(ဂ)-ကာကွယ်ဆေးများ ဈေးနှုန်းကွာခြားနေမှုအပေါ် မည်ကဲ့သို့ထိန်းချုပ်မည်နှင်မွေးကင်းစ လူနာနှင့်မွေး ကင်းစကလေးများအားမည်သည့်ကာကွယ်ဆေးများ အခမဲ့ထိုးပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၇.၁၀.၂၀၁၄)

ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ)မိမိတို့ တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော  ဖြိုးစေတနာ အခမဲ့ဆေးခန်းများတွင် ကိုယ်ဝန် ဆောင် အမျိုးသမီးများ လာရောက အကူအညီတောင်းသည့်အခါ မိမိတို့အနေဖြင့် ဗဟိုအမျိုး သမီးဆေးရုံကြီးတွင် မွေးဖွားခွင့်များရရှိအောင် လစဉ်အလိုက်ထောက်ပံ့ကြေးများ၊ ဖြည့်စွက်အာဟာရမျာ်း ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊  ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးဖွားပြီးပါက တစ်လ၊ နှစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ်အတွင်း၊ တစ်နှစ်ကျော်အတွင်းမှာ ကာကွယ်ဆေးများ အခမဲ့ ထိုးခွင့်ရရှိခဲ့ကြပါကြောင်း၊ သို့သော် ငွေကြေးချမ်းသာသောမိသားစုများတွင် အမျိုးသမီးများ၊ ပုဂ္ဂလိကဆေးရုံကြီးများတွင် မွေးဖွားရာ၌ ကျပ် ၁၀ သိန်းခန့်ကုန်ကျသည့်အပြင် လအလိုက်ကာကွယ်ဆေးများထိုးရာတွင်လည်း ၃၀၀၀၀၊ ၉၀၀၀၀၊ ၁၂၀၀၀၀ အစရှိသဖြင့် မွေးကင်းစကလေးများကို ကာကွယ်ဆေး များထိုးနေကြပါကြောင်း၊ မိမိအနေဖြင့် အဆိုပါ ကိစ္စရပ်များကို လေ့လာရာတွင် ဆေးများတူပါသော်လည်း ကောက်ခံသောနှုန်း၊ ကာကွယ်ဆေးထိုးသည့် နှုန်း မြင့်မားနေသည်ကိုတွေ့ရှိရပါကြောင်း၊

မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး၊ သန္ဓေတားဆေး၊ ဘီပိုး၊ ပိုလီယိုဦးနှောက်အမှေးရောင် စသည့် ကာကွယ်ဆေးများ ထွက်ရှိလာပြီး ကလေးများအတွက ကာကွယ်ဆေးများ ထိုးရမည်ဆိုသည့် အနေအထား ထိုးပေးလျက်ရှိပါကြောင်း၊

ထိုကာကွယ်ဆေးများသည် အမှန်တကယ် နိုင်ငံတကာမှ အာနိသင်ရှိပြီး ကလေးများအတွက်၊ အမျိုးသမီးများအတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေသော ဆေးဝါးများအဖြစ် အသိအမှတ် ပြုပြီး မြန်မာနိုင်ငံအတွင်းမှ ကျွန်မတို့ ကျန်းမာရေးဦးစီးဌာနကနေ ခွင့်ပြုထားသောဆေးများ ဟုတ်သည်၊ မဟုတ်သည်နှင့်  ဆေးများတူသော်လည်း ဈေးနှုန်းများ လွန်စွာဈေးနှုန်းမြင့်မားနေသည့်အပေါ် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ထိန်းချုပ်တားဆီးနိုင်မည်ကိုလည်းကောင်း၊ မွေးလူနာများနှင့် မွေးကင်းစ ကလေးများအား နိုင်ငံတော်၏ ဆေးရုံကြီးများတွင် မည်သည့်ကာကွယ်ဆေးများကို အခမဲ့ထိုးပေးနေသည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးမြန်မာနိုင်ငံ ပုဂ္ဂလိကဈေးကွက်မှာ ရောင်းချသုံးစွဲလျက်ရှိသော ကာကွယ်ဆေးများသည် လူအများနှင့် စမ်းသပ်ပြီး ဘေးကင်းမှုနှင့် အာနိသင် စိတ်ချရမှုအပေါ်မှာ ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ရရှိပြီးမှသာ ပုဂ္ဂလိကဈေးကွက် တွင် ရောင်းချခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ပြည်သူလူထုအတွက် မရှိမဖြစ် လိုအပ်သော ကာကွယ်ဆေးရှစ်မျိုးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် အားလုံးအတွက် အခမဲ့ ထိုးနှံပေးလျက်ရှိပါကြောင်း၊ များသောအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအတွက် ပုဂ္ဂလိကဈေးကွက်တွင် ရရှိနိုင်သော ကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ သော ကာကွယ်ဆေးထိုးအစီအစဉ်တွင် မပါဝင်သော ကာကွယ်ဆေးများဖြစ်ပါကြောင်း၊

ပုဂ္ဂလိကဈေးကွက်မှ ကာကွယ်ဆေးများအား ဆေးခန်းတစ်ခုနှင့် တစ်ခု အမြတ်အစွန်းရယူ ခြင်းအပေါ်တွင် မူတည်ပြီး ဈေးနှုန်းများ ကွာခြားနေကြခြင်း ဖြစ်ပါကြောင်း၊ ထိုကာကွယ်ဆေးများကို ဆရာဝန်များနှင့် ပြည်သူများက သုံးစွဲနေခြင်းအား သုံးစွဲသူ၏ ရွေးချယ်မှု (Customer's Choice) ဖြစ်သည့်အတွက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ဆေးနှုန်းအပေါ်မှာတော့ တားမြစ်ထိန်းချုပ် ရန် လောလောဆယ် အစီအစဉ်မရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကထိုးနှံပေးသော ကာကွယ်ဆေး ရှစ်မျိုးကအားလုံးအတွက် အခမဲ့ထိုးနှံပေးလျက်ရှိပါကြောင်း၊

နိုင်ငံတော၏ ဆေးရုံကြီးများနှင့် မြို့နယ်/တိုက်နယ်ဆေးရုံများမှာ မွေးကင်းစကလေးများအား လုံးကို အသည်းရောင်အသားဝါ(ဘီ) ရောဂါကာကွယ်ဆေး(မွေးကင်းစ)အား မွေးဖွားပြီးစမှ ခုနစ်ရက် အတွင်းမှာလည်းကောင်း ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အသည်းရောင်အသားဝါ (ဘီ) ရောဂါကာကွယ်ဆေး(မွေးကင်းစ)အပြင် ဘီစီဂျီ(ပြင်းထန်တီဘီရောဂါကာကွယ်ဆေး) အား အခမဲ့ထိုးနှံ ပေးလျက်ရှိပါကြောင်းနှင့် ကျန်းမာရေးဌာနအားလုံးမှာ ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ရောဂါ ကာကွယ်ဆေး ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာ နှစ်ကြိမ် အခမဲ့ ထိုးနှံပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေ(တာမွေ)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

          မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အမျိုးသမီးများအတွက် အဓိက နိုင်ငံတော်ကနေ ထိုးပေးသည်မှာ ဘီပိုး၊ တီဘီနှင့် မေးခိုင်ကာကွယ်ဆေးများကို ထိုးပေးသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား/တိုင်းရင်းသူများအတွက် လူတိုင်းအတွက် တုပ်ကွေးရောဂါကာကွယ်ဆေးများ၊ ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ၊ သန္ဓေတားဆေးများသည် အမျိုးသမီးများအတွက် အလွန် အရေးကြီးပါသောကြောင့် အဆိုပါ ဆေးများကို ထိုးသော်လည်းသားအိမ်ခေါင်းကင်ဆာကာကွယ်နိုင်ခြင်းရှိ/မရှိ ကိုသိရှိလိုပါကြောင်း၊  ကလေးသူငယ်များအတွက် ဦးနှောက်အမှေးရောင် ဆေးကိုလည်း ထိုးသင့်ခြင်းများ ပြုလုပ်သင့်/ မသင့်ကို သိရှိလိုပါကြောင်းနှင့်  အာနိသင် ရှိသည်၊မရှိသည်ကိုပါ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး

မြန်မာနိုင်ငံအနေနှင့် ကလေးများအတွက် ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ် စပြီးတော့ထိုးခဲ့သည့် အချိန်မှ စတင်ကာ ၂၀၁၄ ခုနှစ် အောက်တိုဘာလအထိကို  In Activated Polio၊ ဝက်သက်ကာကွယ်ဆေး၊ အဓိက အားဖြင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုကျဆင်းရေးကို ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများနှင့် ဒေသတွင်း ရှိနိုင်ငံများ၏ ဆောင်ရွက်နေသော ပုံမှန်ဆေးထိုးအစီအစဉ်များနှင့် ဆက်စပ်ညှိနှိုင်းပြီး အဆင့်လိုက်တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊  သားအိမ်ခေါင်းကင်ဆာကာကွယ်သည့် ကိစ္စနှင့်စပ်လျဉ်း၍လည်း မိမိအနေဖြင့် ကျန်းမာရေးဝန်ထမ်း တစ်ယောက်အနေနှင့်လည်းကောင်း အမျိုးသမီးတစ်ယောက်အနေနှင့်လည်းကောင်း အဆိုပါကိစ္စကို နှစ်ပေါင်းများစွာတည်းက ဆန္ဒရှိပြီး ကြိုးစားခဲ့ခြင်းဖြစ်ပါကြောင်း။သို့သော် အဖက် ဖက်က ထည့်သွင်းစဉ်းစားရသည့်အတွက် ဆန္ဒရှိသော ကာကွယ်ဆေး အားလုံးကို  တစ်ပြိုင်နက်ထဲတွင် ဆောင်ရွက်ပေးနိုင်မှု မရှိသေးခြင်း ဖြစ်ပါကြောင်း၊

ငါးနှစ် အောက်ကလေးများအတွက် ဦးစားပေးပြီး ထိုးပေးရာတွင်လည်း ကာကွယ် ဆေးတစ်မျိုးထိုးမည်ဆိုပါက  ကာကွယ်ဆေးရရှိမှုအခြေအနေ၊ အလှူရှင်အဖွဲ့ အစည်းများက ပံ့ပိုးမည့် ကုန်ကျစရိတ်၊ အဆိုပါ ကုန်ကျစရိတ်နှင့် လိုက်လျောညီထွေစွာ နိုင်ငံတော်က ထည့်သွင်းရသော ကုန်ကျစရိတ်များ တွက်ချက်ပြီး ဆောင်ရွက်ပါကြောင်း၊ နိုင်ငံတော်၏ အစီအစဉ်နှင့်  ဆောင်ရွက်ရာတွင်လည်း ပုံမှန်အစီအစဉ်ထဲတွင် ထည့်ပေးသော ကာကွယ်ဆေးကို မိမိတို့ ရပ်ပြီး ဖြတ်ထား၍ မရသည့်အတွက် ရေတိုစီမံချက်၊ နောက် ကာလရှည်စီမံချက်တွေအားလုံးကို ဆွဲပြီး အစီအစဉ်များ ကို အဆင့်လိုက်တိုးချဲ့တာခြင်း ဖြစ်ပါကြောင်၊ တုပ်ကွေးရောဂါကာကွယ်ဆေးများ၊ ဆိုပါကလည်း အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၁၀ စုနှစ်ပေါင်းများစွာတည်းက သုံးပါကြောင်း၊

မြန်မာနိုင်ငံရဲ့ ငါးနှစ်အောက်ကလေး သေဆုံးနှုန်းကျဆင်းခြင်းအတွက်ကို ရည်မှန်းပြီးတော့ တစ်နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးသော အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းကို လျင်မြန်စွာ ဆောင်ရွက်ရာတွင် လောလောဆယ်လက်ရှိတစ်နှစ်အောက်ကလေးများ၏ ကာကွယ်ဆေးများကို ဦးစား ပေးပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် အချိန်ကာလလိုက်လျောညီထွေစွာ နိုင်ငံတော်၏ သုံးစွဲနိုင်သော ငွေကြေး အင်အား၊ ဆေးရရှိမှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီအစဉ်များနှင့် ညှိနှိုင်း ဆောင်ရွက်မှုအပေါ် မူတည်ပြီး တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။