(စ)-ကျန်ရှိသစ်တောဧရိယာနှင့်သစ်အမျိုးအစားကို စိစစ်သတ်မှတ်၍နှစ်စဉ်ထုတ်လုပ်မှုကိုလျာထားပြီး စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ရန်အတွက် စီမံ ချက်ရေးဆွဲအကောင်အထည်ဖော်ရန်နှင့်သစ်မှောင် ခိုများကိုထိန်းချုပ်ရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၇.၉.၂၀၁၄)

ဒေါ်ခင်မွှေးလွင် (မင်းကင်း)မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ အဂတိလိုက်စားမှုကြောင့်လားဆိုတဲ့ လားပေါင်းများစွာရဲ့အောက်တွင် သစ်တောများကို စည်းမဲ့ကမ်းမဲ့ခုတ်ထွင်မှုများကြောင့် ပြုန်းတီးနေမှုတွေနဲ့ ရင်ဆိုင်နေရပါကြောင်း၊ တိုင်းပြည်ဘဏ္ဍာအတွက် အားထားရသော သစ်တောများရှားပါးလာပြီး ပြည်သူများအတွက်လည်း ဒုက္ခ အမျိုးမျိုးကြုံတွေ့နေရပါကြောင်း၊ ယင်းအခြေအနေများကို လေ့လာကြည့်မည်ဆိုပါက တရားဥပဒေ မစိုးမိုးခြင်းသို့ အဓိကတရားခံဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောဥပဒေအရ သစ်များခုတ်ပြီး ပြန်စိုက်ရမည့် အရေအတွက်ကို သတ်မှတ်ပြီးဖြစ်သကဲ့သို့ သီးခြားကျွန်းစိုက်ခင်းများ၊ ဌာန၊ ပုဂ္ဂလိက၊ ကျေးလက်အိမ်ရာနှင့် ဒေသအစုအဖွဲ့ပိုင် သစ်တောထူထောင်ခြင်းတို့ကို ဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း လက်တွေ့ဆောင်ရွက်မှု မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မူဝါဒ ရှစ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အမျိုးသားစီမံကိန်းတွင် ထည့်သွင်း ထားခြင်းများသည် ရည်ရွယ်ချက်ကောင်းသော်လည်း မြေပြင်အခြေအနေမှန်နှင့် လက်ကျန်သစ်တော အမှန်စာရင်းများကို ဝန်ကြီးဌာနကနေမသိရှိခြင်းများ တွေ့ရှိရပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှစပြီး ပြည်ပကို သစ်လုံးတင်ပို့ရောင်းချမှု လုံးဝရပ်ဆိုင်းမည်ဆိုသော်လည်း မှောင်ခိုထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခြင်းမရှိသည်ကို တစ်နိုင်ငံလုံး မြင်တွေ့နေရပါကြောင်း၊ ဖမ်းဆီးရမိမှောင်ခိုသစ်များကိုလည်း တရားဝင်စာရွက်စာတမ်းနှင့် လိုက်လံရှင်းလင်းကြခြင်းဖြင့် ဥပဒေလက်တစ်လုံးကြား ဆောင်ရွက်နေကြသည်ကို တွေ့ရှိပါနေရပါကြောင်း၊ ဖမ်းဆီးသစ်နှင့်စာရင်းများကိုလည်း လေလံပစ်သည့်အချိန်သည် တစ်နှစ်နီးပါးနှင့် အထက်ကြာမြင့်ပါကြောင်း၊ (က) ဖမ်းဆီးသင့်တဲ့ယာဉ် များအား စီမံခန့်ခွဲနိုင်ရန် မြန်မာ့သစ်လုပ်ငန်း၏ ခြောက်လကြာချိန်ကို လျော့ချပေးရန်အစီအစဉ် ရှိ/မရှိ။ (ခ) လက်ရှိသစ်တော၏ အမှန်တကယ် ကျန်ရှိသစ်တောဧရိယာနှင့် သစ်အမျိုးအစားအား လက်တွေ့ကွင်းဆင်း လေ့လာစိစစ်သတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ။ (ဂ) သတ်မှတ်ပြီးမှ နှစ်စဉ်ထုတ်လုပ် မှုကို လျာထားပြီး ရေရှည်စဉ်ဆက်မပြတ်စိုက်ပျိုးရန်နှင့် ထုတ်လုပ်ရန်စီမံချက်များ ရေးဆွဲ၍ နှစ်ရှည် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိ။ (ဃ) သစ်မှောင်ခိုဈေးကွက်ကို မည်သည့်အတွက်ကြောင့် မထိန်းချုပ်နိုင်သည်ဆိုတာကို သိရှိလိုပါကြောင်းနဲ့ အပြီးအပြတ်ထိန်းချုပ် ရန် အစီအစဉ်ရှိ/မရှိဖြစ်ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း
အဖြေ

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတရားမဝင်သစ်များ ဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ဖမ်းဆီးရမိသောသစ်များနှင့်ပတ်သက်၍ သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ ဖမ်းဆီးရမိသစ်များအား ပုံစံ(၈) စာရင်းမှတ်ပုံတင်ပြီး မြန်မာ့သစ်လုပ်ငန်းကို ရက်ပေါင်း ၆၀ အတွင်းမှာ လွှဲပြောင်းပေးအပ်ခြင်း/ လက်ခံခြင်းများ ပြုလုပ်ရပါကြောင်း၊ မြန်မာ့သစ်လုပ်ငန်းအနေနှင့်လည်း ပုံစံ(၈) သစ်များ လွှဲအပ်လာပါက အချိန်နှင့်တစ်ပြေးညီ သစ်များ တည်ရှိရာနေရာ၊ သစ်အမျိုးအစား၊ သစ်အတန်းအစားတို့အရ သယ်ယူရန် ကုန်ကျစရိတ်နှင့် ပြန်လည်ရောင်းချပါက ရနိုင်မည့်ဈေးနှုန်း၊ တွက်ချေကိုက်မှုရှိ/မရှိ အခြေအနေများကို မျက်မြင်ကွင်းဆင်း စစ်ဆေးပြီး အမြန်ဆုံးလက်ခံခြင်း၊ ငြင်းပယ်ခြင်းများပြုလုပ်၍ အချို့ကို သစ်တည်နေရာမှာတွင် လပ်ပုံထိုင်အတန်းအစားခွဲခြားပြီး လစဉ်ကျင်းပပြုလုပ်ကာ အိတ်ဖွင်‌့တင်ဒါစနစ်များဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ လက်ခံရယူလိုခြင်းမရှိသော ဖမ်းဆီးရမိပုံစံ(၈) သစ်များကို ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ကိုယ်စားလှယ်များပါဝင်သော လေလံတင်ရောင်းချ ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ထုခွဲရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဟာ သစ်တောသယံဇာတများကို ရေရှည် တည်တံ့စေရေးနှင့် ထာဝစဉ်အသုံးချနိုင်ရေးအတွက်ကို သစ်တောများကို စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်နိုင်ရန် ဂြိုလ်တုဓာတ်ပုံများမှ သစ်တောဖုံးလွှမ်းမှုကို ဆန်းစစ်လေ့လာခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၁၀ နှစ်လျှင် တစ်ကြိမ် သစ်တောသယံဇာတစာရင်းကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆန်းစစ်ချက်အရ သစ်တောဖုံးလွှမ်းမှုဧရိယာ ၆၁၁၃၂၅ ဧကရှိတယ်လို့ သိရှိရပါကြောင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူရရှိသော ကိန်းဂဏန်းအချက်အလက်များအရ ရင်စို့လုံးပတ် ၂ ပေနှင့်အထက် ကျွန်းပင် ၁၈၉၉၈၄ ပင်၊ သစ်မာအုပ်စု(၁) ၁၃၁၂၂၅၈ ပင်၊ သစ်မာအုပ်စု(၂) ၂၄၃၀၇၃၉ ပင်၊ သစ်မာအုပ်စု(၃) ၆၉၂၉၄၉ ပင်၊ သစ်မာအုပ်စု(၄) ၁၄၂၈၀၁ ပင်နှင့် သစ်မာအုပ်စု(၅) ၁၅၁၇၆၂၂ ပင် စုစုပေါင်း ကျွန်း၊ သစ်မာ၊ အခြားသား ၆၂၈၆၃၅၃ ပင်ခန့် ပေါက်ရောက်လျက်ရှိပြီး ခန့်မှန်းတွက်ချက်၍ရရှိပါကြောင်း၊ သစ်တောသယံဇာတစာရင်းများ ကောက်ယူရရှိသော ကိန်းဂဏန်းအချက်အလက်များနှင့် ဒေသဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ အပေါ် အခြေခံပြီး ခရိုင်အလိုက် သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်း ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်ကနေပြီး၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ခရိုင် ၆၃ ခရိုင်တွင် ရေးဆွဲပြီး နှစ်စဉ်လျာထားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ဖော်ပြပါစီမံကိန်း၏ ကာလလယ် ငါးနှစ်စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအပေါ်တွင် အကဲဖြတ်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ကောက်ယူရရှိသော စာရင်းဇယားအချက်အလက်များဖြင့် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေးနှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် သစ်ထုတ်လုပ်မှုပမာဏကို လျော့ချဆောင်ရွက်လျက်ရှိရာ ကနဦး လုပ်ငန်းစဉ်အဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပြင်ပသို့သစ်အလုံးလိုက် တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းပြီး သစ်ထုတ်လုပ်မှုကို နှစ်စဉ်ထုတ်လုပ်နိုင်သည့်ပမာဏ Annual Allowable Cut ဘောင်အတွင်းမှထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် သစ်တောသယံဇာတများအပေါ် မှီခိုမှုနှင့် လိုအပ်မှုများ လျော့နည်းလာသည်နှင့်အမျှ သစ်ထုတ်လုပ်းခြင်းကဏ္ဍ တဖြည်းဖြည်းလျော့နည်း ရပ်ဆိုင်းသွားမည် ဖြစ်ပါကြောင်း၊ တရားမဝင်သစ်များ ဖော်ထုတ်ဖမ်းဆီးရာတွင်လည်း သက်ဆိုင်ရာနယ်မြေများတွင် ပုံမှန်ဖမ်းဆီးခြင်း၊ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်း၊ သတင်းစုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်းများအပြင် စစ်ကြောင်းများအသွင်ဖြင့် လစဉ်စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ ရုံးချုပ်၏အစီအမံများဖြင့် လျှပ်တစ်ပြတ်ဝင်ရောက်ဖမ်းဆီးခြင်း၊ အခြားဆက်စပ်ဌာနများ၊ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ Mobile Team များနှင့် ပူးပေါင်းဖမ်းဆီးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့်အပြင် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး တရားမဝင်သစ်ဖမ်းဆီးရေးလုပ်ငန်း များကိုလည်း ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းကင်းမြို့နယ်တွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျွန်း၊ သစ်မာနှင့် အခြားသား စုစုပေါင်း ၈၉၃.၇၉ တန်ကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဇွန်လအထိ ၂၆၉.၈၇ တန် ဖမ်းဆီးရမိပြီးဖြစ်ပါကြောင်း တရားမဝင်သစ်ခိုး ယူမှုများကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများကိုယ်တိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိအမြင်၊ ခံယူချက်ပြည့်ဝစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ သတင်းပေးကူညီခြင်းများ ဆောင်ရွက်မှသာလျှင် တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများ လျော့နည်း ပပျောက်ပြီး တရားမဝင်သစ်ခိုးယူထုတ်လုပ်သူများနှင့် မှောင်ခိုရောင်းဝယ်သူများကို အပြည့်အဝ ထိန်းချုပ်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်မွှေးလွင် (မင်းကင်းမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကျန်ရှိသစ်တောဧရိယာနှင့် သစ်အမျိုးအစားကို လက်တွေ့ ကွင်းဆင်းလေ့လာစိစစ်သတ်မှတ်ရန်နှင့် ပတ်သက်၍ လက်တွေ့ကွင်းဆင်းမှု မရှိနိုင်ဘူးဆိုသည့်သဘောကိုတော့ သက်ရောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောနဲ့ပတ်သက်၍ မေးခွန်းများ အကြိမ်ကြိမ် မေးခဲ့သော်လည်း လက်တွေ့မဆန်သော ကိန်းဂဏန်းများကိုသာ ကျွန်မကို ပြန်လည်ဖြေကြား ပေးခဲ့ခြင်းကြောင့် ရှင်းလင်းစွာ ထပ်မံဖြေဆိုပေးလိုပါကြောင်း၊ ကျေးရွာတစ်ရွာကို တစ်ဧကသစ်တော စိုက်ခင်းများ စိုက်ပျိုးဖို့ရာ လမ်းညွှန်သည် ဆိုသော်လည်း တစ်ချို့ကျေးရွာများတွင် ကြားတောင်မကြားဘူးသည့် အခြေအနေအထိ ရှိနေသည့်အတွက် လိုအပ်တယ်ဆိုရင်လည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အစီအစဉ် ဆွဲယူနိုင်ခြင်းမျိုး သိရှိနိုင်ရန်လိုအပ်သည်နှင့် မိမိတို့ခရိုင်တွင် သစ်တော မှောင်ခိုသစ်များဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများ ပါလာသည့်အတွက် မိမိတို့ခရိုင်တွင် ကိန်းဂဏန်းတော်တော်များများ ဖမ်းဆီးမိသည့် အနေအထားရှိလာ သည်ကိုလည်း တင်ပြလိုပါကြောင်း ထပ်မံမေးမြန်းပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး၊ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း

လက်တွေ့မြေပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးတွင် လက်ခံကျင့်သုံးနေသော နည်းများအရ ကောင်းကင်ဓာတ်ပုံများ၊ အဝေးကနေ စူးစမ်းခြင်းစနစ်များမှ ရရှိလာသော Result များနှင့် Assignment မြေပြင်တွင်လည်း နည်းပညာကိုအသုံးပြုပြီး ရရှိလာသော ကိန်းဂဏန်းများနှင့် ကွင်းဆင်းပြီး ၁၀ နှစ်လျှင် ၁ ကြိမ် ဆင်းပြီး Assignment လုပ်ပါကြောင်း၊ လုပ်ပြီးတော့ ခုနကပြောသလိုပဲ ထို့ကြောင့် တင်ပြပါကိန်းဂဏန်းများသည် လက်ရှိကျင့်သုံးထားသော စနစ်အရ မှန်ကန်တိကျပြီး အနီးစပ်ဆုံးဖြစ်သည့် ကိန်းဂဏန်းတွေဖြစ်ကြောင်း၊ အခိုင်အမာရပ်တည်ပြီး ပြန်လည်ဖြေကြားလိုပါကြောင်း၊ သစ်တောစိုက်ခင်းများနှင့် ကျေးလက်အိမ်ရာစီမံကိန်းဟုခေါ်သော တစ်ရွာလျှင်တစ်ဧက၊ အိမ်ထောင်တစ်အိမ်ထောင်လျှင် ကျွန်းသုံးပင်၊ သစ်မာအပင် ၂၀ စိုက်ပျိုးခြင်းကို ကျေးလက်ဒေသအိမ်ရာစီမံကိန်းဆိုပြီး လုပ်နေပါကြောင်း၊ မူအားဖြင့် ချမှတ်ထားသော်လည်း သစ်တောသယံဇာတကောင်းမွန်သော နေရာများတွင် ဦးစားပေးဆောင်ရွက်ခြင်း မရှိပါတဲ့ ယင်းထက်ပို အရေးကြီးသော လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။