အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် သီးခြားလွတ်လပ်သည့် အဖွဲ့တစ်ခု ဖြစ်ရမည်ကြောင်းနှင့် လူ့ အခွင့်အရေးချိုးဖောက်မှု၊ တိုင်ကြားမှုများ လက်ခံစစ်ဆေးပေးခြင်း၊ တရားဥပဒေစိုးမိုးမှုရှိဖို့အတွက် လူ့အခွင့်အရေးကိုကာကွယ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးဟူသော ဝေါဟာရကို တွင်ကျယ်စွာ သုံးစွဲနေသော်လည်း ဥပဒေစိုးမိုးရေး Rule of Law မဟုတ်ဘဲ ဥပဒေနှင့် အုပ်ချုပ်သော Rule by Law သာဖြစ်နေသည်ဟု ဆိုကြပါကြောင်း၊ ဥပဒေကိုခုတုံးလုပ်ပြီး အတင်းအကျပ်ဖန်တီးခြင်း၊ လုပ်သမျှသည် ဥပဒေဖြစ်တယ်ဆိုသဘောနှင့် ဆောင်ရွက် ခြင်းများလည်း အောက်ခြေတွင် ရှိနေသကဲ့သို့ နိုင်ငံတော်အကြီးအကဲများကလည်း ဥပဒေအထက်တွင် မည်သူမျှ မရှိဘူးဆိုသည့် မိန့်မှာစကားအတိုင်း ဆောင်ရွက်နေကြခြင်းများလည်း ရှိပါကြောင်း၊ (၁) မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အစိုးရ၏လက်နက်ကိရိယာတစ်ခု သို့မဟုတ် သီးခြားလွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရှိလိုပါ၍ ဖြေကြားပေးပါရန်၊ (၂) မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ဆောင်ရွက်မှု အကျဉ်းချုပ်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ နိုင်ငံသားများ၏မူလအခွင့်အရေးများကို ပိုမို၍ ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်အပါ အဝင် ရည်ရွယ်ချက် ၄ ရပ်ဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၈-၃-၂၀၁၄ ရက် နေ့စွဲပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၁) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၁)ပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းသည့် ကော်မရှင်လောင်း စိစစ်ရေးအဖွဲ့သည် ကော်မရှင်အဖွဲ့ဝင် လောင်း ၃၀ ဦးကို ၎င်း၏လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်ပြီးနောက် နိုင်ငံတော်သမ္မတထံ တင်ပြရပါကြောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းကာ လက်ရှိကော်မရှင်အဖွဲ့ဝင် ၁၁ ဦးကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များကို ဥပဒေနှင့်အညီရွေးချယ်၍ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ကော်မရှင်အဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီး ကော်မရှင်ဥပဒေအရ အပ်နှင်းထားသော လုပ်ငန်းတာဝန် များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောငွေကြေးကို နိုင်ငံတော်က ထောက်ပံ့ရမည်ဖြစ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၁) ပုဒ်မ ၄၆ တွင် ဖော်ပြပါရှိပါကြောင်း၊ သို့ဖြစ်ရာ ကော်မရှင်သည် နိုင်ငံတော်၏ငွေကြေးထောက်ပံ့မှုဖြင့် ဖွဲ့စည်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊
ကော်မရှင်သည် မိမိ၏လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာဆောင်ရွက် ခွင့်ရှိကြောင်းကို ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၂၁)၏ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)တွင် အတိအလင်းဖော်ပြပါရှိသည့်အပြင် ကော်မရှင်၏ အစီရင်ခံစာတင်သွင်းမှုနှင့် စပ်လျဉ်း၍ ပုဒ်မ ၂၁ ပုဒ်မခွဲ(ထ)တွင် နိုင်ငံတော်၏ လူ့အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သင့်လျော်သည့်အကြံပြုထောက်ခံချက်များ ပါဝင်သော နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် သတ်မှတ်ပြဋ္ဌာန်းထားသည့်အားလျော်စွာ အထက်ဖော်ပြပါဥပဒေပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမို၍ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ နိုင်ငံတော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍ ဖွဲ့စည်းပေးပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် လွတ်လပ်စွာဆောင်ရွက်သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂကပြဋ္ဌာန်းပေးထား သည့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အခြေခံမူများ၊ ပါတီအခြေခံမူများနှင့် ကိုက်ညီမှုရှိသည့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ အခြားသော နိုင်ငံများရှိ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များသည်လည်း အလားတူ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် အချို့နိုင်ငံများမှာ အမျိုးသားကော်မရှင်အဖွဲ့အစည်းများသည် ၎င်းအဖွဲ့အစည်းများကို နိုင်ငံတော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖွဲ့စည်းပေးပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် လွတ်လပ်စွာ ဆောင်ရွက်သည့် နိုင်ငံတော် အဖွဲ့အစည်းဟူ၍ ခေါ်ဆိုပါကြောင်း။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ ဆောင်ရွက်မှုအကျဉ်းကိုလည်းတင်ပြရမည်ဆိုပါက ကုလသမဂ္ဂက ချမှတ်ထားသော အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာ အခြေခံမူများ၊ ပါတီအခြေခံမူများနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားကြသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အသီးသီးတို့၏ အဓိကလုပ်ငန်းတာဝန်သုံးရပ်မှာ (က) လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် (ခ)လူ့အခွင အရေး ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်နှင့် (ဂ) အဆိုပါလူ့အခွင့်အရေး မြှင့်တင်ရေး၊ ကာကွယ်ရေးတို့ကို ဆောင်ရွက်ရာတွင် အခြားသောအမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရန်တို့ပင် ဖြစ်ပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်ဥပဒေပါ ၂၁ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတ ရုံးက ၂၄-၉-၂၀၁၄ ရက်စွဲပါ အမိန့်အမှတ်(၂၃/၂၀၁၄)ဖြင့် ဖွဲ့စည်းပေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းသည် ရက်ပိုင်းမျှသာရှိပါသေးသည်။ သို့သော်လည်း အထက် ဖော်ပြပါကော်မရှင်သစ် ဖွဲ့စည်းခြင်းကြောင့် အမိန့်အမှတ်(၂၃/၂၀၁၄)အရ ဖျက်သိမ်းခဲ့သည့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုမူ ၅-၉-၂၀၁၁ ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၃၄/၂၀၁၁)ဖြင့် ဖွဲ့စည်းတည်ထောင်ပေးခဲ့သဖြင့် ၃ နှစ်ကျော်မျှ တာဝန်ထမ် းဆောင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ တာဝန်ထမ်းဆောင်ကာလအတွင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အသီးသီး၏ အဓိကလုပ်ငန်း၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့သည့် သာဓကများ ရှိပါကြောင်း၊
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏မူလအခွင့်အရေးများကို မြှင့်တင်ခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်နေသည့်အနေဖြင့် နိုင်ငံသားများထံမှ ၎င်းတို့၏ မူလအခွင့်အရေးဖောက်ဖျက်ခံရကြောင်း တိုင်တန်းချက်များကို လက်ခံ၍စိစစ်ပြီး ကော်မတီ ရှင်၏ အကြံပြု ထောက်ခံချက်များနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားများ၏ အလေးထား၊ အားကိုးယုံကြည်မှုကို အထိုက်အလျောက်ရရှိခဲ့ခြင်း၊
(ခ) နိုင်ငံသားများ၏မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူ့ အခွင့်အရေး ဖောက်ဖျက်မှုများ ဖြစ်ပွားသည့်နေရာဒေသများသို့ ၁၉ ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ခြင်း၊ ထို့အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်းများသို့ ၁၀ ကြိမ်သွားရောက်စစ်ဆေးခဲ့ခြင်း၊
(ဂ) မြန်မာနိုင်ငံသည် လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့်ကာကွယ်ရေးကို အလေးထားကြောင်း သာဓက အနေဖြင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လွတ်လပ်မှုကို အခြေခံ၍ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ စတင်ဖွဲ့စည်းသည်မှ ယနေ့အထိ ထုတ်ပြန်ချက်ပေါင်း ၂၁ ရပ်ကို ထုတ်ပြန်ခဲ့ခြင်း၊
(ဃ) တစ်ကမ္ဘာလုံးက အလေးထား၍ မိမိတို့ဘာသာစကားအသီးသီးဖြင့် ပြန်ဆိုထုတ်ပြန်ခဲ့ကြသည့် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ကော်မရှင်အဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ ဗဟုသုတကို အခြေခံပြီး တိကျရှင်းလင်းစွာ မြန်မာဘာသာပြန်ဆို၍ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ခြင်း၊
(င) တာဝန်နှင့် လုပ်ပိုင် ခွင့်များတွင် သတ်မှတ်ပါရှိချက်နှင့်အညီ ကော်မရှင်သည် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လူ့အခွင့် အရေးနှင့်စပ်လျဉ်းသည့် ဒေသဆိုင်ရာနှင့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း Forum ၏ တင်းပြည့်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ Forum ၏ တွဲဖက်အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခွင့်ရနေပြီဖြစ်ပါ ကြောင်း၊
(စ) လူ့အခွင့်အရေးနှင့်ဘာသာရေးလွတ်လပ်ခွင့်တို့ကို ပြည်သူများအား အသိပေးရန် ကော်မရှင်သည် သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်၍ အသိပညာပေးဟောပြောခြင်းနှင့် အရပ် ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးအကြောင်း ဟောပြောဆွေးနွေးခြင်းတို့ကို စုစု ပေါင်း ၄၇ ကြိမ် ဆောင်ရွက်ခဲ့ခြင်း၊
(ဆ) ကုလသမဂ္ဂက ချမှတ်ပြဋ္ဌာန်းခဲ့သော နိုင်ငံတကာလူ့ အခွင့်အရေးစာချုပ်များအနက် အဓိကကျသော လူ့အခွင့်အရေးစာချုပ်များကို နိုင်ငံ့ဝန်ထမ်းများ ပိုမို သိရှိနားလည်စေရန်အတွက် ကုလသမဂ္ဂနှင့် အခြား အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများအား ဖိတ်ကြား၍ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၁၅ ကြိမ် ကျင်းပခဲ့ခြင်း၊
(ဇ) ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် အရှေ့တောင်အာရှဒေသအတွင်း ကျင်းပခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနေးပွဲ ပေါင်း ၅၀ ကျော်တို့ ပါဝင်တက်ရောက်ခဲ့ခြင်း၊
(ဈ) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ပြည်နယ် ခုနစ်ခုသို့သွားရောက်၍ နိုင်ငံဝန်ထမ်းများအတွက် လူ့အခွင့်အရေး ဘာသာရပ် အလုပ်ရုံသင်တန်းကျင်းပရန်စီစဉ်ထားခဲ့ရာ မွန်ပြည်နယ်နှင့်ကယားပြည်နယ်တို့သို့ သွားရောက်ကျင်းပခဲ့ပြီးဖြစ်ခြင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်သို့သွားရောက်၍ အလုပ်ရုံသင်တန်းကျင်းပရန်ရှိခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါတို့ကို ဆက်လက်ဆောင်ရွက်သွားရန် ရှိပါကြောင်း၊
(က) ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးကိုဆောင်ရွက်ရာတွင် မဟာ ဗျူဟာစီမံကိန်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲထားရှိပြီးွဖစ်ရာ ၎င်းစီမံချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန်ရှိခြင်း၊
(ခ) ကုလသမဂ္ဂ ဖွဲ့စည်းတည်ထောင်ထားရှိသည့် အမျိုးသားလူ့ အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ( International Coordination Committee for National Human Right Institution) တွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ခြင်း၊
(ဂ) ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် ဒုတိယအကျော့လုပ်ငန်း စဉ်( Second Cycle of Universal Period Review) တွင် မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ သုံးသပ်ခံရန်ရှိရာ ယင်းလုပ်ငန်းစဉ်အတွက် အကောင်အထည်ဖော်ခြင်း၊ အစီရင်ခံစာ ညှိနှိုင်းပြုစုခြင်းနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ သွားရောက်ဖြေဆိုခြင်းတို့ကို အစိုးရပိုင်းမှဆောင်ရွက်ရာတွင် မိမိတို့ကော်မရှင်ကပံ့ပိုးကူညီခြင်းနှင့် ကော်မရှင်၏ သီးခြားအစီရင်ခံ စာ ပြုစုတင်သွင်းခြင်းတို့ ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
ဦးကျော်ဝင်း(ကန်ကြီးထောင့် မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၏ ဖြေကြားချက်များတွင် အလုပ်ရုံ ဆွေးနွေးပွဲများ သတင်းစာရှင်းလင်းပွဲများ စသဖြင့် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ သို့သော် ၂၆-၉-၂၀၁၄(သောကြာနေ့)ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာတွင် လူ့အခွင့်အရေးကော်မရှင် ပြည်သူ့ ဘက်တော်သားအဖြစ် ရပ်တည်ခြင်းမရှိဟု ဖော်ပြသကဲ့သို့ ကော်မရှင်အနေဖြင့်လည်း ပြည်သူ့ဘက်က ရပ်တည်နေကြောင်းကို ပြောကြားခဲ့သည့် စွပ်စွဲတုန့်ပြန်မှုတွေ ရှိခဲ့ပါကြောင်း၊
၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး စက်တင်ဘာလ ၂၉ ရက် အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားစဉ်တွင်လည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သော အဓိကစိုးရိမ်မှုများကို ပယ်ပျောက်နိုင်ရေးအတွက် ကျယ်ပြန့်သောအတိုင်းအတာနှင့် ဆောင်ရွက်လျက် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ့နိုင်ငံလူ့အခွင့်အရေး ကုလသမဂ္ဂမှာ ရပ်ဖို့ စောသေးကြောင်း စသဖြင့် အကြောင်း အရာတွေကို သိရှိရကဲ့သို့ ပြည်တွင်းတွင်လည်း Social Media များက ရှုထောင့်အမျိုးမျိုးကနေ အမြင်အမျိုးမျိုးနှင့် မြင်နေကြသည်များရှိပါကြောင်း၊ ထို့ကြောင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲများ၊ သတင်းထုတ်ပြန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ယခုထက် ပိုပြီးဆောင်ရွက်ပေးနိုင်စေရန် မေးမြန်းပါသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးဝင်းမြ
လူ့အခွင့်အရေးကော်မရှင်၏ တာဝန်တစ်ရပ်သာ ဆိုပါက မိမိတို့၏ လွတ်လပ်စွာ ဆောင်ရွက်ချက်များကို ပြည်သူလူထုထံသို့ အစဉ်အမြဲ အသိပေး ဖို့လိုအပ်လျက်ရှိပါကြောင်း၊ လူ့အခွင့်အရေးကော်မရှင်ကို လွန်ခဲ့တဲ့ သုံးနှစ် ဖွဲ့စည်းခဲ့ပြီးသည့် အချိန်ကစတင်ကာ အခါအားလျော်စွာ သတင်းများကို ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ လူ့အခွင့်အရေးကော်မရှင်နှင့် စုံစမ်းစစ်ဆေးရေးများ သွားရောက်ပြုလုပ်ရာတွင်လည်း မိမိတို့ စုံစမ်းတွေ့ရှိချက် များကို သတင်း ထုတ်ပြန်ခဲ့ရာတွင် ၂၁ ကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းပါကြောင်း၊ ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲများကို၊ သတင်းထုတ်ပြန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးဖို့ တင်ပြလာခြင်းနှင့် ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
