(က)-အုတ်တွင်းမြို့နယ်နှင့် တောင်ငူမြို့နယ်တို့ ဆက်သွယ်သည့် နောင်ရိုးတံတားအား သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၈.၉.၂၀၁၄)

ဦးညီညီမြင့်(အုတ်တွင်း မဲဆန္ဒနယ်)အုတ်တွင်းမြို့နယ်နှင့် တောင်ငူမြို့နယ်တို့ ဆက်သွယ်ထားသော နောင်ရိုးတံတားသည် ခပေါင်းချောင်းကိုဖြတ်ပြီး ကင်းဆိပ်ရွာနှင့် မကျီးပင်စုရွာကို ဆက်သွယ်ထားသည့် တံတားဖြစ်ပါကြောင်း၊ ထိုတံတားသည် ၂၀၀၄ ခုနှစ်က ကိုယ်ထူကိုယ်ထစနစ်ဖြင့်၊ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်ခဲ့တဲ့ ကျေးရွာပေါင်း ၄၂ ရွာရှိ ပြည်သူများ နေ့စဉ်နှင့်အမျှ ၅၀၀၀၀ မျှသော လူဦးရေ ဖြတ်သန်းသွားလာနေသော တံတားတစ်စင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် သစ်သားတံတားဖြစ်ပြီး ရာသီဥတုဒဏ်များကြောင့် ဆွေးမြေ့ပျက်စီးနေသည့်အတွက် အုတ်တွင်းမြို့နယ်နှင့် တောင်ငူမြို့နယ်တို့ ဆက်သွယ်ထားသော နောင်ရိုး တံတားကို သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာ ကို ဆက်သွယ်ထားသော နောင်ရိုးတံတားသည် အရှည် ၃၆၈ ပေရှိပြီး သစ်သားတံတားတစ်စင်း ဖြစ်ပြီးကာ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကျေးရွာ ၅၂ ရွာ၊ အိမ်ခြေ ၆၂၄၆ အိမ်၊ လူဦးရေ ၂၉၄၁၅ ဦး အကျိုးပြု သွားလာလျက်ရှိပါကြောင်း၊ အဆိုပါတံတားကို အရှည် ၃၉၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ ပေရှိသော သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ကျပ် ၁၅၉.၀ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါကုန်ကျငွေများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျခံသုံးစွဲ ဆောင်ရွက်နိုင်ရေးကို တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။