(ဃ)-ရွှေပြည်သာမြို့နယ်အတွင်းရှိ မြေသားလမ်းများနှင့် ကတ္တရာလမ်းများကို ခင်းကျင်း ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၈.၉.၂၀၁၄)

ဦးတင်မောင်ဦး (ရွှေပြည်သာ)ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်မြေအတွင်းရှိ ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် စတင်တည်ထောင်ခဲ့သော ရပ်ကွက်/ကျေးရွာ ၂၇ ခု၊ လူဦး‌ရေသုံးသိန်းခန့်နေထိုင်သော မြို့နယ်ဖြစ်ပြီး မြို့နယ်အတွင်း လမ်းပေါင်း ၅၀၄ လမ်းကျော် ဖြစ်ပြီး ၂၅ နှစ်အတွင်း နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများသို့ အကြိမ်ကြိမ်တင်ပြခဲ့ပါသော်လည်း ပြီးစီးခဲ့မှု၊ အောင်မြင်ခဲ့မှုမရှိဘဲ ၂၅ နှစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ရှိသော ရွှေပြည်သာမြို့နယ် အတွင်းရှိ လုပ်သားပြည်သူများ၏ အဓိကအတောင့်တဆုံး၊ အလိုအပ်ဆုံးဖြစ်သော မြေသားလမ်းများ ပျက်စီးနေသည့် ကတ္တရာလမ်းများကို ခင်းကျင်းပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် အပြီးဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းရွှေပြည်သာမြို့နယ် အတွင်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှစပြီး ရပ်ကွက်အတွင်းလမ်းများအား ၂၀၁၁-၁၂ ဘဏ္ဍာ ရေးနှစ်တွင် လမ်း ၄၀ လမ်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် လမ်း ၉၄ လမ်း၊ ၂၀၁၄-၁၅ ဘဏ္ဍာ ရေးနှစ်တွင် လမ်း ၁၆ လမ်း စုစုပေါင်း ၁၅၀ လမ်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရွှေပြည်သာမြို့နယ် ရပ်ကွက်အတွင်းရှိ လမ်းသာမက လမ်းမကြီးများ ပြုပြင်ပေးခြင်းအနေဖြင့်လည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ ဘုရင့်နောင်လမ်း (စက်မှုဒေသလမ်းနှင့် ဒေါ်ဖွားရှင်လမ်းကြား) ၁၅၀၀ ပေx ၁၈ ပေ ကတ္တရာလမ်းသားတင်ခြင်း၊ သီရိမင်္ဂလာပတ်လမ်း ၅၅၀၀ ပေx ၁၆ ပေ  ကတ္တရာလမ်းသားတင်ခြင်း၊ အ.ထ.က(၁) ကျောင်းဝန်းပတ်လမ်း ၁၀၅၀ ပေx ၁၂ ပေ ကတ္တရာလမ်းသားတင်ခြင်း၊ လှော်ကားကျေးရွာ၊ အမှတ်(၁) ရဲတပ်ရင်းတပ်တွင်းလမ်း ၁၂၀၀ ပေx ၁၄ ပေ ကတ္တရာလမ်းသားတင်ခြင်း၊ ဗိုလ်ချုပ်လမ်း (သရဖီလမ်းမှနေပြီး အမှတ်-၄ လမ်းအထိ) ၇၄၂၀ ပေx ၁၆ ပေ တိုးချဲ့ခြင်း၊ ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ (ထန်းခြောက်ပင်လမ်းဆုံ) ၁၁၉၂၀ စတုရန်းပေ တိုးချဲ့ခြင်း၊ အမှတ်(၄) လမ်း(မိုင်တိုင်-၅ မှ မိုင်တိုင်-၆ အထိ) ၅၂၆၀ ပေx ၂၂ ပေ ကတ္တရာလမ်းသားတင်ခြင်း၊ ဗိုလ်ချုပ်သံဒင်းလမ်း ၂၄၀၀ ပေx ၁၈ ပေ လမ်းသားတင်ခြင်း၊ သီရိမင်္ဂလာပတ်လမ်း ၅၂၀၀ ပေx ၁၆ ပေ ကတ္တရာလမ်းသားတင်ခြင်း၊ ဘုရင့်နောင်လမ်း(ဝဲ/ယာ) ၄၀၀၀ ပေx ၁၆ ပေ တိုးချဲ့ခြင်း(ထန်းခြောက်ပင်လမ်းဆုံမှ အုတ်ဖိုချောင်းကြား)၊ တော်ဝင်လမ်း ကတ္တရာလမ်း ၃၉၀၀ ပေx ၁၈ ပေအား ကွန်ကရစ်ခြင်း၊ မင်းရဲကျော်စွာလမ်း ၁၆၀၀ ပေx ၁၈ ပေကို ကွန်ကရစ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်အတွင်း မြေသားလမ်းလက်ကျန်မှာ ၅၀၄ လမ်း၊ ၉၁၃၉၉၂ ပေ(၁၇၃ မိုင် ၁ ဖာလုံ) ရှိပါကြောင်း၊

အဆိုပါမြေသားလမ်းများအားလုံးကို ၁၂ ပေအကျယ် ကွန်ကရစ်လမ်းတည်ဆောက်ပေးမည် ဆိုပါက ခန့်မှန်း ကျပ်သန်းပေါင်း ၁၈၂၇၉.၈၄ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ရှာဖွေရရှိသည့် ဘဏ္ဍာငွေဖြင့် ရပ်တည်ရသော အဖွဲ့အစည်းဖြစ်သည့် အပြင်မြို့နယ် အသီးသီးမှာလည်း လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရရှိသည့်ဘဏ္ဍာငွေပေါ် မူတည်ပြီး ဆောင်ရွက်ပေးရလျက်ရှိပါသည်။ ရွှေပြည်သာမြို့နယ် အတွင်းရှိ ကျန်ရှိသည့်မြေသားလမ်း အားလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရန် ဘဏ္ဍာငွေမလုံလောက်သည့်အပြင် အခြားမြို့သစ်မြို့နယ်များကိုလည်း ထည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ မြေသားလမ်းများနှင့် ပျက်စီးနေသော ကတ္တရာလမ်းများကို တစ်ပြိုင်နက်တည်း ခင်းကျင်းပြင်ဆင်ပေးရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်းနှင့် ဘဏ္ဍာရေး နှစ်အလိုက် ခွဲဝေရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်ပြီး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။