(ဆ)-မိုင်းတုံမြို့နယ်၊ ပုံပါကျင်-နမ့်ဟူးခွန်နှင့် နားကောင်းမှူး-ဘဝသစ် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၈.၉.၂၀၁၄)

မိမိတို့ မိုင်းတုံမြို့နယ်သည် သံလွင်အရှေ့ခြမ်းဒေသတွင်ပါဝင်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း၌ လမ်းပန်း ဆက်သွယ်ရေး ဆောင်ရွက်ပြီးစီးမှုကဏ္ဍများစွာ အကောင်အထည်ဖော် ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ မြို့နယ်ချင်းဆက်ကတ္တရာလမ်းများ ယခင်နှင့်မတူ ဆောင်ရွက်ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း၊ မြို့နယ်ချင်းဆက်လမ်းများ ကောင်းမွန်စွာ အသုံးပြုဆက်သွယ်သွားလာနိုင်သကဲ့သို့ မြို့နှင့်ကျေးရွာချင်းဆက် လမ်းများကိုလည်း ရာသီမရွေး၊ အချိန်အခါမရွေး သွားလာဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ၎င်းလမ်းပိုင်းများကို အဆင့်မြှင့်တင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဆိုသော်လည်း အပြည့်အဝဆောင်ရွက်နိုင်မည် မဖြစ်နိုင်ပါသဖြင့် မိုင်းတုံမြို့နယ်အပိုင်ဖြစ်သော ပုံပါကျင်မြို့နယ်ခွဲနှင့် ဆက်သွယ်သွားလာမည့် ပုံပါကျင်မြို့နှင့် နမ့်ဟူးခွန်ရွာ ၃ မိုင် ကျေးရွာချင်းဆက်လမ်းနှင့် နားကောင်းမှူးရွာနှင့် ဘဝသစ်ရွာ ၁ မိုင် ရွာချင်းဆက်လမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေး ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ဒုတိယဝန်ကြီး ဦးတင်ငွေရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲအတွင်းရှိ ပုံပါကျင်-နမ့်ဟူးခွန် ကျေးရွာချင်းဆက်လမ်း ၃ မိုင်ခန့် ရှည်ပြီး နားကောင်းမှူး-ဘဝသစ် ကျေးရွာဆက်လမ်းသည် ၂ ဖာလုံ ရှည်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ၁၀ ပေအကျယ် မြေသားလမ်းဖြစ်ပြီး  ၁၈ ပေအကျယ် မြေသားလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပါက ၂၂.၇၅ သန်းကုန်ကျမည်ဖြစ်ပြီး ကျောက်ချောလမ်းခင်းပါက ၁၈၇.၄၂ သန်း ကုန်ကျမှာဖြစ်တဲ့အတွက်ကြောင့် စုစုပေါင်း ၂၁၀.၁၇ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနက လျာထားသော ဘဏ္ဍာငွေမှာ ၁၀.၄၃ ဘီလီယံ ဖြစ်ပါကြောင်း၊ ထို့အတူ မိုင်းတုံမြို့နယ်အတွက် ထပ်၍ဖြည့်ပါက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနသည် လမ်းတံတားများ တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေ ၃၃.၇ သန်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာချင်းဆက်လမ်း (၂) လမ်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုထားခြင်းမရှိသေးပါကြောင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေကို လျာထား တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။