ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို မြောက်ဦးခရိုင်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သောကြောင့် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ ဆောက်လုပ်နေပြီ ဖြစ်ပါကြောင်း၊ ဆောက်လုပ်ပြီးရုံးများတွင် ခရိုင်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေကြသော်လည်း ဆောက်လုပ်ဆဲရုံးများနှင့် ရန်ပုံငွေ ရှာထားပေးခြင်းမရှိသဖြင့် မဆောက်ရသေးသောရုံးများမှ ဝန်ထမ်းများမှာလည်း မြို့နယ်ရုံးများတွင် တွယ်ကပ်၍ တာဝန်ထမ်းဆောင်နေကြရပြီး ၎င်းတို့၏ မိသားစုများမှာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲရှိနေသည်ကို ကြားသိနေရပါကြောင်း၊ တချို့ဝန်ထမ်းများမှာ နေထိုင်ရန်အခက်အခဲကြောင့် မိသားစုများကို ခေါ်မလာနိုင်ဘဲ တစ်ကွဲတပြားစီနေရသည့်အတွက် ကုန်ကျစရိတ်များပြားကာ ဝင်ငွေနှင့်ထွက်ငွေ မမျှတ၍ အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သက်ဆိုင်ရာရုံးအနီးပတ်ဝန်းကျင်တွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေး၍ လည်းကောင်း၊ ဝန်ထမ်းပေါင်းစုံ စုပေါင်းနေထိုင်နိုင်သော (၆) ခန်းတွဲ သို့မဟုတ် (၄) ခန်းတွဲ RC နှစ်ထပ်အိမ်ရာများ ဆောက်လုပ်ပေး၍လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါမှ ကုန်ကျစရိတ်သက်သာစွာဖြင့် နေထိုင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဦးခရိုင်ရှိ ဝန်ထမ်များအတွက် ဝန်ကြီးဌာနအသီးသီးမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံပြီး ဝန်ထမ်းအိမ်ရာများတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသေးပါက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၄-၁၂-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြောက်ဦးခရိုင်တွင် ခရိုင်အဆင့်ရုံးများဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်နေသောဌာနများမှာ (က) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ခ) ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ (ဂ) ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ (ဃ) ခရိုင်တရားရုံး၊ (င) ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ (စ) ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ (ဆ) ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ (ဇ) ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ (ဈ) ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ (ည) ခရိုင်ပြည်သူ့ဆောက်လုပ်ရေးအင်ဂျင်နီယာရုံး၊ (ဋ) ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာန တို့ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြောက်ဦးခရိုင် စုပေါင်းရုံးသစ် တည်ဆောက်ခြင်းအတွက်ကို ထပ်မံလိုအပ်ငွေကျပ် ၂၂၅.၀ သန်းအား ခွင့်ပြုပေးခဲ့ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ တည်းခိုနိုင်ရန် ဧည့်ရိပ်သာ RC တစ်လုံးအတွက်ကို ကျပ်သန်း ၈၀.၀ သန်းကိုလည်း ခွင့်ပြုခဲ့ပါကြောင်း၊ မြောက်ဦးခရိုင်သည် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများအားလုံး ဖွင့်လှစ်နိုင်မှုမရှိသေးဘဲ ဖွင့်လှစ်ပြီးရုံးများတွင်လည်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်မှု နည်းပါးသေးသည့်အတွက် ရုံးနှင့် ဝန်ထမ်းအိမ်ရာများအား ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ဝန်ထမ်းအများစုမှာ ဒေသခံများဖြစ်ပြီး အခြားဒေသမှ ဝန်ထမ်းများမှာ ၃၀ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ သဘောသဘာဝအရ ရွှေ့ပြောင်းနေထိုင်မှုများရှိသဖြင့် အခြားဒေသမှ လာရောက်တာဝန်ထမ်းဆောင်သော ဝန်ထမ်းများ၏ နေထိုင်ရေးအဆင်ပြေစေရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးရာတွင် ရှေးဦးစွာ အိမ်ရာများအတွက် လိုအပ်သောမြေ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြေရရှိပြီးဖြစ်ပါက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံနိုင်သော်လည်း ဖြည့်စွက်ရန်ပုံငွေမှာ မူလခန့်မှန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး တောင်းခံခြင်းအား ခွင့်ပြုမထားသောကြောင့် ၁၀ ရာခိုင်နှုန်းထက် မကျော်လွန်ပါကလည်း ဖြည့်စွက်ရန်ပုံငွေ ခွင့်ပြုမိန့်ရရှိသည့်အချိန် သာမန်အားဖြင့် ဒီဇင်ဘာလအတွင်းသာ ခွင့်ပြုပေးလေ့ရှိသည့်အတွက် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရန် အချိန်မီပြီးစီးနိုင်မည် မဟုတ်ပါကြောင်းနှင့် မြောက်ဦးခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများသည် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ဖြစ်သည့်အတွက် ပြည်ထောင်စုဘဏ္ဍာရေးရန်ပုံငွေနှင့် ဆောင်ရွက်နေသည့်ဌာနများသည် ပြည်ထောင်စုမှလည်းကောင်း၊ ပြည်နယ် ဘဏ္ဍာရေးရန်ပုံငွေနှင့် ပါဝင်သောဌာနများသည် ပြည်နယ်မှလည်းကောင်း ဒေသလိုအပ်ချက်များပေါ် မူတည်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာများအား ထည့်သွင်းလျာထား တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
