(က)-မြန်မာနိုင်ငံတွင် အမှိုက်သိမ်းယာဉ် မည်မျှရှိ ၍ ရေးမြို့နယ်တွင်အမှိုက်သိမ်းယာဉ်များထပ်မံတိုး ချဲ့ထားရှိရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၆.၁၀.၂၀၁၄)

 ဒေါ်မိမြင့်သန်း၊ (ရေး)မြန်မာနိုင်ငံတွင်  ဒီမိုကရေစီသက်တမ်း လေးနှစ်နီးပါးကြာမြင့်လာသည်နှင့်အမျှ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံ၊ သန့်ရှင်းသောမြို့တော်များ ပေါ်ပေါက်ရန်အတွက် အမှိုက်သိမ်းယာဉ်များ အမြောက်အများ လိုအပ်လျက် ရှိနေသည်ကိုလည်း လေ့လာသိရှိရပါကြောင်း၊ မိမိတို့၏ မြို့တော်ဖြစ်သော လူဦးရေထူထပ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် အမှိုက်သိမ်းယာဉ်  အမြောက်အများလိုအပ်နေတာကိုလည်း လေ့လာသိရှိရပါကြောင်း၊ တချို့ NGO အဖွဲ့များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် အမှိုက်သိမ်းနေရသည်ကိုလည်းကြားသိရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများသောနိုင်ငံဖြစ်သည့်အတွက်လည်း ၎င်းမြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်းသို့ အမှိုက်သရိုက်များ စည်းကမ်းမဲ့စွာ ပစ်နေသည်ကိုတွေ့မြင်နေသည့်အပြင် ၎င်း စွန့်ပစ်သူ များကိုလည်း အရေးယူဆောင်ရွက်ရန်ကိစ္စများ အားနည်းနေသည်ကိုသိရှိရပါကြောင်း၊ ရေးမြို့နယ်တွင်လည်း  အမှိုက်သိမ်းယာဉ်စီးရေ အလုံအလောက်မရှိသည်ကိုလည်းတွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ (၁) မြန်မာ နိုင်ငံတွင် စုစုပေါင်းအမှိုက်သိမ်းယာဉ် အစီးရေမည်မျှ ရှိကြောင်း၊ (၂)့ လိုအပ်နေသောကျေးရွာများသို့ အမှိုက်သိမ်းယာဉ်အစီးရေတိုးချဲ့ထားမှု အစီအစဉ်ရှိ/မရှိနှင့် (၃) မြို့နယ်ခွဲ နှစ်ခုဖြင့်ဖွဲ့စည်းထားသော ရေးမြို့နယ်တွင် လိုအပ်နေသော အမှိုက်သိမ်းယာဉ်များ ထပ်မံ တိုးချဲ့ထားမှု အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်နယ် ၇ ခု၊ တိုင်းဒေသကြီး ၇ ခု၊ နေပြည်တော် ကောင်စီနယ်မြေ သို့မဟုတ် ပြည်ထောင်စုနယ်မြေအပါအဝင် ၁၅ ခုရှိပြီး သက်ဆိုင်ရာစည်ပင်သာယာ ရေးကော်မတီများ စာရင်းအရ အမှိုက်သိမ်းယာဉ် ၁၀၉၂ စီး၊ ထော်လာဂျီ ၇၆ စီး၊  တစ်ပါထော်လာဂျီ ၁၇၁ စီး၊ အလုံပိတ်အမှိုက်သိမ်းယာဉ် ၄၃ စီး၊ ထွန်စက်အမှိုက်သိမ်းယာဉ် ၃၉ စီး၊ ယန္တရား ၃၆၁ စီး၊ Arm-Roll Truck ၂၇ စီး၊ RC  ၄၁ စီးတို့ရှိပြီး စုစုပေါင်း ၁၈၅၀ စီး ရှိကြောင်း၊  

တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်များအနေနှင့် လိုအပ်သော ကျေးရွာများသို့ အမှိုက် သိမ်းယာဉ် တိုးချဲ့ထားရှိမှုမရှိသေးပါကြောင်းနှင့် မြို့နယ်အလိုက် ဘဏ္ဍာငွေကြေး သုံးစွဲနိုင်မှုအပေါ် မူတည်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များတွင် အမှိုက်သိမ်းယာဉ်များ ဝယ်ယူဖြည့်ဆည်း ပေး လျက်ရှိပါကြောင်း၊ ကျေးရွာများတွင် အမှိုက်သိမ်းဆည်းမှုနှင့် ပတ်သက်၍ အမှိုက်စွန့်ပစ်ရန်နေရာများ ကို ကျေးရွာအစီအစဉ်ဖြင့် သတ်မှတ်သိမ်းဆည်းဆောင်ရွက်လျက်ရှိပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ စီမံခန့်ခွဲရေး နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာများတွင် အမှိုက် သိမ်းဆည်းရန်လိုအပ်ပါက မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များ စေလွှတ် သိမ်းဆည်းပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာများအတွက် အမှိုက်သိမ်းယာဉ် သီးခြားတိုးချဲ့ထားရှိရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးဘဲ မြို့နယ်အစီအစဉ်ဖြင့်သာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အောက်ရှိ မွန်ပြည်နယ် ၁၀ မြို့နယ်နှင့် ခေါဇာ၊ လမိုင်း မြို့တို့တွင် အမှိုက်သိမ်းယာဉ် ၄၉ စီး၊ နောက်တွဲယာဉ် ၁၆ စီး စုစုပေါင်း ၆၅ စီးဖြင့် အမှိုက်သိမ်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရေးမြို့နယ်၌ မြို့နယ်ခွဲနှစ်ခုပါဝင်ပြီး ရေးမြို့ပေါ်တွင် အမှိုက် သိမ်းယာဉ်လေးစီး၊ လမိုင်းမြို့၌ အမှိုက်သိမ်းယာဉ်နှစ်စီး၊ ခေါဇာမြို့၌ အမှိုက်သိမ်းယာဉ်တစ်စီး  စုစုပေါင်း ခုနစ်စီးဖြင့် အမှိုက်သိမ်း ဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရန်ပုံငွေရရှိမှုနှင့် လုပ်ငန်းပမာဏအရ ရေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့တွင် အမှိုက်သိမ်းယာဉ်များ ထပ်မံတိုးချဲ့ရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။  

ဒေါ်မိမြင့်သန်း(ရေး) မဲဆန္ဒနယ်မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရေးမြို့နယ်တွင် အမှိုက်သိမ်းယာဉ်ကို တစ်လလျှင် မည်မျှဟူ၍ အမှိုက်သိမ်းယာဉ်နှုန်းထား ကောက်ခံမှုရှိပါကြောင်း၊ သို့သော် ပြည်သူ လူထုတွေက အမှိုက်သိမ်းရန် လခပေးနေရသော်လည်း အမှိုက်သိမ်းယူမှုအားနည်းနေသည်ကိုတွေ့ရှိရသည့်အတွက်  ထိုသို့ အမှိုက်သိမ်းယူမှုအားနည်းနေသော ဝန်ထမ်းများကို အရေးယူ မှုအစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။  

သမ္မတရုံးဝန်ကြီးဌာန-၁၊       ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း      

မြို့နယ်စည်ပင်သာယာရေး အဖွဲ့အောက်တွင်ရှိသော သက်ဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်မှုများ အဆင်မပြေခြင်း၊ တာဝန်မကျေခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီက စိစစ်ကြီးကြပ်ပြီး ဆက်လက်ဆောင်ရွက်သွားတာ ဖြစ်ပါကြောင်း။ ထိုနည်းတူ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကလည်း စိစစ်ကြီးကြပ်ပြီး ဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် တာဝန်ပျက် ကွက်မှုရှိလာပါက သက်ဆိုင်ရာမြို့နယ်၊  ပြည်သူလူထု၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများက တိကျစွာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီကို တိုင်ကြားပြီး အရေးယူတိုင်ကြားနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။