(ဇ)-မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၅ ကျောင်းတို့အား မူလရုပ်နှင့်ဥပဓိရုပ် ထွက်ရှိရေး မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၇.၉.၂၀၁၄)

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်) မောက်မယ်မြို့နယ်အတွင်းရှိ အ.မ.ကကုန်းလမ်း(မူလွန်)၊ အ.မ.က(နားသဲ)၊ အ.မ.က(နားဟီး)၊ အ.မ.က (နောင်ခမ်း) နှင့် အ.မ.က(ပုန်းလော) ကျောင်း(၅)ကျောင်းတို့သည် ဆောက်လုပ်ပြီးစီးသည့်သက်တမ်း ကြာမြင့်ပြီဖြစ်ခြင်း၊ စတင်ဆောက်လုပ်စဉ်က အဆောက်အဦ ရုပ်ပိုင်းဆိုင်ရာစံချိန်စံညွှန်းများ ကိုက်ညီမှုမရှိခြင်း၊ သဘာဝဘေးဒဏ်အန္တရာယ်အားနည်းခြင်းတို့ကြောင့် ယနေ့အချိန်တွင် ကြံ့ခိုင်မှုနှင့် ဥပဓိရုပ်ပေါ်လွင် ခြင်းမရှိပါသောကြောင့် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မွမ်းမံပါသော်လည်း ယာယီအခိုက် အတန့်သာ ဖြေရှင်းနိုင်သောနည်းလမ်း ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ တင်ပြပါကျောင်း(၅)ကျောင်းအား အသစ်ဆောက်လုပ်ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်းနှင့် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်ပညာရေးဝန်ကြီးဌာနအနေနှင့် ကျောင်းဆောင်သစ်များ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီးသတ်ဆောက်လုပ်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ ကျောင်းဆောက်လုပ်ရေးပြီးစီးသည့် သက်တမ်းကြာမြင့်ပြီး အန္တရာယ်ရှိမှုအခြေအနေ၊ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက်နှင့် တန်းစီဇယားများမှ ထည့်သွင်း လျာထားခြင်းဖြင့်လည်းကောင်း၊ စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်အတွင်းရှိ ဥပဓိရုပ်မကောင်းသည့် ကျောင်းများဖြစ်သော ကုန်းလမ်း အခြေခံပညာ မူလ တန်းလွန်ကျောင်း၊ ပုန်းလော၊ နားသဲ၊ နားဟီးနှင့် နောင်ခမ်းအခြေခံပညာ မူလတန်းကျောင်းများတွင် ပေ ၆၀၊ ပေ ၃၀၊ သံကူကွန်ကရစ် တစ်ထပ်ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ကျောင်းလျှင် ငွေကျပ် ၃၂.၄ သန်းနှုန်းဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ် အောက်မှလျာထားချက်စာရင်းတွင် လျာထားတင်ပြပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။