(ခ)-မော်တော်ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးရာ တွင် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ် ပေးသကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၇.၁၀.၂၀၁၄)

ဦးညီညီမြင့် (အုတ်တွင်း) နိုင်ငံတော်အစိုးရအနေဖြင့် မော်တော်ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ခြင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဇူလိုင်လ ၄ ရက်နေ့အထိ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ဆိုင်ကယ်လိုင်စင်မလုပ်ရသေးသည့် ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမား အများအပြားကျန်ရှိပါကြောင်း၊ ကျန်ရှိရသည့် အကြောင်းအရင်းမှာ မော်တော်ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ခရိုင်မြို့ကြီးများတွင်သာ ပြုလုပ်ရခြင်းဖြစ်သည့် အတွက်ကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် မြို့များမှတစ်ဆင့် ခရိုင်မြို့များသို့ သွားရောက်ပြီး ဆိုင်ကယ်လိုင်စင်ပြုလုပ်ရပါကြောင်း၊ ယခုလိုပြုလုပ်သည့် နေရာတွင် ညအိပ်ညနေ ပြုလုပ်ရခြင်းများ၊ မလိုလားအပ်သည့် စရိတ်နှင့် အပိုကုန်ကျမမှုများရှိပါကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့်လည်း ဆိုင်ကယ်ကိုသာ အသုံးပြုပြီး သွားလာခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သည့်အခါ မိုးပွင်း (၁)မှ (၆)အထိ ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်များ မလုပ်ရသေးသည့် သူအများကြီးကျန်ရှိပါကြောင်း၊ ဆိုင်ကယ်လိုင်စင် မလုပ်ရသေးသည့် ပြည်သူလူထု အများကြီးရှိသည့်အတွက် မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်ရာတွင် အဆင့်လိုက်စီမံချက်များချမှတ်ပြီး မြို့နယ်များအထိ သွားရောက်ပြုလုပ်ပေးရန် အစီအစဉ်ရှိရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်း၊ အစီအစဉ်ရှိပါကမည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင် နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး One Stop Service စနစ်နှင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ (၈)ကြိမ်ဆောင်ရွက်ခဲ့ပြီး လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၈၃၃၃၀၉ စီး မှတ်ပုံတင်ပေးခဲ့ပါကြောင်း၊  ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နောက်ဆုံး အကြိမ်သတ်မှတ်ပြီး ဆောင်ရွက်ပေးခဲ့ရာတွင် မော်တော်ဆိုင်ကယ် ၄၅၁၆၀၈ စီး မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး  တောင်ငူခရိုင် ၁၀၂၅၉ စီး မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ် စုစုပေါင်း မြို့နယ် (၆)နယ်နှင့် ဖွဲ့စည်းထားပါကြောင်း၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ခရိုင်ရုံး (တောင်ငူ)ရှိ ဝန်ထမ်းအင်အား အရာထမ်း ၁ ဦး၊ အမှုထမ်း ၂၀ ဦး စုစုပေါင်း ၂၁ ဦးနှင့် မှတ်ပုံတင်ယာဉ် စီးရေ ၇၇၇၀၂ စီးနှင့် ယာဉ်မောင်းလိုင်စင် ၄၆၂၄၈ စောင်တို့ဖြင့် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၂၀၁၄ ခုနှစ် One Stop Service ဆောင်ရွက်ခဲ့သည့် ကာလအတွင်း တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်သည် ခရီးအကွာအဝေး ၉ မိုင်ခန့်သာ ကွာဝေးသည့်အတွက် အုတ်တွင်းမြို့နယ်ကို နယ်လှည့် ဆောင်ရွက်ပေးခဲ့ခြင်းမရှိသော်လည်း ကျောက်ကြီးမြို့နယ်ကို (၂)ကြိမ်၊ ရေတာရှည်၊ ဖြူး၊ ရေနီမြို့နယ်တို့ကို တစ်ကြိမ်စီ နယ်လှည့်ဆောင်ရွက်ပြီး မှတ်ပုံတင်မော်တော်ဆိုင်ကယ် ၁၆၆၇ စီးကို မှတ်ပုံတင်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ စီမံချက်ကာလပြီးဆုံးပြီး ကျန်ရှိနေသည့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်၊ တရားမဝင် ထပ်မံဝင်ရောက်ရှိသည့် မော်တော်ဆိုင်ကယ်များကို စိစစ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တိုက်ရိုက်တာဝန်ယူ ကြီးကြပ်သွားမည်ဖြစ်ပြီး မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်အဖြစ် စိစစ်တွေ့ရှိပါက ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၎င်းတန်ဖိုးထက် မနည်းသည့် ဒဏ်ကြေးကို သက်ဆိုင်ရာအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် သတ်မှတ်ကောက်ခံ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သတ်မှတ်ဒဏ်ကြေး ပေးသွင်းလျှင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများမှ မှတ်ပုံတင်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး သတ်မှတ်ဒဏ်ကြေးပေးသွင်းမှု မပြုပါက လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ သိမ်းဆည်း၍ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သည့် အခြေအနေရှိသည့် မော်တော်ဆိုင်ကယ်များကို လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါကြောင်း၊  အဆိုပါ မော်တော်ဆိုင်ကယ်များ ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အတွင်းသာ နယ်မြေကန့်သတ်ချက်နှင့် မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး ဒေသအလိုက် သီးခြားမော်တော်ဆိုင်ကယ် အမှတ်များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာများတွင် အသိပေးကြော်ငြာထားပြီးဖြစ်ပါကြောင်း၊       ၂၀၁၄ ခုနှစ်အတွင်း One Stop Service ပြုလုပ်ပေးခြင်းသည် နောက်ဆုံးအကြိမ် ပြုလုပ်ပေးခြင်းဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ဆောင်ရွက်ခြင်း ကဲ့သို့ အဆင့်လိုက် စီမံချက်ချမှတ်၍ သက်ဆိုင်ရာဒေသအလိုက် မြို့နယ်များအထိ အချိန်ကာလ သတ်မှတ်ပြီး ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခြင်း အစီအစဉ်မရှိတော့ပါကြောင်း၊ သို့သော်လည်း မှတ်ပုံတင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ပေးမှု ရပ်ဆိုင်းခြင်းမဟုတ်ပါကြောင်း၊ စီမံချက်ကာလပြီးဆုံးသွားပြီဖြစ်၍ တည်ဆဲဥပဒေကို လေးစားလိုက်နာစေရန်နှင့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်နိုင်ရေးအတွက် တင်ပြခဲ့သည့် အတိုင်း အရေးယူဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးညီညီမြင့်(အုတ်တွင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နည်းဥပဒေ ၁၄၄ နည်းဥပဒေခွဲ(ဃ)နှင့်အညီ သတ်မှတ်သည့် ဒဏ်ကြေးဆောင်ပြီးပါက လိုင်စင်ပြန်ပြီး လုပ်ပေးမည်ဟု သိရှိရပါကြောင်း၊ မိမိတို့မြို့နယ်များတွင် တစ်စုတစ်စည်းထဲစုပြီး သတ်မှတ်ထားသည့် အရေအတွက်ရပြီ၊ သတ်မှတ်ထားသည့် ဒဏ်ကြေးလည်းဆောင်ပြီးပြီဆိုပါက မြို့နယ်အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် အပ်နှံပြီးဆောင်ရွက်မည်ဆိုပါက လာရောက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်

ကညနရုံးရှိမြို့များတွင် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်း အသစ်ပြုလုပ်ခြင်း၊ ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရန်အတွက် ကညနရုံးမှ နှစ်စဉ်နှစ်စဉ် လအလိုက် သတ်မှတ်ပြီး နယ်လှည့်ဆောင်ရွက်ပေးမှုများရှိပါကြောင်း၊ ယခုလိုဆောင်ရွက်စဉ် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများမှ သတ်မှတ်ထားဒဏ်ကြေး ဆောင်ထားပြီးသည့်ဆိုင်ကယ်များ ရှိခဲ့လျှင်လည်း သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် OSS နှင့် လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်ပေးစဉ်က သာမန်အားဖြင့် ကညနရုံးဖွင့်ထားသည့် ခရိုင်၊ မြို့များကို အခြေပြုပြီး မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့သော်လည်း ထူးခြားသည့် အခြေအနေအရ မှတ်ပုံတင်ဆိုင်ကယ် အများအပြားရှိမြို့များကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဉ်ပေးမှုနှင့် ကညနရုံးမှ နယ်လှည့်မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုကိစ္စမှာလည်း ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ စီစဉ်မှုအရ လိုအပ်ချက်နှင့်အညီ နယ်လှည့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။