အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီအခြေစိုက် East West Center မှ ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) တွင် နိုင်ငံတကာ သတင်းမီဒီယာတစ်ရပ်ကို လွန်ခဲ့သည့်လက ကျင်းပခဲ့ပါကြောင်း၊ ထိုညီလာခံ မှ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာနေပါက ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ ရမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများအဖွဲ့က သတိပေးပြောကြားခဲ့ပါကြောင်း။
ထို့အတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အလျင်အမြန်လျှော့ချခွင့်ပြုပါက အနာဂတ်ကာလများတွင် ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍမှာ အခက်အခဲပြဿနာများ တွေ့ရလိမ့်မည်ဟုလည်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အစိုးရအဖွဲ့အစည်း (IPCC) က သတိပေးထားပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ပညာရှင်များ၏ စာတမ်းများ၊ သုံးသပ်ချက်များကို ချိတ်ဆက်လေ့လာ၍ (၇) နှစ် (၁) ကြိမ် အစီရင်ခံစာထုတ်ပြန်သော ကမ္ဘာမြေကြီး၏ အခြေအနေအစီရင်ခံစာတင် သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ IPCC အစီရင်ခံစာတွင် အာရှတိုက်နှင့် အာဖရိကတိုက်သည် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှုဒဏ် အများဆုံးခံရမည့့််ဒေသများဖြစ်ကာ မုတ်သုံမိုးရွာသွန်းမှု ပုံစံများလည်း ပျက်ယွင်းသွားနိုင်ပြီး အာဖရိကအရှေ့ပိုင်း၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း ခြောက်သွေ့ဒေသများတွင် သဲကန္တာရဖြစ်ပေါ်မှု ပိုမိုကျယ်ပြန့်လာနိုင် သည်ကို ဖော်ပြထားပါကြောင်း၊ ဟိမဝန္တာဒေသရေခဲညွန့်များ၊ ရေခဲမြစ်များ အရည်ပျော်ကျလာမှုကြောင့် မကြာမီနှစ်များ အတွင်း ရန်စီမြစ်၊ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရ မြစ်ကြီးများ၏ မြစ်ဝှမ်းဒေသများ ရေလွှမ်းမိုးမှုများ မကြာခဏ ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် ထာဝရရေခမ်းခြောက်သွားနိုင်ကြောင်း ပညာရှင်များက သုံးသပ်တင်ပြပါကြောင်း။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း နှစ်စဉ် မုတ်သုံကာလရက်ပေါင်း ၄၀ ခန့် ဆုံးရှုံးနေသောကြောင့် သောက် သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးသွားနိုင်ကြောင်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ အဖွဲ့က သုံးသပ်တင်ပြခဲ့ပါကြောင်း၊ တစ်နှစ်တွင် မိုးရွာရက် ၁၄၅ ရက်မှ ၁၀၅ ရက်ခန့်သာ ကျန်ရှိသောကြောင့် ဖြစ် ပေါ်လာမည့် အကျိုးဆက်များကို မိုးရေကိုအမှီ ပြုနေရသော နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် တောင်သူလယ်သမားများ ခံစားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသဘာဝစွမ်းအင်အသင်း REAM က လည်း လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံရှိ ဆည်ပေါင်း ၁၃၀ ကျော်တွင် ပျမ်းမျှရေဝင်နှုန်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို ဖော်ပြခဲ့ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေဝေရေလဲဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသွားခြင်း များဖြစ်သကဲ့သို့ ရေဝေရေလဲဒေသ သစ်တောပြုန်းတီးမှုများကြောင့်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နေပါကြောင်း။
မြန်မာနိုင်ငံ၏ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်မြောက်ဖျား တောင်တန်းဒေသများနှင့် ရခိုင်ရိုးမ၊ ချင်းတောင်တန်းနှင့် နာဂတောင်တန်းတို့သည် အဓိကရေဝင်ရေလဲဒေသများဖြစ်ပြီး ရွှေ့ပြောင်းသစ်ထုတ်လုပ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ နှစ်စဉ်တိုးတက်နေပြီး ထိုလုပ်ငန်းများကို ရပ်တန့်သွားစေရန် တားဆီးနိုင်ခြင်းမရှိပါက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ အနာဂတ်သည် စိုးရိမ်ဖွယ်အခြေအနေသို့ ဆိုက်ရောက်နိုင်ပါကြောင်း၊ ရာသီဥတုပိုမိုပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုများကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် တိမ်ကောထိခိုက်လာနိုင်သကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသများသည် ကန္တာရအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားရေး မူဝါဒတစ်ရပ် ရေးဆွဲအကောင် အထည်ဖော်နိုင်ခြင်း မပြုနိုင်ပါက မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဆင်းရဲမွဲတေမှုလျော့ပါးရေး လုပ်ငန်းစဉ်များအပေါ်တွင် ထိခိုက်သက်ရောက်မှုများ ကြုံတွေ့လာနိုင်ပါကြောင်း၊ သို့ပါ၍ ရာသီဥတုပြောင်းလဲမှုနှင့် အပူချိန်မြင့်မားလာမှုတို့ကြောင့် ကန္တာရများ ကျယ်ပြန့် လာကာ ရေရှားပါးမှုဒဏ် ကြုံတွေ့လာနိုင်သောကြောင့် ရာသီဥတုဆိုင်ရာ အမျိုးသားရေးမူဝါဒတစ်ရပ် ရေးဆွဲ ကာကွယ်စောင့်ရှောက်နိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) အား ၁၁-၆-၁၉၉၂ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါကြောင်း၊ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်ဖြစ်သော ကျိုတိုနောက်ဆက်တွဲ စာချုပ် (Kyoto Protocol) တွင်လည်း ၁၃-၈-၂၀၀၃ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုး၍ အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း၊ ကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကို မိမိနိုင်ငံအတိုင်းအတာဖြင့် လိုက်နာဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် Asian Least Cost Greenhouse Gas Abatement Strategy (ALGAS) စီမံကိန်းတွင်ပါဝင်ပြီး ပထမဆုံး မှန်လုံအိမ် ဓာတ်ငွေ့စစ်တမ်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း။
ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဆောင်ရွက်ရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အစီရင်ခံစာ (Initial National Communication-INC) ကို ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်သိမ်းရေးအစီအစဉ် (UNEP)၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အပံ့ (GEF) တို့၏ အကူအညီဖြင့် ရေးဆွဲပြုစုခဲ့ပြီး ၂၆-၁၂-၂၀၁၃ ရက်နေ့တွင် ကွန်ဗင်းရှင်း အတွင်းဝန်ရုံးသို့ တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဒုတိယအကြိမ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အစီရင်ခံစာ (Second National Communication) ပြုစုရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) နှင့်ပူးပေါင်း၍ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်ရေးစီမံချက် (National Adaptation Plan Action-NAPA) ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ရေးဆွဲပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း။
ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရေးနှင့် လျော့ပါးရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်သည့် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက် (Myanmar Action Plan for Disaster Risk Reduction-MAPDRR) ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Climate Change-AWGCC) တွင် ဒေသတွင်း နိုင်ငံ များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စင်ကာပူ ကြေညာချက်ကို ၂၁-၁၁-၂၀၀၇ ရက်နေ့တွင်လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲတုန့်ပြန်ရေး အာဆီယံ ကြေညာစာတမ်းကို ၉-၄-၂၀၁၀ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံသည် မူဝါဒဆိုင်ရာဖွံ့ဖြိုးမှုများနှင့် ပြုပြင်ပြောင်းလဲမှု အစီအစဉ်များတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ ထည့်သွင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲ ၂၇ ဦး အဖွဲ့ဝင်အဖြစ် ပါဝင်သော မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Myanmar Climate Change Alliance-MCCA) ကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်အရ ၃၀-၁၀-၂၀၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒပေါ်ပေါက်လာရေး၊ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ (National Climate Change Strategy and Action Plans) ရေးဆွဲရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာယူနစ် (Climate Change Core Unit) ဖွဲ့စည်းရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရာသီဥတုဆိုင်ရာအမျိုးသားရေးမူဝါဒ ရေးဆွဲချမှတ် ဆောင်ရွက်ရန်နှင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ် ငန်းစီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှားပါးမှုဒဏ်ကိုခံနိုင်ရန်နှင့် ရေအပြည့်အဝရရှိရန်အတွက် မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးလက်ဒေသ ရေပေးဝေရေးလုပ်ငန်းများကို ကျေးရွာပေါင်း ၆၄၉၁၇ ရွာအနက် စတင်ဆောင်ရွက်သည့် ၂၀၀၀-၁၁ မှ ၂၀၁၃-၁၄ ခုနှစ်တွင် ရွာပေါင်း ၃၂၅၆၂ ရွာအား ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန် ၃၂၃၅၅ ရွာကို ၂၀၁၄-၁၅ ခုနှစ်တွင် ၃၃၇၁ ရွာ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၁၂၂၀ ရွာကို ပထမ (၅) နှစ် စီမံကိန်းကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဒုတိယ (၅) နှစ်တာစီမံကိန်းတွင် ၅၉၅၈ ရွာ၊ တတိယ (၅) နှစ်စီမံကိန်းတွင် ၅၉၈၉ရွာ၊ စတုတ္ထ (၅) နှစ်စီမံကိန်းကာလတွင် ၅၉၈၀ ရွာကို ဆောင်ရွက်ပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုအား လိုက်လျောညီထွေပြုမူဆောင်ရွက်နိုင်ရန် စီမံချက်အား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) တို့သည် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး၊ စီမံချက်ကို ၂၀၁၁ ခုနှစ် မတ်လမှစတင်၍ စိုက်ပျိုးရေး၊ သစ်တော၊ ကျန်းမာရေး၊ ရေအရင်းအမြစ်၊ စွမ်းအင်နှင့် စက်မှုစသည့် ကဏ္ဍအသီးသီးမှ ပညာရှင်များနှင့် ပူပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တါင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ စီမံချက်များ၏ ဦးစားပေးကဏ္ဍများမှာ ပထမဦးစားပေး အနေဖြင့် စိုက်ပျိုးရေး၊ ကြိုတင်သတိပေးချက်စနစ်နှင့် သစ်တောရေးရာကဏ္ဍ၊ ဒုတိယ ဦးစားပေးကဏ္ဍမှာ ပြည်သူ့ကျန်းမာရေးနှင့် ရေအရင်းအမြစ်ကဏ္ဍ၊ တတိယ ဦးစားပေးမှာ ကမ်းရိုးတန်းဒေသများ၊ စတုတ္ထဦးစားပေးတွင် စွမ်းအင်၊ စက်မှုနှင့် ဇီဝမျိုးစုံ/မျိုးကွဲ ကဏ္ဍများ ဖြစ်ပါကြောင်း၊ ဦးစားပေးမှုအစီအစဉ်ကို လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက်အစုအဖွဲ့၊ ဝန်ကြီးဌာနအသီးသီးမှ ကျွမ်းကျင်သူပညာရှင်များ၊ ပြည်သူလူထု၏အမြင်များ ထည့်သွင်းရေးဆွဲပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက်များရေးဆွဲ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာယူနစ် ဖွဲ့စည်းရေးတို့ ကို ဆောင်ရွက်နေပြီပါဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
