်းပါဈေးနှုန်းအတိုင်း ပြန်လည် အဆိုပြုခိုင်းပါကြောင်း၊  စက်မှု ဝန်ကြီး ဌာနထုတ် မော်တော်ယာဉ်များဝယ်ယူရန် ဘတ်ဂျက်လျာထားရာတွင် ဈေးနှုန်းစာရင်းပါ စက်မှုဝန်ကြီးဌာနက ပေးပို့ထားသော ယာဉ်အမျိုးအစားအလိုက် ဈေးနှုန်းများအတိုင်း ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်းများ အားလုံး တစ်ပြေးညီ လျာထားရန် စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊

အထက်ပါအတိုင်း စိစစ်ပြီးမှသာပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက်တင်ပြပါကြောင်း။ ဘတ်ဂျက်ရရှိပစ္စည်းတွေကို ဝယ်ယူရာတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတရုံးက တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ဝယ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနက အိမ်ရာစီမံကိန်းများသည်လည်း တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင်  ဖြန့်ဖြူးဆောင်ရွက်သည်ဆိုသည်မှာ ဆင်းရဲနွမ်းပါးမှုကို ကြည့်မည် ဆိုပါက ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုသည် မြို့ပြဆင်းရဲနွမ်းပါးမှု ထက်ကို မြင့်မားသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးမှု ဖြစ်လာအောင်၊ ဆင်းရဲနွမ်းပါးမှုလျော့နည်းလာအောင် စသဖြင့် ရည်ရွယ် ၍ ဆောင်ရွက်ပေး ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။  

ဦးကျော်ခိုင်ဝင်း(မယ်စဲ့မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကျေးလက် အိမ်ရာများတွင် ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် နယ်တွေမှာပိုပြီး တိုးချဲ့ဖို့များသည်ကို မိမိတို့ လက်ခံပါကြောင်း၊ သို့သော် မျှမျှတတလေး ဖြစ်စေချင်သည် ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့် Myanmar Grand Tiger Double Cab တစ်စီးကို သိန်း ၅၇၀ ဆိုသည်ကို ဘတ်ဂျက်စာအုပ်ထဲတွင် ကြည့်သည်မှာ ယခုအတိုင်းပင် မိမိမြင်မိသည့်အတွက် မိမိကမှားရင်လည်း ခွင့်လွှတ်ပေးရန် တောင်းပန်အပ်ပါကြောင်း၊ သို့သော် ကျန်းမာရေးဝန်ကြီးဌာနက မော်ဒန်မြင့် ကားက ဈေးနိမ့်ပြီးမော်ဒန်နိမ့်ကား ကဈေးများရသည်အကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း

မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  တိုင်းဒေသကြီး/ ပြည်နယ်အားလုံးကို ဆောင်ရွက်ရာသည့်အခါတွင် နှစ်အလိုက်နှစ်အလိုက် ပြည်နယ်တွေ၊ တိုင်းဒေသ ကြီးများတွင် ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။ နောက်တစ်ခု အနေဖြင့် စက်ပစ္စည်း ဝယ်ယူရေးနှင့် ပတ်သက် ပြီး ငွေလုံးငွေရင်းနှင့် ပတ်သက်ပြီး မိမိ ဖြေကြားခဲ့သည့်အတိုင်း ဆောက်လုပ်ရေးနဲ့ ပတ်သက်တယ်ဆိုရင်လည်း ကျွန်မတို့ ဒီဆောက်လုပ်ရေးကော်မတီ ရှိပါ တယ်။ စက်ပစ္စည်းဆိုရင်လည်း ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ဦးစီးသော စက်ပစ္စည်းကြီးကြပ်မှု ကော်မတီက ဘတ်ဂျက်ကို စိစစ်ပြီး  ဈေးနှုန်းနှင့် အရည်အတွက် အကုန်လုံး စိစစ်ပြီး အစိုးရအဖွဲ့ကို တင်ပြပါကြောင်း၊  မိမိတို့ဘက်မှလည်း နောက်နှစ်များတွင်  ပြန်ကြည့်ပေးပါမည်ဆိုသည်ကို ပြန်လည်ရှင်းလင်းဖြေကြားပါသည်။