(ဃ)-အခြေခံပညာကျောင်းများ၌အစားအသောက် အန္တရာယ်ကင်းရေးစီမံချက်အားမည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက် မည်ကို သိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၇.၁၀.၂၀၁၄)

ဗိုလ်မှူးရဲစိုး (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးရဲစိုး (တပ်မတော်သားကိုယ်စားလှယ်) မိမိနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပညာရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးသည် မရှိမဖြစ်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင်သာယာလှပသန့်ရှင်းရေး၊ ဘေးကင်းလုံခြုံရေး များတွင် အစိုးရဌာနများ၊ ပုဂ္ဂလိမအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချသောမုန့်နှင့် စားသောက်ကုန်များကို လေ့လာကြည့်ရာ တရုတ်နိုင်ငံမှထုတ်သော မုန့်နှင့် စားသောက်ကုန်များ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံထုတ်စားသောက်ကုန်များသည် ဒုတိယ အများဆုံဖြစ်ပြီး ပြည်တွင်းထုတ်စားသောက်ကုန်များသည် တတိယနေရာတွင်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုသို့ရောင်းချသော စားသောက်ကုန်များကို တိကျစွာစစ်ဆေးပြီး ကျောင်းသားကျောင်းသူများ စားသုံးရန်မသင့်သော မုန့်နှင့် စားသောက်ကုန်များကို ထိရောက်စွာတားမြစ်သင့်ပါသဖြင့် အခြေခံပညာကျောင်းများ၌ အစားအသောက်အန္တရာယ်ကင်းရှင်းရေးစီမံချက်ကို မည်သည့်အချိန်တွင် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်၊ စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မည်သည့်ဝန်ကြီးဌာနများ၊ မည်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်တို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှု၊ ဉာဏ်ပညာဖွံ့ဖြိုးမှုနှင့် အနာဂတ်မျိုးဆက်သစ်များကျန်းမာရေးထိခိုက်မှု အန္တရာယ်မှကင်းဝေးပြီး လူတိုင်းသက်တမ်းစေ့အသက်ရှည် စွာနေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေး အတွက် ကျောင်းကျန်းမာရေးစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်း  Health Promotion (၉) ရပ်ဖြစ်သော ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစစ်ဆေးကုသမှုလုပ်ငန်း၊ကျောင်းမှ ပြည်သူတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ Healthy Life Style နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊ ကာယနှင့် အားကစားလုပ်ငန်း၊ သုတေသနလုပ်ငန်းဟူ၍ (၉) မျိုးကို ၂၀၀၆ ခုနှစ်မှစပြီး မြို့နယ်အားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရာ ကျောင်းတွင်း အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်းအနေဖြင့် ကျောင်းဈေးသည်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပညာပေးဟောပြောခြင်း၊ ကျောင်းမုန့်ဈေးတန်းများ စစ်ဆေးပေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ အခြေခံပညာကျောင်းမုန့်ဈေးတန်းများရှိ ဈေးဆိုင်များသည် ကျောင်းသူ ကျောင်းသားများကို ဆွဲဆောင်ရန် ဆိုးဆေးအလွန်အကျွံအသုံးပြုထားသော အစားအသောက်များကို တွေ့ရှိရသည့်အတွက် စာသင်ကျောင်း မုန့်ဈေးတန်းအစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်အား အထူးစံမံချက်အနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇွန်လမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇွန်လမှစပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့များက ကွင်းဆင်းပြီး အခြေခံပညာကျောင်းများတွင် ရောင်းချသည့် အသင့်ထုပ်ပိုးပြီး(အမှတ်တံဆိပ်ပါ) အရောင်ပါသော အစားအသောက်များကို သတ်မှတ်ထားသည့် အရေအတွက်အတိုင်း နမူနာ ကောက်ယူမည်ဖြစ်ပါကြောင်း။

ကောက်ယူထားသော အစားအသောက်နမူနာများကို ကျောင်းများအလိုက် သေချာစွာထုပ်ပိုးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)နှင့် မန္တလေးရုံးများသို့ပို့၍ ဓာတ်ခွဲစစ်ဆေးမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေး တွေ့ရှိချက်များကို တိုင်းဒေသကြီး/ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးအစိုးရအဖွဲ့များ၊ လူမှုရေးဝန်ကြီးများနှင့် အခြားသက်ဆိုင်သော ဦးစီးဌာနများသို့ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် အကြောင်းကြားလျက်ရှိပါကြောင်း၊ စီမံချက် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁)၊ (၂)၊ (၃) အခြေခံပညာရေးဦးစီးဌာနများ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ၊ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကျောင်းကျန်းမာရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျောင်းများတွင် အစားအသောက်အန္တရာယ်ကင်းရှင်းရေး၊ ကျောင်းစားသောက်ဆိုင်များ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စေရန် ကျောင်းအုပ်ကြီးဦးဆောင်သော ကျောင်းမုန့်ဈေးဆိုင် ကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး နှစ်စဉ် ပညာသင်နှစ်မတိုင်မီ မေလနောက်ဆုံးပတ်မှ စတင်၍ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံချက်ကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ စားသုံးသူ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။