ဦးဝင်းမြင့် (ပုသိမ်)
ပုသိမ်မြို့တွင် ၁၉၅၇-၁၉၅၈ ခုနှစ်က ပြည်တော်သာစီမံကိန်းအရ ဝင်ငွေနည်းသည့် အများပြည်သူ နေထိုင်ခွင့်ရရန် ရည်ရွယ်၍ ၂၆ ဧက ခန့် အကျယ်အဝန်းရှိသော ပြည်တော်သာအိမ်ရာဆောက်လုပ် ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနပိုင် ဖြစ်သော ပြည်တော်သာ အိမ်ရာသည် လေးခန်းတွဲ ၂၅ လုံးနှင့် တစ်ထပ်လုံးချင်း ၁၅၀ ရှိပြီး အကြီးစားပျက်စီးမှုများမရှိဘဲ အကယ်၍ ရှိပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၂/၈၆) နှင့်အညီ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ ဌာန၏ ပုံသေပိုင်ပစ္စည်းစာရင်းများမှ ပယ်ဖျက်ရန် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်ရရှိမှသာလျှင် အဆောက်အဦများကို ဖြိုဖျက်ရမည်ဖြစ်ပါကြောင်း၊ မနောသုခအိမ်ရာ စီမံကိန်းဆိုပြီး ပြန်လည်ဆောက်လုပ်မည် ဆိုလျှင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ အတည်ပြုချက်ရယူရမည်ဖြစ်ပါသည်။ ထိုစီမံကိန်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူမှုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိ၊ ဌာနအတွက် အကျိုးအမြတ်အများဆုံးပေးနိုင်သူကို ယှဉ်ပြိုင်ရွေးချယ်ခွင့်လည်းမရှိ၊ ပြည်တော်သာတိုင်ခန်းတွေ အိမ်ထောင်စုစာရင်း ၃၅၀ ခန့်ရှိ ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေး သဘောတူညီချက်ရယူမှုများ မရှိဘဲ ယခုအခါ အခန်းပိုင်ရှင်များမသိဘဲ ဖျက်သိမ်းခံရသည့်အခန်း လေးခန်းရှိပါကြောင်း၊ ထိုသို့ သော့ဖျက်ဝင်ပြီး အိမ်တွင်းမှ ပရိဘောဂများကို အိုးအိမ်ဦးစီးဌာနသို့ သယ်ဆောင်ခဲ့ခြင်းသည် ဥပဒေအရ ရာဇဝတ်ပြစ်မှုမြောက်ပါကြောင်း၊ ထပ်မံဖျက်သိမ်းရန် အခန်းငါးခန်းကို လည်း Notice ပေးထားသည့်အပြင် ကျန်အခန်းများကို ယခုကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ဟု အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်ကိုလည်း ကြားသိရပါကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီက ရရှိမည့် နှစ်ထပ်လုံးချင်း (၆၀ ပေ x ၆၀ ပေ) ၈၀ လုံးအတွက် သက်ဆိုင်ရာအာဏာပိုင်က မြေငှားဂရန်ထုတ်ပေးရန် ဆုံးဖြတ်ထားကြောင်းကို သိရှိရသည့်အတွက် ဌာနပိုင် မြေကို ပုဂ္ဂလိကမြေသို့ အပြီးအပိုင်တန်ဖိုးမဲ့လွဲပြောင်းပေးသကဲ့သို့ ဖြစ်နေပါကြောင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ကုမ္ပဏီသို့ ဌာနပိုင်မြေကိုပေးရန် မလိုအပ်ဘဲ အဆောက်အဦပေါ်တွင် အကျိုးအမြတ်ကိုသာ ခွဲဝေပေးခြင်းမျိုးဖြစ်တတ်ပါကြောင်း၊ ထို စီမံကိန်း လုပ်ငန်းကြောင့် မည်မျှ အကျိုးအမြတ်ရှိသည်/ မရှိသည်ကို တာဝန်ယူစစ်ဆေးသော အဖွဲ့ အစည်းများရှိ/မရှိဆိုသည်ကိုလည်း ပြည်သူများလည်း မသိရှိရပါကြောင်း၊
ထို့ကြောင့် ပြည်တော်သာအိမ်ရာစီမံကိန်းနှင့် စပ်လျဉ်း၍ (က) မူလပြည်တော်သာအိမ်ရာ များကို ဖျက်သိမ်း၍ ကုမ္ပဏီဖြင့် အကျိုးတူလုပ်ငန်းများ ဆောင်ရွက်နေမည်ကို ပြည်ထောင်စုအစိုးရက သဘောတူ ခွင့်ပြုခြင်းရှိ/မရှိ၊ (ခ) ယင်းအိမ်ရာများနေပြည်သူများကို ဖယ်ရှားခြင်း၊ အဆောက်အဦများ ကို ဖျက်သိမ်းရန် စီစဉ်နေခြင်းတို့မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၂/၈၆) နှင့် ညီညွတ်မှုရှိ/မရှိ။ (ဂ) ယင်းပစ္စည်းများကို ထုခွဲရောင်းချ ခြင်းကြောင့် ရရှိငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ထည့်သွင်းခြင်းပြု/မပြု။ (ဃ) ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ခြင်းရှိ/မရှိ။ (င) ပြည်တော်သာအိမ်ရာတွင် တရားဝင် လက်ရှိ နေထိုင်ကြသော ပြည်သူများဆက်လက် နေထိုင်ခွင့်ရရှိရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်တော်သာ ဝန်ထမ်းအိမ်ရာမှာ ဌာနနှင့် Nine Engineering Group တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီသို့ ၂၀-၃-၂၀၁၄ ရက်နေ့တွင် တင်ပြခဲ့ရာ၌ ၂-၃-၂၀၁၄ ရက်စွဲပါစာအမှတ် ၁၂(၁)/၁၆/ သမ္မတရုံးဖြင့် မှတ်တမ်းတင်ရန်၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ Nine Engineering Group ကုမ္ပဏီဆောက်လုပ်ရေးမှ ပြည်တော်သာ အိမ်ရာမှာမြေကွက်လပ်ပေါ်တွင် လေးခန်းတွဲခြောက်ထပ် အဆောက်အဦ လေးလုံးဆောက်လုပ်နေခြင်း ဖြစ်ပြီး မည်သည့် အဆောက်အဦကိုမှ ဖယ်ရှားဖျက်သိမ်းခြင်း မရှိသေးပါကြောင်းနှင့် အဆောက်အဦဟောင်း များ ဖျက်သိမ်းမည်ဆိုပါက ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားဖြစ်သည့် အပြင်ပစ္စည်းဟောင်းများ ထုခွဲရောင်းချခြင်းကြောင့် ရရှိငွေကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေသို့ ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှထုတ်ပြန်သည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ ပြည်တော်သာဝန်ထမ်းအိမ်ရာတွင် လက်ရှိနေထိုင်သူများသည် ဥပဒေနှင့်အညီ နေထိုင်သူများဖြစ်ပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး ဥပဒေနှင့်အညီ နေထိုင်ခြင်းမရှိသူများကို သင့်လျော်သည့် နည်းလမ်းများဖြင့် စဉ်းစားဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းမြင့် (ပုသိမ်)မှ ဆက်စပ်မေးခွန်းမေးမြန်းရာတွင်
မိမိအနေဖြင့် သက်ဆိုင်ရာ ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ရာတွင် ပြည်တော်သာ ဝန်ထမ်းအိမ်ရာဟု သုံးနှုန်းခဲ့သည်ကို ကြားသိခဲ့ရပါကြောင်း၊ အမှန်အားဖြင့် ယင်းအိမ်ရာသည် ပြည်တော်သာစီမံကိန်း အရ တည်ဆောက်သည့်အိမ်ရာဖြစ်ပြီး ဝင်ငွေနည်းပြည်သူများ နေထိုင်ခွင့်ရသော အိမ်ရာဖြစ်ပါကြောင်းနှင့် ဝန်ထမ်းအိမ်ရာမဟုတ်ပါကြောင်း၊ ယခု အငြင်းပွားနေသည်မှာသည် ယင်းပြဿနာပင်ဖြစ်ပါကြောင်း၊ တဝတ တက်လာပြီးမှသာ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဝန်ထမ်းအိမ်ရာအဖြစ်သတ်မှတ်ခဲ့ပြီး မူလနေထိုင်ခဲ့သူများကို Notice ပေးပြီး ဖယ်ရှားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြည်တော်သာအိမ်ရာသည် ပြည်တော်သာစီမံကိန်းအရ ၁၉၅၁ ခုနှစ်၊ ဥပဒေအမှတ် ၆၃ ဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အဦဖြစ်သည့်အတွက် ပြည်တော်သာ အိမ်ရာဆိုသည်မှာ မှန်ကန်ခြင်းရှိ/မရှိ ဝန်ထမ်းအိမ်ရာဆိုသည်မှာ မှန်ကန်ခြင်းရှိ/မရှိ၊ ယခုအချိန်တွင် ဖယ်ရှားဖျက်သိမ်းခြင်းမရှိသေးသော်လည်း ဖျက်သိမ်းရန် Notice များပေးထားသည့်အတွက် နောက်တစ်ချိန်တွင် ဖျက်သိမ်းရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ဒုတိယဝန်ကြီး၊ဦးအောင်သိမ်း
မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရကို တင်ပြပြီးမှသာ ၎င်းတို့၏ ဖြေကြားချက်အတိုင်း ဆက်လက် ဖြေကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
