(င)-ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း မကြီးအားအဆင့်မြှင့်တင်တိုးချဲ့ရန်ပြည်ပနိုင်ငံများ မှအကူအညီပေးရန်ကမ်းလှမ်းလာခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၄)

ဗိုလ်မှူးမင်းဇော်လင်း (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးမင်းဇော်လင်း (တပ်မတော်သားကိုယ်စားလှယ်)ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအမြန်လမ်းမကြီးသည် အရှေ့အနောက်၊ တောင်မြောက် အရပ်ဒေသ အသီးသီးဆီသို့ လည်းကောင်းမှတစ်ဆင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သောကြောင့် မိမိတို့နိုင်ငံ၏ သွားလာမှု  အများဆုံး အရေးပါသော၊ အဓိက ကျသော ကျောရိုးသယ်ယူပို့ဆောင်ရေးလမ်းမကြီးတစ်ခု ဖြစ်လာခဲ့သည့်အပြင် နိုင်ငံတကာမှ သံတမန်အရာရှိကြီးများ သွားလာအသုံးပြုသည့် လမ်းဖြစ်သောကြောင့် နိုင်ငံဂုဏ်ဆောင်လမ်းမကြီးလဲဖြစ်ပါကြောင်း၊ အခြားလမ်းများထက် အချိန်တိုတွင်းသွားလာနိုင်ခြင်း၊ ယာဉ်လမ်းကြောင်းရှင်းလင်း ခြင်းများကြောင့် ယာဉ်မောင်းများအနေဖြင်‌့ အနှောက်အယှက်ကင်းစွာ သင့်တင့်သောအာရုံစူးစိုက်မှုဖြင့် သွားလာနိုင်သောကြောင့် ယာဉ်များ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် ဖြတ်သန်းသွားလာနေ ကြောင်းလည်း သိရှိရပါကြောင်၊  သို့သော်လည်း ယနေ့ခေတ်ပေါ်ကားများ၏ အရှိန်နှုန်း မြန်ဆန်စွာ သွားလာနိုင်ခြင်းအပေါ် အသုံးချကာ မိမိလိုရာခရီးကို အချိန်တိုအတွင်း ဆောလျှင် မြန်ဆန်စွာရောက်ရှိ နိုင်စေရေးအတွက် သတ်မှတ်ထားသော မိုင်နှုန်းထက်ပိုမိုမောင်းနှင်ခြင်းများကြောင့်သော် လည်းကောင်း၊ လမ်းများတွင်လိုင်းများဖြစ်ပေါ်နေခြင်းကြောင့်သော်လည်းကောင်း၊ ယာဉ်မောင်းများ အိပ်ငိုက် ခြင်းများကြောင့်သော်လည်းကောင်း၊ မော်တော်ကားဘီးများ သုံးစွဲချိန်ကြာမြင့်သဖြင့် ကွဲထွက်သွား ခြင်းများကြောင့်သော်လည်းကောင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် မော်တော်ကား နဘေးဝဲယာသို့ တိမ်ဖယ်သွားပါက ပြန်လည်ဆယ်တင်ရန် လမ်းမအကျယ်နည်းပါးသည့်အတွက် မတော်တဆဖြစ်ပွားမှု များပြားလာကြောင်းနှင့် လူ့အသက်ဆုံးရှုံးမှု များပြားသည်ကို တွေ့ရှိရပါကြောင်း။ ထို့ကြောင့် (က) ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာခင်းခြင်းနှင့် အဆင့်မြှင့်တင်တိုးချဲ့ရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက ပြုလုပ်ပေးမည့်အချိန်ကာလနှင့် အရည်အသွေးသတ် မှတ်ချက်များ၊ (ခ) ပြည်ပ နိုင်ငံများအား ငွေကြေးအားဖြင့်သော်လည်းကောင်း၊ နည်းပညာအားဖြင့် သော်လည်းကောင်း အကူအညီပေးရန် ကမ်းလှမ်းလာခြင်းရှိ/မရှိနှင့်  ရှိပါကမည်သည့်နိုင်ငံကဖြစ်ကြောင်းနှင့် အကူအညီပေးသော အတိုင်းအတာ ပမာဏကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဟာ ၃၃၆ မိုင် ၃ ဖာလုံရှည်လျားပြီး ၂၅ ပေအကျယ် ကွန်ကရစ် လမ်းခင်းထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာ ကွန်ကရစ် AC ခင်းခြင်း ၄၁ မိုင် ၁ ဖာလုံကို လည်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၂၅ ပေ အကျယ် ကတ္တရာ ကွန်ကရစ်လမ်း AC ခင်းခြင်း ၃၆ မိုင် ၃ ဖာလုံ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ကျန်ရှိ အပိုင်းများကိုလည်း ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ကတ္တရာကွန်ကရစ်လမ်း AC ခင်းခြင်း လုပ်ငန်းကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊

အဆိုပါလမ်းကို မျက်နှာပြင်ညီညာခြင်းမရှိသော အပိုင်းများတွင် ဦးစားပေးပြုပြင်ပေးလျက်ရှိပြီး ယာဉ်မောင်းများအား သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန်၊ အိပ်ငိုက်မှုမရှိစေရန် တိုက်တွန်း နှိုးဆော်လျက်ရှိပါတယ်။ ယာဉ်များအန္တရာယ်ကင်းရှင်းစေရန်အတွက် ပြည်ထဲရေးဝန်ကြီး ဌာန၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့နှင့် ယာဉ်ကြံ့ခိုင်မှု ယာဉ်မောင်းလိုင်စင်၊ ကားလိုင်စင်များကို ထောက်ကြန့်အမှတ် ၃ လမ်းဆုံ၊ မိတ္ထီလာသီးကုန်းနှင့် တံတားဦးလေဆိပ်အနီး စကားအင်း Toll gate များတွင် စစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း၊ လမ်းတစ်လျှောက်ခရီးသည်တင် ယာဉ်များသတ်မှတ် စည်းကမ်းများအတိုင်း မောင်းနှင်စေရေးကိုလည်း B-Smart ဆက်သွယ်ရေးစနစ်ဖြင့် ထိန်းသိမ်းနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး အမြန်လမ်း ရဲတပ်ဖွဲ့မှလည်းအရှိန်နှုန်းတိုင်း ကိရိယာများနှင့် တိုင်းတာစစ်ဆေးကြပ်မတ်လျက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အဆင့် မြှင့်တင်ရေး အတွက် ဂျပန်နိုင်ငံ JICA၊ ကိုးရီးယား နိုင်ငံ MOLIT- Koica ၊ ကမ္ဘာ့ဘဏ် ADB၊ အမေရိကန်နိုင်ငံ US Aid စသည့် အဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုနည်ပညာ (Technical Assistance)၊ ငွေကြေးထောက်ပံ့မှု အကူအညီများ (Financial Assistance)ရရှိရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။